မေးခွန်းသေတ္တာ
◼ အသင်းတော်အစည်းအဝေးများကို အချိန်အတိအကျပြီးရန် မည်သို့သေချာစေနိုင်သနည်း။
ကျွန်ုပ်တို့သည် မိတ်ဆွေများကို အားရှိစရာတစ်ခုခုဝေမျှနေသောအခါ အချိန်ကုန်မြန်၏။ ယင်းကြောင့် သတ်မှတ်ထားချိန်အတွင်း အစည်းအဝေးအပိုင်းများကို ကိုင်တွယ်ရန် ခဲယဉ်းနိုင်သည်။ အဘယ်အရာက ကူညီပေးနိုင်သနည်း။
အချိန်အတိအကျစပါ။ အသင်းတော်တစ်ခုလုံး စုဝေးကြသောအခါ အစည်းအဝေးကို သတ်မှတ်ထားချိန်တွင် စနစ်တကျစတင်နိုင်ရန် မိမိတို့၏ထိုင်ခုံများတွင် တစ်မိနစ်နှစ်မိနှစ် ကြိုတင်ထိုင်နေကြရန် ပရိသတ်အား ဖိတ်ခေါ်ခြင်းသည် အကူအညီဖြစ်ပေမည်။ (ဒေ. ၃:၁) နောက်ကျရောက်လာမည့်သူများအား စောင့်ပေးခြင်းဖြင့် လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများကဲ့သို့သော အုပ်စုငယ်များပါဝင်သည့် အစည်းအဝေးများကို နောက်မကျစေသင့်ချေ။
စေ့စေ့စပ်စပ်ပြင်ဆင်ပါ။ အချိန်အတိအကျပြီးရန်သော့ချက်မှာ ကြိုတင်ပြင်ဆင်မှုဖြစ်၏။ တာဝန်၏ရည်ရွယ်ချက်ကို ရှင်းလင်းစွာစွဲမှတ်ထားပါ။ အဓိကအချက်များကို ရွေးထုတ်ကာ ယင်းတို့ကို ပေါ်လွင်စေပါ။ အချက်ငယ်များ အသေးစိတ်ဖော်ပြခြင်းဖြင့် လမ်းကြောင်းမပြောင်းသွားစေပါနှင့်။ ရိုးရိုးကလေးတင်ဆက်ပါ။ သရုပ်ပြခန်းများ သို့မဟုတ် လူတွေ့မေးမြန်းခန်းများပါလျှင် ယင်းတို့ကို ကြိုတင်ဇာတ်တိုက်ထားပါ။ အတတ်နိုင်ဆုံး သင်၏အပိုင်းကို အသံကျယ်ကျယ်ဖြင့်လေ့ကျင့်နေစဉ် အချိန်ကိုက်၊ မကိုက်စစ်ဆေးပါ။
သင်၏အကြောင်းအရာကို ခန့်ခွဲပါ။ သင်၏တာဝန်သည် ဟောပြောချက်ဖြစ်စေ၊ ပရိသတ်နှင့်ဆွေးနွေးခန်းဖြစ်စေ အကြောင်းအရာကို အပိုင်းများအဖြစ်ခန့်ခွဲထားခြင်းသည် အထောက်အကူပြုကြောင်းတွေ့ရပေမည်။ အပိုင်းတစ်ခုစီတွင် အချိန်မည်မျှအသုံးပြုမည်ကို ဆုံးဖြတ်ပါ၊ ယင်းကို သင့်မှတ်စုများ၏ အနားသတ်ကွက်လပ်တွင် မှတ်သားဖော်ပြပါ။ ထို့နောက် တင်ဆက်နေစဉ်တွင် သင်၏အချိန်ကို ကြပ်မတ်ပေးပါ။ ပရိသတ်နှင့်ဆွေးနွေးရာတွင် နောက်ပိုင်းပေါ်လာသည့် ပို၍အရေးကြီးသောအကြောင်းအရာကို ကတိုက်ကရိုက်မဆွေးနွေးရစေရန် နိဒါန်းပိုင်းတွင် မှတ်ချက်များစွာပေး၍သုံးသပ်ခြင်းကို ရှောင်ပါ။ ကင်းမျှော်စင်သင်တန်းမှူးများသည် အဆုံးတွင်ပါသည့် သွန်သင်ခြင်းလေးထောင့်ကွက်ကို သုံးသပ်ဖို့ အချိန်အလုံအလောက် ရှိသင့်သည်။ သူတို့သည် နိဂုံးချုပ်သီချင်းနှင့် ဆုတောင်းချက်အတွက် သတ်မှတ်ထားသောအချိန်ကို မထိရန်လည်း ဂရုပြုသင့်၏။
အချိန်အတိအကျနိဂုံးချုပ်ပါ။ အစည်းအဝေးတစ်ခုတွင် လုပ်ငန်းတော်စည်းဝေးကဲ့သို့ အပိုင်းများစွာပါဝင်လျှင် ဟောပြောသူတစ်ဦးစီသည် မိမိ၏အပိုင်းကို စတင်ရန်အချိန်နှင့် ပြီးဆုံးရန်အချိန်ကို သိရှိထားသင့်၏။ အစည်းအဝေးသည် သတ်မှတ်ချိန်ကျော်နေလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။ ညီအစ်ကိုတစ်ဦး သို့မဟုတ် ထိုထက်မကသောညီအစ်ကိုများသည် အဓိကအချက်များကို အာရုံစိုက်စေကာ အသေးစိတ်အချက်အချို့ကို ချန်လှပ်ထားခြင်းဖြင့် အချိန်ကိုက်ဖြစ်စေနိုင်သည်။ ယင်းကိုလုပ်ဆောင်နိုင်သည့် စွမ်းရည်သည် ကျွမ်းကျင်သောသွန်သင်သူတစ်ဦး၏ အမှတ်အသားတစ်ခုဖြစ်သည်။
ပရိသတ်အနေနှင့် ကျွန်ုပ်တို့သည် မိမိတို့၏အဖြေများကို တိုတိုတုတ်တုတ်နှင့် လိုရင်းရောက်စေခြင်းဖြင့် ကိုင်တွယ်သောညီအစ်ကိုများအားကူညီပေးနိုင်သည်။ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် အစည်းအဝေးများကို “တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း” ဖြစ်စေရန် ကူညီနိုင်ကြပါသည်။—၁ ကော. ၁၄:၄၀။