နောက်ထပ်သက်သေခံချက်ရရှိရန် သူတို့ကိုကူညီပေးပါ
၁ သတင်းကောင်းဟောပြောနေစဉ် ကျွန်ုပ်တို့၏နယ်မြေပြင်ပတွင်နေထိုင်သူများ သို့မဟုတ် လက်ဟန်ပြစကား အပါအဝင် အခြားဘာသာစကားပြောသူများနှင့် ကျွန်ုပ်တို့တွေ့ဆုံရလေ့ရှိ၏။ ကျွန်ုပ်တို့နှင့် ကျမ်းစာအကြောင်း ကောင်းစွာဆွေးနွေးခဲ့ရသည့် အခြားသူတို့မူ ကျွန်ုပ်တို့၏နယ်မြေမှ ပြောင်းရွှေ့သွားကြပေမည်။ ထိုသို့သောသူများအတွက် နောက်ထပ်သက်သေခံချက်ရရှိရန် ကျွန်ုပ်တို့ မည်သို့စီစဉ်နိုင်သနည်း။ ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကို အသုံးပြုခြင်းဖြင့်ဖြစ်သည်။
၂ လူတို့သည် ၎င်းတို့၏မိခင်ဘာသာစကားဖြင့် သတင်းကောင်းဟောပြောသည့်အခါ ပို၍အာရုံစိုက် နားထောင်လေ့ရှိကြသည်။ (တ. ၂၂:၁၊ ၂) ထို့ကြောင့် အများအားဖြင့် အခြားဘာသာစကားပြောသူတစ်စုံတစ်ဦးကို ကျွန်ုပ်တို့တွေ့သည့်အခါ နိုင်ငံတော်သတင်းကို ထိုသူစိတ်ဝင်စားမှုမပြလျှင်ပင် ပုံစံကိုဖြည့်စွက်သင့်သည်။ သို့သော် သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် သက်သေခံချက်ကို ပုံမှန်ရရှိနေသည့် နိုင်ငံခြားဘာသာစကားပြောသူအတော်အတန်ရှိလျှင် စိတ်ဝင်စားမှုပြသည့်အခါမှလွဲ၍ ပုံစံကိုဖြည့်စွက်ဖို့လိုမည်မဟုတ်ချေ။
၃ ပုံစံကိုဖြည့်စွက်ပါ– ထိုသူ၏အမည်၊ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့ကိုရရှိရန် လိမ္မာပါးနပ်စွာကြိုးစားပါ။ စိတ်ဝင်စားမှုပြသည့်အတိုင်းအတာ၊ ထိုသူကို တွေ့ဆုံနိုင်သည့်အချိန်၊ ဝေငှခဲ့သည့် သို့မဟုတ် တောင်းခံခဲ့သည့်စာပေနှင့် ထိုသူနားအလည်ဆုံးဘာသာစကားတို့ကို ဖော်ပြပါ။ ပုံစံကိုဖြည့်စွက်ပြီးနောက် သင့်လျော်သည့်အသင်းတော် သို့မဟုတ် အုပ်စုသို့ပေးပို့မည့် အသင်းတော်အတွင်းရေးမှူးထံ ချက်ချင်းပေးပါ။
၄ ပုံစံကိုပေးပို့ပါ– အတွင်းရေးမှူးသည် ပုံစံကို မည်သည့်အသင်းတော် သို့မဟုတ် အုပ်စုသို့ ပေးပို့သင့်ကြောင်း မသိလျှင် သို့မဟုတ် ပေးပို့ရမည့်လိပ်စာမရှိလျှင် လိုအပ်သည့်အချက်အလက်များရရှိရန် ဌာနခွဲရုံးရှိ ရပ်ကွက်စားပွဲသို့ ဖုန်းဆက်နိုင်ပါသည်။ ပုံစံကိုပေးပို့သည့်အခါ မြို့ကြီးကြပ်မှူးထံ အကြောင်းကြားစရာမလိုတော့ချေ။
၅ အသင်းတော် သို့မဟုတ် အုပ်စုတစ်ခုသည် ဖြည့်စွက်ထားသည့် ကျေးဇူးပြု၍ဆက်လိုက်ပေးပါ ပုံစံတစ်ခုကို ရရှိသည့်အခါတိုင်း ထိုသူထံချက်ချင်းလည်ပတ်ရန် အစီအစဉ်များပြုလုပ်သင့်သည်။ ကျွန်ုပ်တို့၏အပိုင်းကို ဝီရိယရှိရှိလုပ်ဆောင်စဉ် ယေဟောဝါသည် “ထာဝရအသက်ကို တလိုတလားရှိသူ” များ၏နှလုံးကို ဖွင့်ပေးတော်မူမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။—တ. ၁၃:၄၈၊ ကဘ။