ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကို လေ့လာခြင်း
အသိပညာ စာအုပ်ဖြင့် သင်အံမှုပြုလုပ်ပြီးသောလူသစ်များနှင့်လေ့လာရန် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်ကို စီစဉ်ထားသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဤစာအုပ်ကိုလေ့လာသုံးသပ်ခြင်းက ဓမ္မအမှုတွင် ဤကိရိယာကိုအသုံးပြုရန် ကျွန်ုပ်တို့အား အသင့်ပြင်ဆင်ပေးကာ ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းအပေါ် ကျွန်ုပ်တို့၏မေတ္တာနှင့် လေးမြတ်မှုကို ပို၍နက်ရှိုင်းစေရန် ကူညီပေးမည်ဖြစ်သည်။ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ကို လေ့လာခြင်းမှ ကျွန်ုပ်တို့ မည်သို့ အကျိုးကျေးဇူး အပြည့်အဝရရှိနိုင်သနည်း။
သင်တန်းကျင်းပခြင်း– တစ်ပတ်လျှင် တစ်ခန်းအပြီးသုံးသပ်သွားမည်ဖြစ်ရာ စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးများသည် အချိန်ကို ပညာရှိစွာ ခန့်ခွဲသတ်မှတ်ဖို့လိုပေမည်။ သူတို့သည် များသောအားဖြင့် အခန်း၏နောက်ပိုင်းတွင်ဖော်ပြထားသည့် သာ၍လေးနက်သောအကြောင်းအရာအတွက် အချိန်ပိုမိုရရှိစေရန် နိဒါန်းအပိုဒ်များကို အကျယ်တဝင့်မဆွေးနွေးဘဲ ပုံမှန်ကျင်းပသွားလိုပေမည်။ သင်ခန်းစာတစ်ခုစီ၏အဆုံးရှိ ပြန်လည်သုံးသပ်သည့်လေးထောင့်ကွက်ကို အကျဉ်းချုံးဆွေးနွေးခြင်းက တက်ရောက်သူများအား အဓိကအချက်များကိုမှတ်မိရန် ကူညီပေးမည်။
ဘုရားသခင်ကိုကိုးကွယ်လော့စာအုပ် အခန်းများ၏ ငါးဆယ်ရာခိုင်နှုန်းခန့်တွင် ဆင်ခြင်သုံးသပ်ရန်နှင့် ဆွေးနွေးရန်အတွက် အတွင်းဘက်သို့ အနည်းငယ်ဝင်၍ ရိုက်နှိပ်ထားသော မေးခွန်းများပါရှိသည်။ ဥပမာတစ်ခုကို စာမျက်နှာ ၂၇ တွင်တွေ့ရှိနိုင်သည်။ အပိုဒ်များဖတ်သည့်အခါ ထိုသို့သောမေးခွန်းများကို ဖတ်ရန်မလိုချေ။ ယင်းတို့ကို အုပ်စုနှင့်သုံးသပ်သောအခါ ကြီးကြပ်မှူးသည် အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကိုဖတ်ကာ ဆွေးနွေးသင့်သည်။
ကြိုတင်ပြင်ဆင်ပါ– သင်တန်းအတွက် ကောင်းစွာပြင်ဆင်ခြင်းတွင် အဖြေများကို မျဉ်းသားခြင်းထက်မက ပါဝင်သည်။ ညွှန်းထားသောကျမ်းချက်များကို စိတ်အားထက်သန်စွာ ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့၏မှတ်ချက်များကိုသာမက သာ၍အရေးကြီးသည့် ကျွန်ုပ်တို့၏နှလုံးကိုပါ အသင့်ပြင်ဆင်နိုင်စေမည်ဖြစ်သည်။ (ဧဇ. ၇:၁၀၊ ကဘ) ကျွန်ုပ်တို့အားလုံးသည် နောက်ဆံမတင်းဘဲ မှတ်ချက်များပေးကာ တစ်ချိန်တည်းတွင် ဆွေးနွေးမှုကို မလွှမ်းမိုးခြင်းဖြင့် အပြန်အလှန်အားပေးနိုင်သည်။—ရော. ၁:၁၁၊ ၁၂။
ဘုရားသခင်ကိုကိုးကွယ်လော့စာအုပ်ကို လေ့လာခြင်းက ကျွန်ုပ်တို့အား ယေဟောဝါထံ ချဉ်းကပ်စေမည်ဖြစ်ကာ ကိုယ်တော်အား ဝတ်ပြုရာတွင် ကျွန်ုပ်တို့နှင့်အတူပါဝင်ကြရန် နှလုံးရိုးဖြောင့်သူများကိုကူညီဖို့ အသင့်ရှိစေမည်ဖြစ်သည်။ (ဆာ. ၉၅:၆; ယာ. ၄:၈) ကျွန်ုပ်တို့အားလုံး ဤအလွန်ကောင်းမွန်သော ဝိညာဏပြင်ဆင်ပေးမှုမှ အကျိုးကျေးဇူး အပြည့်အဝရရှိနိုင်ကြပါစေ။