‘ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့’
၁။ မည်သည့်အရာက ယေဟောဝါ၏ကျေးကျွန်များအတွက် ကြီးမားသောရွှင်လန်းမှုရင်းမြစ် ဖြစ်နိုင်သနည်း။
၁ တမန်တော်ပေါလုက “သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့” ဟုရေးသားခဲ့သည်။ (ဖိ. ၄:၄) သတင်းကောင်းဝေမျှခွင့်ရခြင်းနှင့် ယေဟောဝါအားဝတ်ပြုရန် သိုးကဲ့သို့သောသူများကို ကူညီပေးခွင့်ရခြင်းတို့သည် ကြီးမားသောရွှင်လန်းမှုရင်းမြစ်ဖြစ်၏။ (လု. ၁၀:၁၇; တ. ၁၅:၃; ၁ သက်. ၂:၁၉) သို့သော် ရံဖန်ရံခါ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ရွှင်လန်းမှုကင်းမဲ့နေကြောင်း တွေ့ရမည်ဆိုလျှင် ကျွန်ုပ်တို့ ဘာလုပ်နိုင်သနည်း။
၂။ ကျွန်ုပ်တို့တာဝန်၏ရင်းမြစ်အပေါ် အာရုံစိုက်နေခြင်းက ကျွန်ုပ်တို့ကို မည်သို့ရွှင်လန်းမှုဖြစ်စေနိုင်သနည်း။
၂ ဘုရားပေးလုပ်ငန်းတစ်ခု– ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်သည် ယေဟောဝါထံမှလာကြောင်း သတိရပါ။ မှန်ပါသည်၊ နိုင်ငံတော်သတင်းကြွေးကြော်ခြင်းနှင့် တပည့်ဖြစ်စေခြင်းတွင် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ” ဖြစ်ရခြင်းသည် အခွင့်ထူးပါတကား! (၁ ကော. ၃:၉၊ ကဘ) ယေရှုခရစ်သည် နောက်တစ်ဖန် ဘယ်တော့မျှ လုပ်ရတော့မည်မဟုတ်သည့် ဤလုပ်ငန်းတွင် ကျွန်ုပ်တို့နှင့်အတူရှိ၏။ (မ. ၂၈:၁၈-၂၀) ကောင်းကင်တမန်များလည်း ယခုလုပ်ဆောင်နေသော ကြီးမားသည့် ဝိညာဏရိတ်သိမ်းခြင်းတွင် ကျွန်ုပ်တို့နှင့်အတူ တက်ကြွစွာပါဝင် လုပ်ဆောင်ကြသည်။ (တ. ၈:၂၆; ဗျာ. ၁၄:၆) ဘုရားသခင့်လူမျိုးတော်၏ တွေ့ကြုံမှုများနှင့်အတူ သမ္မာကျမ်းစာက ဤလုပ်ငန်းကို ယေဟောဝါ ထောက်မကူညီနေကြောင်း မမှားနိုင်သောသာဓကကိုပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဟောပြောကြသောအခါ “ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ [“ဘုရားသခင်ထံတော်မှ စေလွှတ်ခံရသူများအဖြစ်၊” ကဘ] ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကိုဟောပြောကြ၏။” (၂ ကော. ၂:၁၇) ရွှင်လန်းစရာ အကြောင်းကောင်းတစ်ရပ်ပါတကား!
၃။ ဘုရားသခင်၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကိုထိန်းသိမ်းရာ၌ ဆုတောင်းခြင်းသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။
၃ ဆုတောင်းခြင်းသည် ဘုရားသခင့်လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သည်။ (ဂလ. ၅:၂၂) ကျွန်ုပ်တို့သည် ဘုရားသခင့်လုပ်ငန်းကို ကိုယ်တော့်အစွမ်းခွန်အားဖြင့်သာ လုပ်နိုင်ကြသောကြောင့် တောင်းဆိုသူများအား ရက်ရောစွာပေးသော ကိုယ်တော့်ဝိညာဉ်တော်ကို တောင်းခံဖို့လိုသည်။ (လု. ၁၁:၁၃; ၂ ကော. ၄:၁၊ ၇; ဧ. ၆:၁၈-၂၀) ကျွန်ုပ်တို့၏ဓမ္မအမှုအတွက် ဆုတောင်းခြင်းက မနှစ်မြို့ဖွယ်တုံ့ပြန်မှုများကြုံရသည့်အခါ အမြင်မှန်ဆက်ရှိနေရန် ကျွန်ုပ်တို့ကို ကူညီပေးမည်။ ယင်းက ရဲရင့်စွာနှင့် ရွှင်လန်းစွာ ဆက်ဟောပြောနေရန် ထောက်ကူပေးမည်။—တ. ၄:၂၉-၃၁; ၅:၄၀-၄၂; ၁၃:၅၀-၅၂။
၄။ ကောင်းစွာပြင်ဆင်ခြင်းက ဟောပြောခြင်းတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို တိုးပွားစေရန် မည်သို့ကူညီပေးသနည်း၊ ကျွန်ုပ်တို့ပြင်ဆင်နိုင်သည့် လက်တွေ့ကျနည်းလမ်းအချို့ကား အဘယ်နည်း။
၄ ကောင်းစွာပြင်ဆင်ပါ– ဓမ္မအမှုတွင်ပါဝင်သောအခါ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို တိုးပွားစေရန် လက်တွေ့ကျသောနည်းလမ်းတစ်ခုမှာ ကောင်းစွာပြင်ဆင်ခြင်းဖြစ်သည်။ (၁ ပေ. ၃:၁၅) ထိုသို့ပြင်ဆင်ရန် အချိန်များစွာမလိုပေ။ နောက်ဆုံးထုတ် မဂ္ဂဇင်းများအတွက် အကြံပြုထားသည့်တင်ဆက်မှုများ သို့မဟုတ် သင်ဝေငှရန် စီစဉ်ထားသောစာပေနှင့်သင့်လျော်သည့် တင်ဆက်မှုတစ်ခုကို သုံးသပ်ရန် မိနစ်အနည်းငယ်သာလိုသည်။ သင့်လျော်သောနိဒါန်းတစ်ခုအတွက် ကျိုးကြောင်းဆင်ခြင် စာအုပ် သို့မဟုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၏ ယခင်လထုတ်များကို သုံးသပ်နိုင်သည်။ မှတ်စုစာရွက်ငယ်တစ်ခုပေါ်တွင် တိုတုတ်သည့်တင်ဆက်နည်းတစ်ခုကို ရေးမှတ်ထားခြင်းက အကူအညီဖြစ်စေကြောင်း နိုင်ငံတော်ကြေညာသူအချို့ တွေ့ရှိကြသည်။ အခါအားလျော်စွာ သူတို့သည် ပြန်မှတ်မိရန် မှတ်စုစာရွက်ငယ်ပေါ်တွင် ရေးမှတ်ထားရာကို တစ်ခဏမျှပြန်သုံးသပ်ကြသည်။ ယင်းက ကြောက်ရွံ့စိတ်ကိုအောင်မြင်ရန် သူတို့ကိုကူညီပေးကာ ရဲရင့်စွာဟောပြောရန် ယုံကြည်စိတ်ချမှုရှိစေသည်။
၅။ ရွှင်လန်းမှုသည် ကျွန်ုပ်တို့နှင့် အခြားသူတို့ကို မည်သို့အကျိုးပြုသနည်း။
၅ ရွှင်လန်းမှုသည် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေ၏။ ရွှင်လန်းသောသဘောထားရှိခြင်းက ကျွန်ုပ်တို့၏သတင်းတရားကို ဆွဲဆောင်မှုပိုရှိစေသည်။ ရွှင်လန်းမှုသည် ခံနိုင်ရည်ရှိရန် ခွန်အားပေး၏။ (နေ. ၈:၁၀; ဟေဗြဲ ၁၂:၂) ထို့ထက်ကား ကျွန်ုပ်တို့၏ ရွှင်လန်းစွာအမှုဆောင်ခြင်းက ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေသည်။ ထို့ကြောင့် ‘ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြ’ စို့။—ဆာ. ၁၀၀:၂။