သင်၏အချိန်အသုံးပြုပုံကို စေ့စေ့သတိပြုလော့
၁။ ယခုခေတ် နေရာတိုင်းရှိလူတို့သည် အဘယ်အခက်အခဲကို ရင်ဆိုင်ကြရသနည်း။
၁ အချိန်နှင့်လုပ်အားသက်သာစေသော ကိရိယာများရှိသည့် ဤခေတ်၌ လူအများတွင် နောက်ထပ်လုပ်စရာ များစွာရှိကာ ယင်းတို့ကိုလုပ်ဆောင်ရန် အချိန်အနည်းငယ်သာရှိပုံပေါက်သည်။ ဝိညာဉ်ရေးလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကို ထိန်းသိမ်းထားရန် သင်အခက်တွေ့သလော။ သင်သည် ဓမ္မအမှုအတွက် အချိန်ပိုမိုရရှိလိုသလော။ ကျွန်ုပ်တို့၏အချိန်ကို အထိရောက်ဆုံးနည်းဖြင့် မည်သို့အသုံးပြုနိုင်သနည်း။—ဆာ. ၉၀:၁၂; ဖိ. ၁:၉-၁၁။
၂၊ ၃။ သတင်းနည်းပညာက အဘယ်အခက်အခဲ ပေါ်ပေါက်စေသနည်း၊ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိကိုယ်ကိုဆန်းစစ်မှု မည်သို့ပြုလုပ်နိုင်သနည်း။
၂ အချိန်ဖြုန်းသည့်အရာများကို ခွဲခြားသိမြင်ပါ– ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏အချိန်အသုံးပြုပုံကို အခါအားလျော်စွာ ဆန်းစစ်သင့်၏။ သမ္မာကျမ်းစာက ဤသို့တိုက်တွန်းသည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ [“အခွင့်သာသော၊” ကဘ] အချိန်ကို ရွေးနုတ်ကြလော့။” (ဧ. ၅:၁၅၊ ၁၆) သတင်းနည်းပညာတိုးတက်မှုများကြောင့် ပေါ်ပေါက်ခဲ့သည့် ပြဿနာများကို သုံးသပ်ကြည့်ပါ။ ကွန်ပျူတာနှင့် အခြားအီလက်ထရွန်နစ်ကိရိယာများကို အသုံးပြုရာတွင် ကျိုးကြောင်းခိုင်လုံသော်လည်း ကျွန်ုပ်တို့၏အချိန်အသုံးပြုပုံကို စေ့စေ့သတိမပြုလျှင် ယင်းတို့သည် ထောင်ချောက်တစ်ခုဖြစ်လာနိုင်၏။—၁ ကော. ၇:၂၉၊ ၃၁။
၃ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိကိုယ်ကို ဤသို့မေးသင့်၏– ‘ကျွန်ုပ်သည် အနှောင့်အယှက်တစ်ခုသက်သက်မျှသာဖြစ်သော အီး-မေးလ်သတင်းများဖတ်ရှုခြင်း သို့မဟုတ် ဖြေကြားခြင်းအတွက် နေ့စဉ်အချိန်ကို အသုံးပြုသလော။ အသေးအဖွဲကိစ္စများအကြောင်း မကြာခဏဖုန်းဆက် သို့မဟုတ် အီး-မေးလ်ပို့လေ့ရှိသလော။ (၁ တိ. ၅:၁၃) ရည်ရွယ်ချက်တစ်ခုခုမရှိဘဲ အင်တာနက်ကို ကြည့်ရှုလေ့လာသလော သို့မဟုတ် ရုပ်မြင်သံကြားကြည့်သည့်အခါ ဦးတည်ချက်မရှိဘဲ လိုင်းတစ်ခုမှတစ်ခုသို့ ပြောင်းသလော။ အီလက်ထရွန်နစ်ဂိမ်းများတွင် အာရုံဝင်စားနေခြင်းက ကျွန်ုပ်၏ ဘုရားသခင့်နှုတ်ကပါဌ်တော်လေ့လာချိန်ကို ထိခိုက်စေသလော။’ ထိုသို့သော လေ့လာလိုက်စားမှုများက ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ထိခိုက်စေနိုင်သည်။—သု. ၁၂:၁၁။
၄။ လူငယ်တစ်ဦး အဘယ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၄ အချိန်ကိုပညာရှိရှိအသုံးပြုခြင်း– အီလက်ထရွန်နစ်ကိရိယာများသည် ကျွန်ုပ်တို့၏အချိန်နှင့် အာရုံနှစ်ခုစလုံးကို ဖမ်းစားလေ့ရှိ၏။ ကွန်ပျူတာဂိမ်းများကို အလွန်အကျွံအာရုံဝင်စားခဲ့သည့် လူငယ်တစ်ဦးက ဤသို့ဝန်ခံ၏– “တစ်ခါတလေ အမှုဆောင်မထွက်ခင် ဒါမှမဟုတ် ခရစ်ယာန်အစည်းအဝေးတစ်ခုမသွားခင် ကစားလိုက်တဲ့အခါ အာရုံစိုက်ဖို့ အလွန်ခက်တာကို တွေ့ရတယ်။ အိမ်ပြန်ရောက်တဲ့အခါ ကစားတဲ့ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အမြဲစဉ်းစားတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လေ့လာမှုနဲ့ ပုံမှန်ကျမ်းစာဖတ်ရှုခြင်းကို အကြီးအကျယ်ထိခိုက်လာတယ်။ ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ကျွန်တော့်ရဲ့ရွှင်လန်းမှုဟာ စတင်လျော့နည်းလာခဲ့တယ်။” သူသည် ပြောင်းလဲမှုများ ပြုလုပ်ဖို့လိုကြောင်း အသိအမှတ်ပြုကာ ကွန်ပျူတာဂိမ်းများအားလုံးကို ဖျက်ဆီးပစ်သည်။ “အဲလိုလုပ်ဖို့ တကယ်ခက်တယ်။ ကျွန်တော်ဟာ ထင်တာထက် ဂိမ်းတွေကို ပိုပြီးစွဲလမ်းခဲ့တယ်။ ဒါပေမဲ့ အောင်မြင်မှုနဲ့ဆက်နွှယ်တဲ့ ကြီးမားတဲ့ပျော်ရွှင်မှုကိုလည်း ခံစားခဲ့ရတယ်၊ အကြောင်းကတော့ ဒီလိုလုပ်တာဟာ ကျွန်တော့်ကောင်းကျိုးအတွက်ပဲဆိုတာ သိခဲ့ရလို့ပါပဲ” ဟုထိုလူငယ်က ပြန်ပြောပြ၏။—မ. ၅:၂၉၊ ၃၀။
၅။ ဝိညာဏရေးရာများအတွက် မည်သို့အချိန်ဝယ်ယူနိုင်သနည်း၊ ထိုသို့ပြုခြင်းမှ မည်သို့အကျိုးကျေးဇူးခံစားရသနည်း။
၅ သင်သည် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ဖို့ လိုအပ်သောကဏ္ဍများရှိလျှင် ထိုသို့လုပ်ဆောင်ရန် လိုအပ်ပေမည်။ မလိုအပ်သောလုပ်ဆောင်မှုများမှ နေ့စဉ်နာရီဝက် အချိန်ဝယ်ယူနိုင်မည်လော။ တစ်နှစ်အတွင်း ကျမ်းစာတစ်အုပ်လုံးဖတ်ပြီးရန် လိုအပ်မည့်အချိန်မှာ ထိုမျှလောက်သာဖြစ်၏။ ယင်းက ဝိညာဏအကျိုးကျေးဇူး များစွာရရှိစေမည်တကား! (ဆာ. ၁၉:၇-၁၁; ၁၁၉:၉၇-၁၀၀) ကျမ်းစာဖတ်ရှုခြင်း၊ အစည်းအဝေးအတွက် ပြင်ဆင်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုအတွက် အချိန်များကို အတိအကျသတ်မှတ်ပါ။ (၁ ကော. ၁၅:၅၈) ထိုသို့ပြုခြင်းက အချိန်ဖြုန်းသည့်အရာများကို ထိန်းချုပ်ရန်နှင့် ‘ယေဟောဝါ၏အလိုတော်ရှိရာကို ပိုင်းခြား၍သိ’ ရှိရန် သင့်အား အထောက်အကူပြုမည်ဖြစ်သည်။—ဧ. ၅:၁၇။