တယ်လီဖုန်းဖြင့်သက်သေခံခြင်းသည် ထိရောက်မှုရှိနိုင်
၁။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းက ဓမ္မအမှု၏အရေးပါသောအပိုင်းဟု အဘယ်ကြောင့် ယူမှတ်နိုင်သနည်း။
၁ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် တယ်လီဖုန်းဖြင့်သက်သေခံရန် အဘယ်ကြောင့် စဉ်းစားသုံးသပ်သင့်သနည်း။ အကြောင်းမှာ ယင်းသည် ကယ်တင်ခြင်းရဖို့အတွက် တိကျမှန်ကန်သောအသိပညာရရှိရန် အခြားသူများကို ကူညီပေးနိုင်သည့် နည်းတစ်နည်းဖြစ်သောကြောင့်ပင်။ (၂ ပေ. ၃:၉) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတွင် ကျွန်ုပ်တို့အဓိကအသုံးပြုသည့်နည်းမှာ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းဖြစ်သော်လည်း ကျွန်ုပ်တို့သည် အိမ်တွင်မတွေ့နိုင်သည့်သူတို့ထံ သတင်းကောင်းရောက်နိုင်သည့်အခြားနည်းများကိုလည်း အကျိုးရှိရှိ အသုံးပြုလိုကြသည်။—မ. ၂၄:၁၄; လု. ၁၀:၁-၇; ဗျာ. ၁၄:၆။
၂။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းကို မည်သို့စီစဉ်ထားသနည်း။
၂ စီစဉ်ထားပုံ– တစ်အိမ်မှတစ်အိမ်ဟောပြောသည့် လယ်ကွင်းလုပ်ငန်းကို စီစဉ်ထားသကဲ့သို့ တယ်လီဖုန်းဖြင့်သက်သေခံသည့်ရပ်ကွက်ကိုလည်း ကြေညာသူများအတွက် စီစဉ်ပေးထားသည်။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းကို တစ်ဦးတည်း သို့မဟုတ် လူနည်းစုဖြစ်သည့် နှစ်ဦး၊ သုံးဦးဖြင့် ပြုလုပ်နိုင်သည်။ အသုံးပြုသည့်နေရာသည် အနှောင့်အယှက်ကင်းသည့် ဆိတ်ငြိမ်သောအခန်းတစ်ခန်းတွင် ဖြစ်သင့်သည်။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် ပုံမှန်အသုံးပြုသည့်စာပေများကို စားပွဲပေါ်တင်ထားပြီး ယင်းစားပွဲရှေ့ထိုင်ကာ တယ်လီဖုန်းဖြင့်သက်သေခံခြင်းသည် အကျိုးရှိကြောင်း များစွာသောသူတို့တွေ့ရှိကြသည်။
၃။ တယ်လီဖုန်းဖြင့် ကျွန်ုပ်တို့သက်သေခံသောအခါ အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။
၃ တယ်လီဖုန်းဖြင့် သက်သေခံနိုင်ပုံ– တယ်လီဖုန်းဖြင့်သက်သေခံသောအခါ ကျွန်ုပ်တို့၏တင်ဆက်မှုသည် စကားစမြည်ပြောသည့်ပုံစံဖြစ်သင့်သည်။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းကို စတင်လုပ်ဆောင်သူအချို့သည် တင်ဆက်နည်းကို စကားစမြည်ပြောသည့်ပုံစံဖြင့် အိမ်ရှင်အား ဖတ်ပြပေမည်။ ယင်းသို့ပြုလုပ်ရာတွင် ကျိုးကြောင်းဆင်ခြင်စာအုပ်၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုနှင့် အမှန်တရားကို သင်သိလိုပါသလောဝေစာတွင်ပါသော နိဒါန်းများသည် အထောက်အကူပြုနိုင်သည်။ သင်သည် ကိုယ်ပိုင်တင်ဆက်မှုပြုလုပ်သောအခါ အကြောင်းအရာတစ်ခုကိုရွေးပြီး ယင်းနှင့်သက်ဆိုင်သည့် မေးခွန်းတစ်ခုမေးပါ၊ အဖြေကိုထောက်ခံသည့် ကျမ်းချက်အနည်းငယ်ကို ဝေမျှဖို့ အသင့်ဖြစ်နေပါ။ တစ်အိမ်မှတစ်အိမ်တွင် ဝေငှသည့်စာပေများအကြောင်းကို များသောအားဖြင့် သင်ပြောပြပေမည်။ အောက်ပါသတိပေးချက်များကို သုံးသပ်ပါ– စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ဖြည်းဖြည်းပြောပါ။ ယဉ်ကျေးဖော်ရွေပါ၊ စိတ်ရှည်ပါ၊ ရင်းရင်းနှီးနှီးရှိပါ၊ ယင်းတို့သည် ဖုန်းပြောဆိုရာတွင် သိမြင်ခံစားနိုင်သည်။ အိမ်ရှင်က သူ့အယူအဆများကို ပြောလာသောအခါ နားထောင်ပါ၊ သူ၏မှတ်ချက်များကို အသိအမှတ်ပြုပြီး ကျေးဇူးတင်ကြောင်း ဖော်ပြပါ။ အလှူငွေအစီအစဉ်အကြောင်း ပြောပြခြင်းက တယ်လီဖုန်းဖြင့် အလှူငွေကောက်ခံသည့်ပုံစံတစ်ခုအဖြစ် နားလည်မှုလွဲနိုင်သောကြောင့် ယင်းအကြောင်းကို မပြောမိရန် သတိပြုပါ။
၄။ တယ်လီဖုန်းဖြင့်သက်သေခံခြင်းက ကျွန်ုပ်တို့တာဝန်ရထားသောရပ်ကွက်တွင် အဘယ်အရာလုပ်ဆောင်စေနိုင်သနည်း။
၄ သင်နှင့် တယ်လီဖုန်းဖြင့်ပြောဆိုသူသည် နာတာရှည်ဖျားနာမှုကြောင့် အိမ်တွင်သာနေထိုင်သူ သို့မဟုတ် အလုပ်ကြောင့် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် မဆုံတွေ့နိုင်သူတစ်ဦးဖြစ်ပေမည်။ အခြားသူတို့မှာမူ လုံခြုံရေးဂိတ်ရှိသောရပ်ကွက်တွင် သို့မဟုတ် ခွင့်ပြုချက်မရဘဲဝင်ခွင့်မရသည့် တိုက်ခန်းများတွင် နေထိုင်သူများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဓမ္မအမှုကို ပို၍စေ့စေ့စပ်စပ်ပြီးမြောက်နိုင်ရန်ကြိုးစားရာတွင် တယ်လီဖုန်းဖြင့်သက်သေခံနိုင်သည့် ထိရောက်သောနည်း အသုံးပြုခြင်းကို ထည့်သွင်းသုံးသပ်ပါ။