ဟောပြောခြင်းက ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကိုကူညီပေး
၁ ဘုရားသခင့်နှုတ်ကပါဌ်တော်က ‘ကျွန်ုပ်တို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ ခံနိုင်ရည်ရှိစွာပြေးကြ’ ရန် တိုက်တွန်းထားသည်။ (ဟေဗြဲ ၁၂:၁၊ ကဘ) အပြေးသမားတစ်ဦးသည် အဆုံးထိ အောင်မြင်စွာပြေးရန် ခံနိုင်ရည်ရှိဖို့လိုသကဲ့သို့ ကျွန်ုပ်တို့လည်း ထာဝရအသက်ဆုရရှိရန် ခံနိုင်ရည်ရှိဖို့လိုသည်။ (ဟေဗြဲ ၁၀:၃၆၊ ကဘ) အဆုံးထိ သစ္စာရှိရှိခံရပ်နိုင်ရန် ခရစ်ယာန်ဓမ္မအမှုက ကျွန်ုပ်တို့ကို မည်သို့ကူညီနိုင်သနည်း။—မ. ၂၄:၁၃။
၂ ဝိညာဉ်ခွန်အားရရှိ– သမ္မာကျမ်းစာပါ ဖြောင့်မတ်သောကမ္ဘာသစ်ဆိုင်ရာ အံ့ဖွယ်ကတိတော်ကို ကြွေးကြော်ခြင်းက ကျွန်ုပ်တို့၏ မျှော်လင့်ချက်ကို တောက်ပနေစေသည်။ (၁ သက်. ၅:၈) လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့ မှန်မှန်ပါဝင်သည့်အခါ ကျမ်းစာမှ ကျွန်ုပ်တို့သိရှိထားသည့် အမှန်တရားများကို ကြားပြောခွင့်ရရှိကြသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုခွင့် ရရှိကြသည်၊ ယင်းက တစ်ဖန် ကျွန်ုပ်တို့ကို ဝိညာဉ်ခွန်အားရရှိစေ၏။
၃ အခြားသူများအား ထိရောက်စွာသွန်သင်ရန် ကျွန်ုပ်တို့ကိုယ်တိုင် ကျမ်းစာအမှန်တရားများကို ရှင်းလင်းစွာနားလည်ရမည်။ အကြောင်းအရာကို သုတေသနပြုပြီး တွေးတောဆင်ခြင်ရမည်။ ကျွန်ုပ်တို့၏ အပတ်တကုတ်ကြိုးစားအားထုတ်မှုက ကျွန်ုပ်တို့၏အသိပညာကို သာ၍နက်ရှိုင်းစေပြီး ယုံကြည်ခြင်းကို ခိုင်ခံ့စေကာ ဝိညာဉ်ရေးအရ အားသစ်လောင်းပေး၏။ (သု. ၂:၃-၅) ထို့ကြောင့် အခြားသူများကို ကြိုးစားကူညီပေးစဉ် ကျွန်ုပ်တို့ကိုယ်တိုင် ခွန်အားရရှိကြသည်။—၁ တိ. ၄:၁၅၊ ၁၆။
၄ ဓမ္မအမှုတွင် ထက်သန်စွာပါဝင်ခြင်းသည် မာရ်နတ်နှင့် နတ်ဆိုးများကို ကြံ့ကြံ့ခံတွန်းလှန်ရန် လိုအပ်သည့် “ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံ” ၏အရေးပါသောအစိတ်အပိုင်းဖြစ်၏။ (ဧ. ၆:၁၀-၁၃၊ ၁၅) မြင့်မြတ်သောလုပ်ငန်းတွင် အလုပ်များနေခြင်းက တည်ဆောက်မှုဖြစ်စေသည့်အရာများအပေါ် အာရုံစိုက်နေစေရန်နှင့် စာတန့်လောကကြောင့် အကျင့်ယိုယွင်းခြင်းမရှိစေရန် ကျွန်ုပ်တို့ကို ကူညီပေး၏။ (ကော. ၃:၂) အခြားသူများအား ယေဟောဝါ၏နည်းလမ်းတော်များကို သွန်သင်ပေးစဉ် ကျွန်ုပ်တို့ကိုယ်တိုင် သန့်ရှင်းသောအမူအကျင့်ကို ထိန်းသိမ်းထားဖို့လိုကြောင်း စဉ်ဆက်မပြတ် သတိပေးခံရသည်။—၁ ပေ. ၂:၁၂။
၅ ဘုရားသခင်ခွန်အားပေး– အဆုံး၌ ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းက ယေဟောဝါကို အားထားတတ်ရန် ကျွန်ုပ်တို့ကိုသင်ပေးသည်။ (၂ ကော. ၄:၁၊ ၇) တကယ့်ကောင်းချီးတစ်ရပ်ပါတကား! ထိုသို့သောယုံကြည်အားထားမှုကို မွေးမြူခြင်းက ကျွန်ုပ်တို့၏ဓမ္မအမှုကို ကျေပွန်စေရုံသာမက ဘဝတွင် ကြုံတွေ့နိုင်သည့် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်စေသည်။ (ဖိ. ၄:၁၁-၁၃) မှန်ပါသည်၊ ယေဟောဝါကို လုံးလုံးလျားလျား အားထားတတ်လာခြင်းသည် ခံနိုင်ရည်ရှိရန်သော့ချက်ဖြစ်၏။ (ဆာ. ၅၅:၂၂) ဟောပြောခြင်းက ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကို နည်းများစွာဖြင့် ကူညီပေးသည်။