စကားတစ်ခွန်းမျှမပြောဘဲသက်သေခံခြင်း
၁ ယေဟောဝါ၏ ရုပ်ပိုင်းဆိုင်ရာ ဖန်ဆင်းခြင်းလက်ရာများက စကားတစ်ခွန်းမျှမမြွက်ဆိုဘဲ မျက်မြင်မရသော ကိုယ်တော့်ဂုဏ်ရည်တော်များကို များစွာဖော်ပြ၏။ (ဆာ. ၁၉:၁-၃; ရော. ၁:၂၀) အလားတူပင်၊ ကျွန်ုပ်တို့၏ ကောင်းမွန်သောအမူအကျင့်၊ ခရစ်ယာန်အရည်အသွေးနှင့် ကျိုးနွံသောအသွင်အပြင်တို့က စကားပြောဆိုခြင်းမရှိဘဲ သက်သေခံသည်။ (၁ ပေ. ၂:၁၂; ၃:၁-၄) ကျွန်ုပ်တို့ကိုယ်တိုင်၏ကျင့်ကြံပြုမူပုံဖြင့် ‘ကျွန်ုပ်တို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်၏သြဝါဒကို အရာရာ၌ တန်ဆာဆင်’ ခြင်းသည် တစ်ဦးစီ၏ဆန္ဒဖြစ်သင့်သည်။—တိ. ၂:၉။
၂ မစုံလင်သောလူသားများသည် ကျမ်းစာသွန်သင်ချက်များကို တန်ဆာဆင်ရန် မည်သို့ဖြစ်နိုင်သနည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့်သာ ထိုသို့ဖြစ်နိုင်သည်။ (ဆာ. ၁၁၉:၁၀၅; ၁၄၃:၁၀) ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် “အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်။” (ဟေဗြဲ ၄:၁၂) ယင်းက ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်းအထိ ထိုးဖောက်ကာ လူသစ်ကို ယူတင်ဝတ်ဆောင်နိုင်စေ၏။ (ကော. ၃:၉၊ ၁၀) သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့တွင် ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်းနှင့် ချုပ်တည်းခြင်းစသော နှစ်လို့ဖွယ်အရည်အသွေးများကို မွေးမြူစေ၏။ (ဂလ. ၅:၂၂၊ ၂၃) ကျွန်ုပ်တို့တစ်ဦးစီ၏အသက်တာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ဝိညာဉ်တော်ကို လွှမ်းမိုးခွင့်ပြုနေပါသလော။—ဧ. ၄:၃၀; ၁ သက်. ၂:၁၃။
၃ အခြားသူများသတိပြုမိ– ယေဟောဝါ၏စံနှုန်းများနှင့်အညီနေထိုင်ပြီး ကိုယ်တော့်ဂုဏ်ရည်တော်များကို ရောင်ပြန်ဟပ်ရန် ကျွန်ုပ်တို့ကြိုးစားသည့်အခါ အခြားသူများ သတိပြုမိကြသည်။ ဥပမာ၊ အရပ်ပုသောကြောင့် အလုပ်ဖော်များ၏ လှောင်ပြောင်ခံခဲ့ရသူတစ်ဦးကို သုံးသပ်ကြည့်ပါ။ ထိုရုံးတွင်အလုပ်လုပ်သောညီအစ်မတစ်ဦးသည် ထိုသူအား အမြဲသိက္ခာရှိရှိ၊ လေးလေးစားစားဆက်ဆံသည်။ ယင်းကြောင့် ထိုသူက ညီအစ်မအား အခြားသူများနှင့် အဘယ်ကြောင့်ကွာခြားရကြောင်း မေးလှာသည်။ ညီအစ်မက မိမိ၏လေးစားတတ်သောအမူအကျင့်သည် အသက်တာတွင် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြသည့်အပြင် အံ့ချီးဖွယ် နိုင်ငံတော်မျှော်လင့်ချက်ကိုပါ ဝေမျှခဲ့သည်။ ထိုသူသည် ကျမ်းစာကို စတင်လေ့လာရာ နောက်ဆုံးတွင် နှစ်ခြင်းခံသည်အထိ တိုးတက်လာသည်။ ထိုသူသည် သူ၏မွေးရပ်မြေသို့ ပြန်သွားသည့်အခါ သူ၏အမူအကျင့်ကောင်းကြောင့် ဆွေမျိုးများ၏စိတ်တွင်စွဲမှတ်သွားပြီး သူတို့ထဲမှ အတော်များများသည်လည်း သမ္မာတရားကို လက်ခံလာကြသည်။
၄ အလုပ်တွင်၊ ကျောင်းတွင် သို့မဟုတ် ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့၏သက်သေခံချက်နှင့်အတူ ကောင်းမွန်သောအမူအကျင့်ကြောင့် ဘုရားသခင်ကို အခြားသူများ ချီးမွမ်းဂုဏ်တင်လာနိုင်ပါသည်။—မ. ၅:၁၆။