အပိုင်း ၄–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
ကြိုတင်ပြင်ဆင်ရန် သင်သားများအား လေ့ကျင့်ပေးခြင်း
၁ သင်ခန်းစာကို ကြိုတင်ဖတ်ရှုပြီး အဖြေများကိုမျဉ်းသားကာ ယင်းတို့ကို ကိုယ်ပိုင်စကားဖြင့် မည်သို့ဖြေရမည်ကို စဉ်းစားသော သင်သားတစ်ဦးသည် ဝိညာဉ်ရေးတိုးတက်မှုမြန်လေ့ရှိ၏။ ထို့ကြောင့် ပုံမှန်သင်အံမှုတစ်ခုကို အတည်တကျစသင်သည်နှင့် သင်သားအား ပြင်ဆင်ပုံကိုပြပေးရန် သင်ခန်းစာတစ်ခုကို အတူပြင်ဆင်ပါ။ အခန်း သို့မဟုတ် သင်ခန်းစာတစ်ခုလုံးကို အတူတကွ ပြင်ဆင်ခြင်းသည် သင်သားအများစုအတွက် အထောက်အကူဖြစ်စေပါမည်။
၂ မျဉ်းသားခြင်းနှင့် ရေးမှတ်ခြင်း– ပုံနှိပ်မေးခွန်းများ၏ တိုက်ရိုက်အဖြေများရှာပုံကို ရှင်းပြပါ။ အဓိကစကားလုံးများ သို့မဟုတ် စကားစုများကိုသာ မျဉ်းသားထားသည့် သင်၏ လေ့လာသောစာအုပ်ကို သင်သားအား ပြပါ။ အကြောင်းအရာကို သင်တို့သုံးသပ်စဉ် သူသည် အဖြေကို ပြန်မှတ်မိရန် အကူအညီဖြစ်စေဖို့ လိုအပ်သည့်အရာကိုသာ မျဉ်းသားခြင်းဖြင့် သင်၏စံနမူနာကို လိုက်လိုပေမည်။ (လု. ၆:၄၀) ထို့နောက် သူ၏ကိုယ်ပိုင်စကားဖြင့် ဖြေခိုင်းပါ။ သို့ပြုခြင်းဖြင့် အကြောင်းအရာကို သူ မည်မျှရှင်းလင်းစွာနားလည်ကြောင်း သင် သိမြင်ခွင့်ရမည်။
၃ သင်အံမှုအတွက် သင်သား၏ကြိုတင်ပြင်ဆင်မှုတွင် အရေးကြီးသောအရာတစ်ခုမှာ မကိုးကားထားသောကျမ်းချက်များကို အသေအချာဆန်းစစ်ခြင်းဖြစ်သည်။ (တ. ၁၇:၁၁) ညွှန်းထားသောကျမ်းချက်တစ်ချက်စီသည် အပိုဒ်ပါအချက်တစ်ချက်ကို ထောက်ခံကြောင်း သူ့အား သိမြင်စေပါ။ သူ၏လေ့လာသောစာအုပ် ဘေးသားကွက်လပ်တွင် တိုတိုတုတ်တုတ်ရေးမှတ်ပုံကို ပြပေးပါ။ ကျမ်းစာသည် သူလေ့လာနေသောအရာ၏ အခြေခံဖြစ်ကြောင်း အလေးပေးပြောပြပါ။ သင်အံမှုပြုချိန်အတွင်း ညွှန်းထားသောကျမ်းချက်များကို များများသုံး၍ အဖြေပေးရန် အားပေးပါ။
၄ ခြုံငုံသုံးသပ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း– သင်သားသည် လေ့လာမည့်အကြောင်းအရာကို အသေးစိတ် စတင်မပြင်ဆင်မီ အကြောင်းအရာကို ခြုံငုံသုံးသပ်ခြင်းသည် သူ့အတွက် အထောက်အကူဖြစ်ပေမည်။ သူသည် အခန်းခေါင်းစဉ်၊ ခေါင်းစဉ်ငယ်များ၊ ရုပ်ပုံများကို တိုတိုတုတ်တုတ်ဆန်းစစ်ခြင်းဖြင့် အကြောင်းအရာကို ခြုံငုံသုံးသပ်နိုင်ကြောင်း ပြောပြပါ။ ပြင်ဆင်မှုကို နိဂုံးမချုပ်မီ ပြန်လည်သုံးသပ်ရန် လေးထောင့်ကွက်ပါမည်ဆိုလျှင် ယင်းကို အသုံးပြု၍ သင်ခန်းစာတွင်ဖော်ပြထားသော အဓိကအချက်များကို အချိန်ယူ ပြန်သုံးသပ်ခြင်းသည် ပညာရှိရာရောက်မည်ဖြစ်ကြောင်း ရှင်းပြပါ။ ထိုသို့ပြန်သုံးသပ်ခြင်းသည် အချက်အလက်များကို မှတ်မိနေရန် သူ့အား ကူညီပေးပါလိမ့်မည်။
၅ သင်အံမှုအတွက် ကောင်းစွာပြင်ဆင်ရန် သင်သားအား လေ့ကျင့်ပေးခြင်းသည် အသင်းတော်အစည်းအဝေးများတွင် အဓိပ္ပာယ်ရှိသောအဖြေများပေးရန် သူ့အတွက် အကူအညီဖြစ်စေပါမည်။ ယင်းက ကျမ်းစာသင်အံမှု ပြီးဆုံးသွားပြီးနောက် သူ့အား ရေရှည်အကျိုးပြုမည့် လေ့လာမှုအကျင့်များကိုလည်း တိုးတက်စေရန် ကူညီပေးပါလိမ့်မည်။