အပိုင်း ၂—တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
သင်အံမှုကျင်းပရန် ကြိုတင်ပြင်ဆင်ခြင်း
၁ ကျမ်းစာသင်အံမှုတစ်ခုကို ထိရောက်စွာသွန်သင်ခြင်းတွင် အကြောင်းအရာကိုဆွေးနွေးရုံ၊ ညွှန်းထားသောကျမ်းချက်များကို ဖွင့်ဖတ်ရုံထက်မက အကျုံးဝင်၏။ သင်သား၏နှလုံးကို ထိမိစေသည့်နည်းဖြင့် အချက်အလက်များ တင်ပြရန်လိုသည်။ ထိုသို့ပြုရန် သင်သားကို စိတ်ထဲတွင်ထားကာ စေ့စပ်စွာပြင်ဆင်ဖို့လို၏။—သု. ၁၅:၂၈။
၂ ပြင်ဆင်ပုံ– သင်သားနှင့် သူ၏လိုအပ်ရာများအတွက် ယေဟောဝါထံ ဆုတောင်းခြင်းဖြင့် စတင်ပါ။ သင်သား၏နှလုံးကိုထိမိစေရန် ယေဟောဝါထံ အကူအညီတောင်းပါ။ (ကော. ၁:၉၊ ၁၀) အဓိကအကြောင်းကို ရှင်းလင်းစွာနားလည်ရန် အခန်း သို့မဟုတ် သင်ခန်းစာ၏ခေါင်းစဉ်၊ ခေါင်းစဉ်ငယ်များနှင့် ရုပ်မြင်သင်ထောက်ကူပစ္စည်းတစ်ခုခုကို သုံးသပ်ရန် အချိန်အနည်းငယ်ယူပါ။ ‘အကြောင်းအရာ၏ အဓိကရည်ရွယ်ချက်ကား အဘယ်နည်း’ ဟူ၍ သင့်ကိုယ်သင်မေးပါ။ ယင်းက သင်အံမှုကျင်းပနေစဉ် အဓိကအချက်များကို အာရုံစိုက်ရန် သင့်အား ကူညီပေးပါလိမ့်မည်။
၃ အကြောင်းအရာကို တစ်ပိုဒ်ချင်းစီ သေချာစွာသုံးသပ်ပါ။ အဓိကစကားလုံးများနှင့် စကားစုများကိုသာ မျဉ်းသားကာ ပုံနှိပ်မေးခွန်းများ၏အဖြေများကို ရွေးထုတ်ပါ။ ညွှန်းထားသောကျမ်းချက်များသည် အပိုဒ်၏ အဓိကအချက်နှင့် မည်သို့ဆက်စပ်သည်ကို ခွဲခြမ်းစိတ်ဖြာကာ လေ့လာနေစဉ် မည်သည့်ကျမ်းချက်ဖတ်မည်ကို ဆုံးဖြတ်ပါ။ စာအုပ်၏အနားသတ်ကွက်လပ်တွင် မှတ်စုတိုများယူခြင်းသည် အကူအညီဖြစ်စေကြောင်း သင် တွေ့ရပေမည်။ သူလေ့လာနေသောအကြောင်းအရာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှဖြစ်ကြောင်း သင်သား ကောင်းစွာနားလည်သင့်သည်။—၁ သက်. ၂:၁၃။
၄ သင်ခန်းစာကို တစ်ဦးစီနှင့်ကိုက်ညီအောင်ပြင်ဆင်ပါ– ထို့နောက် သင်သားတစ်ဦးစီကို စိတ်ထဲတွင်ထား၍ သင်ခန်းစာကိုသုံးသပ်ပါ။ သူနားလည်ရန် သို့မဟုတ် လက်ခံရန်ခက်ခဲမည့် မေးခွန်းများနှင့် အကြောင်းအချက်များကို ကြိုးစား၍ ကြိုစဉ်းစားထားပါ။ ‘ဝိညာဉ်ရေးတိုးတက်အောင် သူနားလည်ဖို့ ဒါမှမဟုတ် လုပ်ဆောင်ဖို့ အဘယ်အရာလိုသလဲ၊ သူ့ရဲ့နှလုံးကိုထိမိအောင် ငါ ဘယ်လိုလုပ်နိုင်သလဲ’ ဟူ၍ သင့်ကိုယ်သင်မေးပါ။ ထို့နောက် သင်၏သွန်သင်ချက်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲပါ။ တစ်ခါတစ်ရံ သင်သည် အချက်တစ်ချက် သို့မဟုတ် ကျမ်းချက်တစ်ချက်၏အဓိပ္ပာယ်ကို သင်သားနားလည်စေရန် ပုံဥပမာတစ်ခု၊ ရှင်းပြချက်တစ်ခု သို့မဟုတ် မေးခွန်းများ ပြင်ဆင်ဖို့လိုအပ်သည်ကို တွေ့ရပေမည်။ (နေ. ၈:၈) သို့သော် အဓိကအကြောင်းအတွက် သိပ်မလိုအပ်သည့်အချက်အလက်များ ထပ်ထည့်ခြင်းကို ရှောင်ပါ။ သင်အံမှုအဆုံးတွင် အကျဉ်းချုံးပြန်သုံးသပ်ခြင်းက ထိုသူအား အဓိကအချက်များကို မှတ်မိစေမည်ဖြစ်သည်။
၅ လူသစ်များသည် ယေဟောဝါအား ချီးမွမ်းရန် ဖြောင့်မတ်ခြင်းအသီး,သီးပွင့်ကြသောအခါ ကျွန်ုပ်တို့ အလွန်ပျော်ရွှင်ကြသည်တကား! (ဖိ. ၁:၁၁) ထိုပန်းတိုင်သို့ သူတို့ရောက်ရှိဖို့ သင် ကျမ်းစာသင်အံမှု ကျင်းပတိုင်း ကောင်းစွာကြိုတင်ပြင်ဆင်ပါ။