ဓမ္မအမှုတွင်တိုးတက်ရန် သင့်ကလေးများကို ကူညီပါ
၁ မိမိတို့၏ကလေးများအား ငယ်ရွယ်ချိန်မှစ၍ ဓမ္မအမှုတွင် လေ့ကျင့်ပေးရန် ခရစ်ယာန်မိဘတို့၌ ကြီးလေးသောတာဝန်ရှိ၏။ ယင်းကို နည်းလမ်းများစွာဖြင့် အောင်မြင်စေနိုင်သည်။ ကလေးအချို့သည် စာမဖတ်တတ်မီကပင် သင့်လျော်သောကျမ်းချက်တစ်ချက်ကို အလွတ်ရွတ်ဆိုနိုင်သည်။ ယင်းက နားထောင်နေသူများအပေါ် များစွာအကျိုးသက်ရောက်စေနိုင်သည်။ ကလေးများသည် ကြီးပြင်းလာသည်နှင့်အမျှ ဓမ္မအမှုတွင် ပို၍ပင်ပါဝင်နိုင်သည်။ အသင် မိဘတို့သည် သက်သေခံခြင်းတွင်ပါဝင်ရန် သင်တို့၏ကလေးများကို မည်သို့ကူညီပေးနိုင်သနည်း။ အောက်ပါအကြံပြုချက်များမှ ထပ်ဆင့်အကူအညီများ ရရှိကောင်းရရှိမည်။
၂ နှုတ်ဆက်ပြီးနောက် သင် ဤသို့ ပြောနိုင်သည်–
◼ “ကျွန်တော့်ရဲ့သား [သူ၏နာမည်] ဆီမှာ မိတ်ဆွေကို ကြားစေချင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ကျမ်းချက်တစ်ချက်ရှိတယ်။” သင့်ကလေးက ဤသို့ပြောနိုင်သည်– “ယေရမိကျမ်းမှာပါတဲ့ ဒီကျမ်းချက်က ဘုရားသခင့်ရဲ့နာမည်ကိုသိအောင် ကျွန်တော့်ကိုသင်ပေးတယ်။ [ကလေးသည် ယေရမိ ၃၃:၂၊ ၃ ကိုဖတ် သို့မဟုတ် အလွတ်ရွတ်။] ဒီမဂ္ဂဇင်းတွေက ကျွန်တော်တို့အတွက် ယေဟောဝါဘုရားသခင် ဘာလုပ်ပေးမယ်ဆိုတာကို ပြောပြတယ်။ ထားခဲ့ပေးပါရစေ။” သင်သည် ကမ္ဘာချီလုပ်ငန်းကို မည်သို့ထောက်ပံ့ကြောင်း ရှင်းပြခြင်းဖြင့် စကားပြောဆိုမှုကို နိဂုံးချုပ်နိုင်သည်။
၃ သို့မဟုတ် ဤချဉ်းကပ်နည်းကို စမ်းကြည့်နိုင်သည်–
◼ “မင်္ဂလာပါ။ ရပ်ကွက်ထဲမှာရှိတဲ့ တခြားသူတွေအတွက် စိုးရိမ်တတ်အောင် ကျွန်တော်ရဲ့သမီး [သူ၏နာမည်] ကို လေ့ကျင့်ပေးနေပါတယ်။ သူက မိတ်ဆွေကို တိုတုတ်တဲ့ ကျမ်းစာသတင်းတစ်ခု ဝေမျှပေးပါလိမ့်မယ်။” သမီးဖြစ်သူက ဤသို့ပြောနိုင်သည်– “အနာဂတ်အတွက် ကျမ်းစာမျှော်လင့်ချက်ကို ဝေမျှပေးခြင်းဖြင့် လူတွေကို သမီးကူညီပေးချင်တယ်။ [ကလေးသည် ဗျာဒိတ် ၂၁:၄ ကိုဖတ် သို့မဟုတ် အလွတ်ရွတ်။] ဒီမဂ္ဂဇင်းတွေက သမီးတို့အတွက် ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမယ့် အရာတွေကို ရှင်းပြတယ်။ ဦး (သို့မဟုတ် အဒေါ်) ဖတ်ချင်မယ်လို့ သမီးထင်တယ်။”
၄ ရိုးရှင်းသောတင်ဆက်မှုတစ်ခုကို ပုံမှန်အသုံးပြုခြင်းက ကလေးများအား သူတို့၏နိုင်ငံတော်သတင်းဝေမျှနိုင်စွမ်းအပေါ် ယုံကြည်စိတ်ချမှုရှိလာစေသည်။ ရှင်းလင်းစွာပြောဆိုခြင်းကို အာရုံစိုက်ပြီး အသံကျယ်ကျယ်ဖြင့် လေ့ကျင့်သည့်အစီအစဉ်များက အခြေအနေအမျိုးမျိုးတွင် ပြောဆိုတတ်ရန် သူတို့ကို အသင့်ဖြစ်စေပါမည်။ ကောင်းစွာကြိုတင်ပြင်ဆင်ခြင်းနှင့် စိတ်ရင်းမှန်ဖြင့် ချီးမွမ်းပေးခြင်းက ကလေးငယ်များအား သူတို့၏ယုံကြည်ခြင်းကို ဖော်ပြရန် အကူအညီဖြစ်စေမည်။
၅ ထိုသို့သောအားပေးမှုကြောင့် ငယ်ရွယ်သူများစွာသည် နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် အရည်အချင်းပြည့်မီလာကြသည်။ ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ကလေးများ တိုးတက်နေသည်ကို မြင်ရခြင်းသည် အလွန်ဝမ်းသာစရာပါတကား!—ဆာ. ၁၄၈:၁၂၊ ၁၃။