“ငါဘယ်ကအချိန်ရနိုင်မလဲ”
၁ ကျွန်ုပ်တို့အများစု ထိုသို့ညည်းညူကြ၏၊ အကြောင်းမှာ ကျွန်ုပ်တို့၏အသက်တာသည် လုပ်ဆောင်မှုများဖြင့် ပြည့်နှက်နေသောကြောင့်ဖြစ်၏။ အချိန်သည် ကျွန်ုပ်တို့ပိုင်ဆိုင်ရာများတွင် တန်ဖိုးအရှိဆုံးနှင့် မမြဲဆုံးအရာဖြစ်၏ဟုဆိုကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရှုလေ့လာခြင်းကဲ့သို့သော အမှန်အရေးကြီးရာများအတွက် အချိန်ကို မည်သည့်နေရာတွင်ရနိုင်သနည်း။—ဖိ. ၁:၁၀၊ ကဘ။
၂ သော့ချက်မှာ နောက်ထပ်အချိန်ရဖို့ရှာခြင်းမဟုတ်ဘဲ ရှိထားသည့်အချိန်တွင် ကျွန်ုပ်တို့လုပ်လိုရာများကို ဆုံးဖြတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံး၌ တစ်ပတ်လျှင် ၁၆၈ နာရီရှိကြပြီး ၎င်းတို့အနက် ၁၀၀ ခန့်ကို အိပ်စက်ခြင်းနှင့် အလုပ်လုပ်ခြင်းတွင် အသုံးပြုကြပေမည်။ ထို့ကြောင့် အကျိုးအရှိဆုံးနည်းဖြင့် ကျန်ရှိသောနာရီများကို မည်သို့အသုံးပြုနိုင်သနည်း။ ဧဖက် ၅:၁၅-၁၇ က “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း . . . ကာလအချိန်ကိုရွေးနုတ် [“ဝယ်ယူ၊” ကဘ] [၍] သခင်ဘုရား [“ယေဟောဝါ၊” ကဘ] ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိသောသူဖြစ်ကြ” ရန်အကြံပြုသည်။ ယင်းက မရှိမဖြစ်လိုအပ်သည်ဟု ယေဟောဝါပြောသောအရာများကို လုပ်ဆောင်ရန် အခွင့်အရေးရသမျှ အပြည့်အဝအသုံးချဖို့လိုကြောင်း ဖော်ပြသည်။
၃ ယေရှုက ကျွန်ုပ်တို့ခေတ်ကို နောဧခေတ်နှင့်နှိုင်းယှဉ်ခဲ့သည်။ (လု. ၁၇:၂၆၊ ၂၇) ထိုအချိန်ကလူတို့သည် အသက်တာ၏နေ့စဉ်အရေးကိစ္စများနှင့် အလုပ်များနေကြသည်။ သို့သော် နောဧသည် ဧရာမသင်္ဘောတစ်စင်းတည်ဆောက်ရန်နှင့် ဟောပြောရန် အချိန်ရရှိခဲ့သည်။ (ဟေဗြဲ ၁၁:၇; ၂ ပေ. ၂:၅) မည်သို့ရရှိခဲ့သနည်း။ “မှာထားတော်မူ” သောအရာတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင့်အလိုတော်ကို ရှေးဦးထားကာ ကိုယ်တော့်ကိုနာခံမှုပြခြင်းအားဖြင့်ဖြစ်သည်။—က. ၆:၂၂။
၄ ဦးစားထားသင့်ရာကား အဘယ်နည်း။ ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟုမိန့်ဆိုခဲ့သည်။ (မ. ၄:၄) အပတ်တိုင်း “အချိန်တန်လျှင် [ဝိညာဏ] အစားအသောက်တို့” ကိုကျွန်ုပ်တို့ရရှိကြသည်။ (လု. ၁၂:၄၂) ကျွန်ုပ်တို့အမှန်တကယ်အကျိုးခံစားလိုလျှင် ယင်းတို့အားလုံးကိုကြေညက်စေရန် မှန်မှန်ကိုယ်ပိုင်ဖတ်ရှုလေ့လာမှုဇယားတစ်ခုရှိဖို့လိုသည်။ ဝိညာဏအစာအတွက် ကျေးဇူးတင်စိတ်ကြောင့် ကျွန်ုပ်တို့သည် ယင်းကို အမြန်ရအစာကဲ့သို့ သဘောမထားကြပါ၊ ကာယအစာကို အပြေးအလွှားစားသုံးသကဲ့သို့ ယင်းကိုအလျင်စလိုမစားသုံးကြပါ။ ယင်းအစား လျော်ကန်သည့်ကျေးဇူးတင်စိတ်က လေ့လာဖို့အချိန်ယူရန်နှင့် ဝိညာဉ်ရေးရာများ၌ပျော်မွေ့ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။
၅ ဝိညာဏအစာမှီဝဲခြင်းသည် ထာဝရအသက်ရစေနိုင်သည်။ (ယော. ၁၇:၃) ယင်းသည် ကျွန်ုပ်တို့၏နေ့စဉ်ဇယားတွင် အဓိကကဏ္ဍဖြစ်ထိုက်သည်။ နေ့စဉ်ကျမ်းစာဖတ်ရှုရန်နှင့် ခရစ်ယာန်စည်းဝေးများအတွက်ပြင်ဆင်ရန် ကျွန်ုပ်တို့အချိန်ရနိုင်မည်လော။ ရနိုင်ပါသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ဘုရားသခင့်အလိုတော်ကို သိရှိထမ်းဆောင်ခြင်းမှရရှိသည့် “ကြီးမားသောဆုကျေးဇူး” ကိုရရှိကြမည်ဖြစ်သည်။—ဆာ. ၁၉:၇-၁၁၊ ကဘ။