ဘုရားသခင့်မိတ်ဆွေဖြစ်လာရန်အခြားသူများကိုကူညီပေးပါ
၁ ယနေ့ လူမျိုးအပေါင်းမှ လူတို့သည် ယေဟောဝါ၏နည်းလမ်းတော်များကို သင်ယူနေကြသည်။ (ဟေရှာ. ၂:၂၊ ၃) သို့သော် ထိုသူတို့ “မြဲမြံစွာအသီးသီး” နိုင်ရန် ယေဟောဝါကိုချစ်မြတ်နိုးရမည်။ (လု. ၈:၁၅; မာ. ၁၂:၃၀) ထိုသို့သောမေတ္တာမရှိလျှင် မကောင်းသောသြဇာကို တွန်းလှန်နိုင်စွမ်းရှိမည်မဟုတ်သကဲ့သို့ မှန်ရာကိုလုပ်ရဲသည့် သတ္တိလည်းရှိမည်မဟုတ်ပေ။ ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေးရှိရန် အခြားသူများကို ကူညီပေးနိုင်သည့် နည်းတစ်နည်းမှာ ကိုယ်တော်၏ဂုဏ်ရည်တော်များကို လေးမြတ်စိတ်တိုးပွားလာစေခြင်းဖြစ်သည်။ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်မှ အချက်အလက်များကို သေချာစွာစဉ်းစားဆင်ခြင်ရန် သူတို့ကိုအားပေးပါ။
၂ သင့်ပုံသက်သေ– သင့်အပြုအမူက ကျမ်းစာသင်သားများ၏စိတ်တွင် အလွန်သြဇာသက်ရောက်နိုင်သည်။ ယေဟောဝါနှင့်မိတ်ဆွေဖြစ်ရခြင်းကို သင်တန်ဖိုးထားကြောင်း၊ ယင်းက သင့်အသက်တာကို အကျိုးပြုကြောင်း သူတို့တွေ့သည့်အခါ သူတို့ကိုယ်တိုင် ထိုသို့သောဆက်ဆံရေးမျိုး ပြုစုပျိုးထောင်ရန် လှုံ့ဆော်ခံရပေမည်။ (လု. ၆:၄၀) အမှန်ပင်၊ ကျွန်ုပ်တို့၏အပြောထက် ပုံသက်သေက အခြားသူများအပေါ် အလွန်သြဇာလွှမ်းမိုးနိုင်ပါသည်။
၃ သားသမီးများ ယေဟောဝါကို ချစ်မြတ်နိုးလာရန် သင်ပေးနိုင်သည့် အဓိကနည်းမှာ မိဘတို့ကိုယ်တိုင်၏ ပုံသက်သေအားဖြင့်ဖြစ်သည်။ (တရား. ၆:၄-၉) သားသမီးများကို သမ္မာတရားတွင် ကြီးပြင်းစေလိုသည့် မောင်နှံတစ်စုံသည် အောင်မြင်သောမိဘများထံမှ အကြံဉာဏ်တောင်းခဲ့၏။ “မိဘတွေရဲ့ပုံသက်သေက အရေးကြီးတယ်လို့ အားလုံးကပြောကြတယ်” ဟုခင်ပွန်းဖြစ်သူကဆိုသည်။ ထို့ကြောင့် မိဘများအနေဖြင့် ယေဟောဝါ၏မိတ်ဆွေဖြစ်ခြင်းသည် ဘာကိုဆိုလိုကြောင်း မိမိတို့၏ ဘဝလမ်းစဉ်တစ်ခုလုံးဖြင့် ပုံသက်သေပြနိုင်ကြသည်။—ယာ. ၂:၂၃။
၄ နှလုံးပါပါဆုတောင်းခြင်း– နှလုံးပါပါဆုတောင်းတတ်ရန် အခြားသူများကို သင်ပေးခြင်းဖြင့်လည်း ယေဟောဝါနှင့်မိတ်ဆွေဖြစ်လာရန် ကူညီပေးနိုင်ပါသည်။ ယေရှု၏စံပြပတ္ထနာနှင့် ကျမ်းစာထဲမှ အခြားလှိုက်လှဲသည့်ဆုတောင်းချက်များကို သင်ဖော်ပြနိုင်သည်။ (မ. ၆:၉၊ ၁၀) သင့်ဆုတောင်းချက်များဖြင့်လည်း သားသမီးများနှင့် သင်သားများ ဆုတောင်းတတ်ရန် သင်ပေးနိုင်သည်။ သင်၏နှလုံးပါသော ဆုတောင်းချက်များကို ကြားသည့်အခါ ယေဟောဝါနှင့်ပတ်သက်သော သင့်ခံစားချက်ကို သူတို့သိမြင်လာကြမည်။ စုံစမ်းမှုများရင်ဆိုင်ရချိန်တွင် “ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြ” ရန် အားပေးပါ။ (ရော. ၁၂:၁၂) အကူအညီလိုအပ်ချိန်တွင် ယေဟောဝါ၏ထောက်မမှုကို သူတို့ခံစားရသည့်အခါ ကိုယ်တော်ကို ယုံကြည်လာပြီး မိတ်ဆွေစစ်တစ်ဦးအဖြစ် ချစ်မြတ်နိုးလာပါလိမ့်မည်။—ဆာ. ၃၄:၈; ဖိ. ၄:၆၊ ၇။