မိသားစုဇယား—မိသားစုလယ်ကွင်းလုပ်ငန်း
၁ ယေဟောဝါသည် မိမိ၏နာမတော်အား လူငယ်များချီးမွမ်းသည်ကို တွေ့မြင်လိုတော်မူ၏။ (ဆာ. ၁၄၈:၁၂၊ ၁၃) ယေရှုခေတ်တွင် ‘နို့စို့သူငယ်များပင် ဘုရားသခင်ကို ချီးမွမ်း’ ခဲ့ကြသည်။ (မ. ၂၁:၁၅၊ ၁၆) ယနေ့လည်း အလားတူဖြစ်ပျက်နေသည်။ မိဘတို့၊ ခရစ်ယာန်ဓမ္မအမှုတွင် ယေဟောဝါအား ထက်သန်စွာချီးမွမ်းသူများဖြစ်လာစေရန် သင်တို့၏သားသမီးများအား မည်သို့ကူညီနိုင်သနည်း။ ဤတွင်တစ်ဖန် အသင်းတော်အစည်းအဝေးများနှင့်ပတ်သက်သည့် အထက်ပါဆောင်းပါးတွင် အလေးအနက်ဖော်ပြခဲ့သည့်အတိုင်း အရေးကြီးသောအရာမှာ သင်တို့၏ပုံသက်သေဖြစ်သည်။ နေရာတိုင်းရှိ မိဘများကိုယ်စား ဖခင်တစ်ဦးက ဤသို့ပြောခဲ့သည်– “ကလေးတွေဟာ သင်ပြောသလို မလုပ်ကြဘူး၊ သင်လုပ်သလို လုပ်ကြတာ!”
၂ ဘုရားသခင်ကိုကြောက်ရွံ့သောမိဘများ၏ ပြုစုပျိုးထောင်မှုခံခဲ့ရသည့် ညီအစ်မတစ်ဦးက ဤသို့ပြန်ပြောပြသည်– “စနေနေ့မနက်မှာ အိပ်ရာကနိုးလာပြီး ကျွန်မတို့ အမှုဆောင်သွားမလားလို့ မေးစရာတစ်ခါမှမလိုခဲ့ဘူး။ ကျွန်မတို့သွားကြမယ်ဆိုတာ သိနေတယ်။” အလားတူပင် လယ်ကွင်းလုပ်ငန်းတွင် မိသားစုလိုက်ပါဝင်ရန် ပုံမှန် ပတ်စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုကို ချမှတ်ခြင်းဖြင့် သင့်သားသမီးများတွင် ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုကို သွတ်သွင်းပေးနိုင်သည်။ ယင်းက သင့်သားသမီးများအား သင့်ကိုကြည့်၍သင်ယူခွင့်ရစေရုံမက သင်လည်း သူတို့၏သဘောထား၊ အမူအကျင့်နှင့် တိုးတက်လာသောစွမ်းရည်များကို အကဲခတ်လေ့လာခွင့်ရနိုင်သည်။
၃ အဆင့်ဆင့်တိုး၍ လေ့ကျင့်ပေးခြင်း– ဓမ္မအမှုတွင် ကလေးများပျော်မွေ့ဖို့ဟူသည် သူတို့ထိရောက်စွာပါဝင်ရန် ပြင်ဆင်မှုရှိဖို့လို၏။ အစပိုင်း၌ ကိုးကားဖော်ပြခဲ့သောညီအစ်မက ဤသို့လည်းပြောခဲ့သည်– “ကျွန်မတို့ဟာ မိဘတွေနဲ့အတူ အမှုဆောင်ထွက်တဲ့အခါ သူတို့ရဲ့ နောက်ကနေ တကောက်ကောက်လိုက်ရုံမျိုးနဲ့ တစ်ခါမှမပါခဲ့ကြဘူး။ တံခါးခေါင်းလောင်းလေးတီးတာ၊ လက်ကမ်းစာစောင်လေး ကမ်းပေးတာပဲဖြစ်ပါစေ ကျွန်မတို့ပါဝင်ခဲ့ကြတယ်ဆိုတာ ကျွန်မတို့သိတယ်။ သီတင်းပတ်အဆုံး အမှုဆောင်လုပ်ငန်းတိုင်းအတွက် ဂရုတစိုက်ကြိုတင်ပြင်ဆင်တာကြောင့် ကျွန်မတို့ပြောရမယ့်အရာကို ကျွန်မတို့ သိနေတယ်။” သင်သည် ပတ်စဉ် အချိန်အနည်းငယ်ယူ၍ မိသားစုသင်အံမှုတွင်ဖြစ်စေ၊ အခြားအချိန်တစ်ချိန်တွင်ဖြစ်စေ ဓမ္မအမှုအတွက် ပြင်ဆင်ပေးခြင်းဖြင့် သင်၏သားသမီးများကို ထိုသို့လေ့ကျင့်ပေးနိုင်သည်။
၄ မိသားစုလိုက် အတူတကွဟောပြောခြင်းက သင့်ကလေးများတွင် သမ္မာတရားကို သွတ်သွင်းပေးရန် ထပ်ဆင့်အခွင့်အရေးရရှိစေ၏။ ခရစ်ယာန်ဖခင်တစ်ဦးသည် အနီးဆုံးတောင်ကြားရှိ ရွာသူရွာသားများထံ ဝေစာများဖြန့်ဝေရန် အသွားခြောက်မိုင်၊ အပြန်ခြောက်မိုင် လမ်းလျှောက်သွားစဉ် သူ၏သမီးကိုပါခေါ်သွားသည်။ “လမ်းလျှောက်ရင်း အဖေဟာ ကျွန်မရဲ့နှလုံးထဲကို သမ္မာတရား သွတ်သွင်းပေးတယ်” ဟု သူတမ်းတစွာပြန်ပြောသည်။ (တရား. ၆:၇) အသင်လည်း အပတ်စဉ် မိသားစုဇယားတွင် လယ်ကွင်းလုပ်ငန်းကို ပါဝင်စေသည့်အတွက် အလားတူ ကောင်းချီးကို ခံစားနိုင်ပါစေ။