ဘုရားသခင့်ကရုဏာတော်အတွက် ကျေးဇူးတင်ခြင်း
၁ ခရစ်ယာန်တစ်ဦးမဖြစ်လာမီ တမန်တော်ပေါလုသည် ခရစ်ယာန်ဘာသာပျံ့နှံ့မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ သို့သော် သူသည် မသိနားမလည်၍ ပြုမူခဲ့ခြင်းကြောင့် ကရုဏာပြခံခဲ့ရသည်။ ယေဟောဝါသည် မခံစားထိုက်သောကရုဏာတော်ကို ပြသကာ ပေါလုအား ဟောပြောရန် တာဝန်တစ်ခုအပ်နှင်းခဲ့သည်။ ထိုတာဝန်ကို သူတန်ဖိုးထားခဲ့သည်။ (တ. ၂၆:၉-၁၈; ၁ တိ. ၁:၁၂-၁၄) ယေဟောဝါ၏ကရုဏာတော်အတွက် ကျေးဇူးတင်စိတ်က ဓမ္မအမှုကိုပြီးမြောက်အောင်ထမ်းဆောင်ရာတွင် မိမိကိုယ်ကိုအသုံးတော်ခံရန် ပေါလုအား လှုံ့ဆော်ပေးခဲ့သည်။—၂ ကော. ၁၂:၁၅။
၂ ဘုရားသခင်၏ကရုဏာတော်ကြောင့် ကျွန်ုပ်တို့လည်း ဓမ္မအမှုတစ်ခုကို ပေးအပ်ခံခဲ့ကြရသည်။ (၂ ကော. ၄:၁) ပေါလုနည်းတူ ကျွန်ုပ်တို့သည် အခြားသူတို့အား ဝိညာဉ်ရေးတိုးတက်လာရန် လုံ့လစိုက်ထုတ်ကူညီပေးခြင်းဖြင့် ကျွန်ုပ်တို့ကိုပြသသည့် ကရုဏာတော်အတွက် ကျေးဇူးတင်ကြောင်း တင်ပြနိုင်သည်။ ယင်းကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့် နည်းတစ်နည်းမှာ ကျမ်းစာသင်အံမှုများ စတင်ကျင်းပခြင်းဖြင့်ဖြစ်၏။
၃ ကျမ်းစာသင်အံမှုများစတင်ခြင်း– ကျမ်းစာသင်အံမှုများစတင်ရန် နည်းတစ်နည်းမှာ မဂ္ဂဇင်းလမ်းကြောင်းတစ်ခု ချထားခြင်းဖြင့်ဖြစ်၏။ ကျွန်ုပ်တို့သည် မိမိတို့၏လမ်းကြောင်းများထံ မှန်မှန်လည်ပတ်စဉ် သူတို့၏စိုးရိမ်ပူပန်မှုများကို ပိုမိုသိရှိလာကြသည်။ အချိန်တန်သော် မဂ္ဂဇင်းတစ်စောင်ပါ ဆောင်းပါးတစ်ခုက တောင်းဆို ဘရိုရှာဖြင့် ကျမ်းစာသင်အံမှုတစ်ခုကို အစပျိုးရန် တွန်းအားပေးနိုင်သည်။ နောက်ပိုင်းလည်ပတ်မှုများတွင် အိမ်ရှင်အား မဂ္ဂဇင်းများဝေငှစဉ် တောင်းဆို ဘရိုရှာဖြင့် ဆက်ဆွေးနွေးနိုင်သည်။
၄ ဆုတောင်းကြိုးစားရန်လိုအပ်– ဝီရိယရှိရှိကြိုးစားမှုနှင့်ဒွန်တွဲနေသည့် ဆုတောင်းခြင်းက ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို တိုးတက်စေပါမည်။ ကျမ်းစာသင်အံမှုတစ်ခုရှိထားသော ရှေ့ဆောင်ညီအစ်မတစ်ဦးသည် နောက်ထပ်သင်အံမှုများရရှိရန် ယေဟောဝါကောင်းချီးပေးဖို့ ဆုတောင်းခဲ့သည်။ သူသည် ဆုတောင်းချက်များနှင့်အညီ လုပ်ဆောင်ခဲ့သည်။ သူသည် မိမိ၏ဓမ္မအမှုကိုဆန်းစစ်မှုပြုရာ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ကျမ်းစာသင်အံမှုများ မကမ်းလှမ်းခဲ့ကြောင်း သတိပြုမိသည်။ ထိုအတိုင်း သူစတင်လုပ်ဆောင်ခဲ့ရာ မကြာမီတွင် နောက်ထပ်သင်အံမှုနှစ်ခု ရရှိခဲ့သည်။
၅ “ဘုရားသခင်၏မခံစားထိုက်သော ကရုဏာတော်နှင့်ယှဉ်သည့် သတင်းကောင်း” ကိုကြားသိစေရာတွင် ပါဝင်ရခြင်းသည် မည်မျှအခွင့်ထူးပါတကား! (တ. ၂၀:၂၄၊ ကဘ) ဘုရားသခင့်ကရုဏာတော်အတွက် ကျေးဇူးတင်စိတ်က ယေဟောဝါ၏ မခံစားထိုက်သောကရုဏာတော်မှ အကျိုးခံစားရရန် အခြားသူများအားကူညီရာတွင် ဝီရိယရှိကြဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးနိုင်ပါစေ။