ဇန်နဝါရီ ၆ အပတ်ကစပြီး ဘုရားသခင်ထံချဉ်းကပ်လော့ စာအုပ်ကို လေ့လာမယ်
၁။ ယေဟောဝါနဲ့ပိုရင်းနှီးနိုင်ဖို့ ဇန်နဝါရီ ၆ အပတ်ကစပြီး ဘာကကူညီပေးသွားမလဲ။
၁ ယေဟောဝါက ကျွန်ုပ်တို့ကို သူနဲ့ရင်းနှီးဖို့ ကြိုးစားစေချင်တယ်။ (ယာ. ၄:၈) အဲဒီလိုလုပ်နိုင်ဖို့အတွက် ဇန်နဝါရီ ၆ အပတ်ကနေစပြီး အသင်းတော်ကျမ်းစာလေ့လာမှုမှာ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကို လေ့လာသွားမှာ ဖြစ်တယ်။ စာအုပ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး အဖွင့်စာမျက်နှာမှာ ဒီလိုဖော်ပြထားတယ်– “ယေဟောဝါသည် မိမိ၏အရည်အသွေးတစ်ခုချင်းစီကို မည်သို့မည်ပုံဖော်ပြကြောင်း သုံးသပ်ခြင်း၊ ယေရှုခရစ်သည် ယင်းတို့ကို မည်သို့စုံလင်စွာ ရောင်ပြန်ဟပ်ခဲ့ကြောင်း ထောက်ချင့်ခြင်းနှင့် ၄င်းတို့ကို ကျွန်ုပ်တို့လည်း မည်သို့မွေးမြူနိုင်ကြောင်း သိမြင်နားလည်ခြင်းတို့က ကျွန်ုပ်တို့အား ဘုရားသခင်ထံ ပိုနီးကပ်စေပါလိမ့်မည်။” ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တုန်းက အသင်းတော်စာအုပ်ကြီးသင်တန်းမှာ ဒီစာအုပ်ကို လေ့လာခဲ့ပြီးပါပြီ။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ကြေညာသူလူသစ် နှစ်သန်းနီးပါးလောက် တိုးလာပါတယ်။ အခု ယေဟောဝါရဲ့အရည်အသွေးတွေအကြောင်း အသေးစိတ်လေ့လာမှာက သူတို့အတွက်ဆိုရင် ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။ လေ့လာပြီးသားသူတွေအတွက်ဆိုရင်လည်း အခုတစ်ကြိမ်ပြန်လေ့လာတဲ့အတွက် ယေဟောဝါရဲ့အရည်အသွေးတွေကို အရင်ကထက်ပိုပြီး တန်ဖိုးထားလေးမြတ်လာပါလိမ့်မယ်။—ဆာ. ၁၁၉:၁၄။
၂။ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကို ဘယ်လိုလေ့လာမလဲ။
၂ ဘယ်လိုလေ့လာမလဲ– သင်တန်းကိုင်သူက စာကြောင်း တစ်ကြောင်းနှစ်ကြောင်းလောက် တိုတိုတုတ်တုတ် နိဒါန်းပြောပါလိမ့်မယ်။ စာပိုဒ်တွေထဲမှာ ဘယ်ကျမ်းချက်ကို ဖတ်ပါဆိုပြီး ရည်ညွှန်းထားတာမရှိတဲ့အတွက် သင်တန်းကိုင်သူက ဖတ်မယ့်ကျမ်းချက်တွေကို ရွေးချယ်ပါမယ်။ လေ့လာမှုပြီးသွားတဲ့အခါ ပြန်လည်သုံးသပ်တဲ့အနေတဲ့ မေးခွန်းတစ်ခု၊ နှစ်ခု မေးနိုင်ပါတယ်။ လေ့လာမယ့်အကြောင်းအရာထဲမှာ “တွေးတောဆင်ခြင်ရန်မေးခွန်းများ” ဆိုတဲ့လေးထောင့်ကွက် ပါလာမယ်ဆိုရင် ပြန်လည်သုံးသပ်တဲ့အနေနဲ့ အဲဒီမေးခွန်းတွေကို မေးနိုင်ပါတယ်။ အချိန်ရမယ်ဆိုရင်တော့ လေးထောင့်ကွက်ထဲမှာ ညွှန်းထားတဲ့ ကျမ်းချက်တချို့ကို ဖတ်နိုင်ပြီး ထပ်ဆင့်မေးခွန်းတွေ မေးနိုင်ပါတယ်။
၃။ ဒီစာအုပ်ကို လေ့လာတဲ့အခါကျရင် ဘာလုပ်သင့်ပါသလဲ။ ဘာကြောင့်လဲ။
၃ အကျိုးအပြည့်အဝ ရယူပါ– အရင်က လေ့လာဖူးပြီးသား ဆိုရင်တောင် ကြိုတင်ပြင်ဆင်ပါ။ မှတ်ချက်ပေးခြင်းက ယေဟောဝါကို ချီးမွမ်းခြင်းဖြစ်ပြီး အကြောင်းအရာတွေကို မှတ်မိစေပါတယ်။ အဲဒီအပြင် တက်ရောက်လာတဲ့သူတွေကိုလည်း အကျိုးရစေပါတယ်။ ဒါကြောင့် မှတ်ချက်ပေးပါ။ (ဆာ. ၃၅:၁၈; ဟေဗြဲ ၁၀:၁၄) ယေဟောဝါရဲ့ ပြိုင်ဘက်ကင်း အရည်အသွေးတွေကို သင် ပိုလေ့လာလေလေ ကိုယ်တော်နဲ့ ပိုရင်းနှီးလေပဲ။ (ဆာ. ၇၇:၁၁-၁၃) ကိုယ်တော်ရဲ့ ပညတ်တွေကိုလိုက်နာမယ်ဆိုတဲ့ သင့်ရဲ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေပြီး တခြားသူတွေကိုလည်း ကိုယ်တော့်အကြောင်း ပိုပြီးပြောပြချင်လာပါလိမ့်မယ်။—ဆာ. ၁၅၀:၁-၆။