ယေဟောဝါထံချဉ်းကပ်လော့ကိုလေ့လာခြင်းမှ အကျိုးရယူပါ
၁ “ထက်သန်သောနိုင်ငံတော်ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးတွင် ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကိုရရှိ၍ ကျွန်ုပ်တို့ပီတိဖြစ်ခဲ့ကြသည်။ လူအများသည် စာအုပ်ကို ချက်ချင်းဖတ်ရှုခဲ့ကြသည်။ နောက်ထပ်များစွာသောသူတို့သည် ၂၀၀၃ နှစ်ချုပ်ကျမ်းချက်အားဖြင့် ထိုသို့ပြုရန် လှုံ့ဆော်ခံခဲ့ရမည်မှာသေချာသည်– “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာ. ၄:၈။
၂ မတ်လတွင် အသင်းတော်စာအုပ်ကြီးသင်တန်း၌ ယေဟောဝါထံချဉ်းကပ်လော့စာအုပ်ကို စတင်သုံးသပ်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏လေ့လာမှုမှ မည်သို့ အကျိုးကျေးဇူးအများဆုံးရရှိနိုင်သနည်း။ ကြိုတင်ပြင်ဆင်မှုသည် မရှိမဖြစ်လိုအပ်၏။ ပတ်စဉ်လေ့လာရန် အပိုဒ်အရေအတွက်အနည်းငယ်သာ စီစဉ်ထားကာ အခန်းတစ်ခန်းစီအတွက် နှစ်ပတ်ကြာမည်ဖြစ်သည်။ ယင်းက အကြောင်းအရာနှင့်ပတ်သက်၍ သင်၏လေ့လာမှုနှင့် တွေးတောဆင်ခြင်မှုအပေါ် အခြေပြုကာ နှလုံးပါပါ မှတ်ချက်များပေးရန် အချိန်အလုံအလောက် ရရှိစေမည်။ ထို့အပြင် စာအုပ်၏အထူးအသွင်တစ်ရပ်ကို အသုံးပြုဖို့ အချိန်ရရှိစေရန် အခန်းတစ်ခန်း၏နိဂုံးပိုင်းကို သုံးသပ်သည့်အပတ်များတွင် အပိုဒ်များပို၍ပင်နည်းမည်။
၃ အခန်း ၂ မှစ၍ အခန်းတစ်ခန်းစီ၏ အဆုံးနားတွင် “တွေးတောဆင်ခြင်ရန်မေးခွန်းများ” ခေါင်းစဉ်ရှိ လေးထောင့်ကွက်ကို တွေ့ရသည်။ အခန်း၏နောက်ဆုံးအပိုဒ်ကို သုံးသပ်ပြီးနောက် စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးသည် အုပ်စုအား လေးထောင့်ကွက်ကို ဆွေးနွေးစေပါမည်။ သူသည် အုပ်စုတွင်ပါဝင်သူများထံမှ ကျမ်းစာအပေါ် သူတို့၏တွေးတောဆင်ခြင်မှု ရလဒ်ကောင်းများကို နှိုက်ထုတ်မည်။ (သု. ၂၀:၅) လေးထောင့်ကွက်တွင် ဖော်ပြထားသည့်မေးခွန်းများအပြင် သူသည် အောက်ပါမေးခွန်းများကို ရံဖန်ရံခါ မေးနိုင်သည်– “ဤသတင်းအချက်အလက်က သင့်အား ယေဟောဝါအကြောင်း ဘာပြောပြသနည်း။ ယင်းက သင်၏အသက်တာကို မည်သို့အကျိုးသက်ရောက်သနည်း။ အခြားသူများအား ကူညီရန် ယင်းကို မည်သို့အသုံးပြုနိုင်သနည်း။” သူ၏ပန်းတိုင်မှာ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ အုပ်စုအား ဉာဏ်စမ်းရန်မဟုတ်ဘဲ နှလုံးပါပါဖြေဆိုသောမှတ်ချက်များကို နှိုက်ထုတ်ရန်ဖြစ်သည်။
၄ ယေဟောဝါထံချဉ်းကပ်လော့စာအုပ်သည် ထူးခြား၏။ “သစ္စာနှင့် သတိပညာရှိသောကျွန်” ၏စာပေအားလုံးသည် ယေဟောဝါကို ဂုဏ်တင်သော်လည်း ဤစာအုပ်မူကား ယေဟောဝါ၏အရည်အသွေးများကို ဆွေးနွေးရန်အတွက် လုံးဝရည်ရွယ်ထားသည်။ (မ. ၂၄:၄၅-၄၇၊ ကဘ) စိတ်လှုပ်ရှားစရာအခွင့်အရေးသည် ကျွန်ုပ်တို့ကို စောင့်ကြိုနေသည်တကား! ကျွန်ုပ်တို့သည် ယေဟောဝါ၏ဂုဏ်ရည်တော်ကိုနက်နက်နဲနဲ လေ့လာခြင်းမှ အကျိုးကျေးဇူးများစွာခံစားရမည်ဖြစ်သည်။ လေ့လာမှုက ကောင်းကင်ခမည်းတော်ထံ ချဉ်းကပ်ရန် ကျွန်ုပ်တို့ကို ကူညီပေးကာ ထိုအတိုင်းပြုရန် အခြားသူတို့အား ကူညီရာတွင် ကျွန်ုပ်တို့သည် ပိုမိုထိရောက်သူများဖြစ်လာနိုင်ကြပါစေ။