အိမ်တံခါးဝတွင်နှင့် တယ်လီဖုန်းဖြင့် ကျမ်းစာသင်အံမှုများစခြင်း
၁၊ ၂။ အလုပ်များသူတို့အားကူညီရန် ကျွန်ုပ်တို့၏ကျမ်းစာသင်အံမှုအစီအစဉ်ကို မည်သို့ပြုပြင်ပြောင်းလဲနိုင်သနည်း။
၁ ယနေ့ လူတို့သည် အလုပ်များကြသည်။ သို့တိုင် များစွာသောသူတို့သည် ဝိညာဉ်ရေးရာများကို စိတ်ဝင်စားကြသည်။ သူတို့၏ဝိညာဉ်ရေးလိုအပ်ရာကို ကျွန်ုပ်တို့ မည်သို့ဖြည့်ဆည်းပေးနိုင်သနည်း။ (မ. ၅:၃၊ ကဘ) ကြေညာသူများစွာတို့သည် လူများအား အိမ်တံခါးဝတွင် သို့မဟုတ် တယ်လီဖုန်းဖြင့် ကျမ်းစာသင်ပေးနိုင်ကြသည်။ ဤနည်းဖြင့် သင်၏ဓမ္မအမှုကို တိုးချဲ့နိုင်မည်လော။
၂ ကျမ်းစာသင်အံမှုများစနိုင်ရန် အခွင့်အရေးရသည့်အခါတိုင်း ကျမ်းစာလေ့လာပုံကိုပြပေးဖို့ ပြင်ဆင်ထားရန်လိုသည်။ ယင်းကို မည်သို့နှင့် မည်သည့်နေရာတွင် ပြုလုပ်နိုင်သနည်း။
၃။ ဦးဆုံးအကြိမ်ရောက်ရှိချိန်တွင် ကျမ်းစာလေ့လာပုံကို အဘယ်ကြောင့်ပြပေးဖို့လိုသနည်း၊ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။
၃ အိမ်တံခါးဝတွင်– ကျမ်းစာအကြောင်းပြောဆိုရန် လိုလိုလားလားရှိသူတစ်ဦးနှင့် သင် တွေ့ဆုံသည့်အခါ တောင်းဆို ဘရိုရှာ၊ သင်ခန်းစာ ၁ ၏ပထမအပိုဒ်ကဲ့သို့သော သင်ကြိုတင်ပြင်ဆင်ထားသည့် အပိုဒ်တစ်ပိုဒ်ကိုဖွင့်ပြီး အစပြုပါ။ အပိုဒ်ဖတ်ပြီး မေးခွန်းကိုသုံးသပ်ကာ ညွှန်းထားသည့် ကျမ်းချက်တစ်ချက်နှစ်ချက်ကို ဆွေးနွေးပါ။ များသောအားဖြင့် ယင်းကို အိမ်တံခါးဝတွင်ပင် ငါးမိနစ်မှ ဆယ်မိနစ်အတွင်း ပြုလုပ်နိုင်သည်။ ဆွေးနွေးရသည်ကို ထိုသူပျော်မွေ့လျှင် နောက်အပိုဒ် တစ်ပိုဒ်နှစ်ပိုဒ်ကို အခြားအချိန်တစ်ချိန်တွင် သုံးသပ်ရန်စီစဉ်ပါ။—သင်အံမှုများစရန် တိုက်ရိုက်ချဉ်းကပ်နည်း အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် ထပ်ဆင့်အကြံပြုချက်များကို ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆ တွင်တွေ့ရှိနိုင်သည်။
၄။ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ အိမ်တံခါးဝတွင် ကျမ်းစာသင်အံမှုကို မည်သို့စနိုင်သနည်း။
၄ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ကျမ်းစာသင်အံမှုများစရန် အလားတူချဉ်းကပ်နည်းတစ်ခုကို အသုံးပြုနိုင်သည်။ ဥပမာ၊ တောင်းဆို ဘရိုရှာကိုထုတ်ပြီး သင်ခန်းစာ ၂၊ အပိုဒ် ၁-၂ ကိုအသုံးပြု၍ ဘုရားသခင့်နာမတော်ကို ဖော်ပြပါ။ နောက်တစ်ကြိမ်လည်ပတ်သည့်အခါ အပိုဒ် ၃-၄ ကိုအသုံးပြု၍ ယေဟောဝါ၏ အရည်အသွေးတော်များအကြောင်းကို သမ္မာကျမ်းစာက မည်သို့ဖော်ပြကြောင်း ဆွေးနွေးနိုင်သည်။ နောက်တစ်ကြိမ် ဆွေးနွေးသည့်အခါတွင် ကျမ်းစာလေ့လာခြင်းက ယေဟောဝါအား သိကျွမ်းလာရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးကြောင်း ပေါ်လွင်စေရန် စာမျက်နှာ ၅ ရှိ အပိုဒ် ၅-၆ နှင့် ရုပ်ပုံတို့ကို သုံးသပ်နိုင်သည်။ အိမ်တံခါးဝတွင် ရပ်နေစဉ် ယင်းတို့အားလုံးကို ပြုလုပ်နိုင်သည်။
၅၊ ၆။ (က) အချို့သူတို့သည် တယ်လီဖုန်းဖြင့် ကျမ်းစာလေ့လာခြင်းကို အဘယ်ကြောင့် ပို၍နှစ်သက်ကြမည်နည်း။ (ခ) ဖုန်းဖြင့်လေ့လာရန် ကမ်းလှမ်းသည့်အခါ မည်သည့်ချဉ်းကပ်နည်းကို အသုံးပြုနိုင်သနည်း။
၅ တယ်လီဖုန်းဖြင့်– အချို့သူတို့သည် လူကိုယ်တိုင်ထက် တယ်လီဖုန်းဖြင့် ကျမ်းစာသင်ခြင်းကို ပို၍လိုလားကြပေမည်။ အောက်ပါတွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ– ညီအစ်မတစ်ဦးသည် တစ်အိမ်မှတစ်အိမ်ဟောပြောနေစဉ် မိခင်ဖြစ်ပြီး အလုပ်များသော အမျိုးသမီးငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ညီအစ်မသည် ထိုအမျိုးသမီးအား အိမ်တွင် ပြန်မတွေ့နိုင်သောအခါ ဖုန်းဆက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအမျိုးသမီးငယ်က ကျမ်းစာဆွေးနွေးရန် အမှန်ပင် အချိန်မပေးနိုင်ကြောင်း ရှင်းပြသည်။ ညီအစ်မက “တယ်လီဖုန်းနဲ့ပဲ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း အရေးကြီးတဲ့အကြောင်းအရာတွေကို သင်ယူနိုင်တယ်” ဟုပြောပြသည်။ “ကောင်းပြီ၊ ဖုန်းနဲ့ဆိုရင်တော့ ဖြစ်နိုင်ပါတယ်” ဟုအမျိုးသမီးက ပြန်ပြောသည်။ များမကြာမီ သင်အံမှုကို တယ်လီဖုန်းဖြင့် ပုံမှန်ကျင်းပခဲ့ကြသည်။
၆ သင် လည်ပတ်သူများထဲမှ အချို့တို့သည် တယ်လီဖုန်းဖြင့် ကျမ်းစာသင်ရန် လိုလိုလားလားရှိမည်လော။ ယခုဖော်ပြခဲ့သည့် ချဉ်းကပ်နည်းကို သင် စမ်းကြည့်နိုင်သည် သို့မဟုတ် “မိတ်ဆွေဆန္ဒရှိမယ်ဆိုရင် တယ်လီဖုန်းနဲ့ ကျမ်းစာဆွေးနွေးနိုင်ပါတယ်။ မိတ်ဆွေအတွက် ပိုအဆင်ပြေမလား” ဟု ရိုးရိုးလေးပြောနိုင်သည်။ ကျွန်ုပ်တို့၏ကျမ်းစာသင်အံမှုအစီအစဉ်ကို အခြားသူတို့၏အခြေအနေများနှင့်အညီ ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် “ဘုရားသခင်ကိုသိသောဉာဏ်နှင့် ပြည့်စုံ” ရန် သူတို့အား ကူညီပေးနိုင်ပါသည်။—သု. ၂:၅; ၁ ကော. ၉:၂၃။