“ခရစ်တော်နောက်သို့ လိုက်လော့!”ယေဟောဝါသက်သေများ၏ ၂၀၀၇ ခရိုင်စည်းဝေးကြီး
၁၊ ၂။ (က) အတူတကွစုဝေးခြင်းမှ အကျိုးခံစားရရန် ဣသရေလလူများကို မောရှေ မည်သို့အားပေးခဲ့သနည်း။ (ခ) ယခုမှစ၍ အဘယ်ပြင်ဆင်မှုများပြုဖို့လိုသနည်း။
၁ ဣသရေလလူမျိုးအားလုံးနှင့် တည်းခိုနေသောတပါးအမျိုးသားတို့သည် ခုနစ်နှစ်တစ်ကြိမ် အတူတကွစုဝေးပြီး ပညတ်တရားဖတ်ပြသည်ကို နားထောင်ရန် မောရှေညွှန်ကြားခဲ့သည်။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ သူတို့သည် “ကြား၍ နားလည်” ရန်ဖြစ်၏။ (တရား. ၃၁:၁၀-၁၂) ယေဟောဝါသည် မိမိ၏လူမျိုးများ အုပ်စုလိုက်အတူတကွစုဝေးရန် လိုအပ်ကြောင်း သိမြင်ခဲ့သည်။ မကြာမီ ယေဟောဝါ၏လူမျိုးတော်သည် “ခရစ်တော်နောက်သို့ လိုက်လော့!” ခရိုင်စည်းဝေးကြီးများတွင် သုံးရက်တာ အတူတကွစုဝေးကြဦးမည်ဖြစ်သည်။
၂ သင် စတင်ပြင်ဆင်နေပြီလော။ သင့်အလုပ်ရှင်ထံမှ ခွင့်ရက်တောင်းဖို့ လိုသလော။ ကျမ်းစာသင်သားများ၊ မယုံကြည်သူမိသားစုဝင်များကို သင်နှင့်အတူ စည်းဝေးကြီးတက်ရောက်ရန် ကူညီပေးနိုင်သလော။ စည်းဝေးကြီးတက်ရောက်ရန် အကူအညီလိုအပ်သူများ အသင်းတော်တွင်ရှိသလော။ အောက်ပါအချက်အလက်များက သင်ကြိုတင်ပြင်ဆင်ရာတွင် အထောက်အကူပြုပါလိမ့်မည်။
၃။ (က) ဟေရှာယ ၂၅:၆ သည် ယနေ့ မည်သို့ပြည့်စုံနေသနည်း။ (ခ) စည်းဝေးကြီးပထမနေ့နှင့်စပ်လျဉ်း၍ အဘယ်အချက်ကို သတိပြုမိသနည်း၊ ကျွန်ုပ်တို့တစ်ဦးစီ အဘယ်အရာလုပ်ဆောင်သင့်သနည်း။
၃ သုံးရက်စလုံး တက်ရောက်ပါ– ယေဟောဝါသည် မိမိလူမျိုးတော်ကို ဝိညာဉ်အစာအလျှံပယ်ပြင်ဆင်ပေးတော်မူ၏။ (ဟေရှာ. ၂၅:၆) ယင်းတွင် နှစ်စဉ်စည်းဝေးကြီးများ၌ ပြင်ဆင်ပေးသော ဝိညာဏခဲဖွယ်စားဖွယ်များလည်း ပါဝင်သည်။ စည်းဝေးကြီးပထမနေ့တွင် တက်ရောက်သူဦးရေသည် အခြားနေ့များထက် နည်းသည်ကို သတိပြုမိသည်။ ကျွန်ုပ်တို့အတွက် ယေဟောဝါ၏အဖွဲ့အစည်းကပြင်ဆင်ပေးသော လန်းဆန်းဖွယ်စည်းဝေးကြီးသုံးရက်စလုံးကို ပါဝင်တက်ရောက်ရန် သင်ပန်းတိုင်ထားပါ။ အလုပ်ရှင်ထံမှ ခွင့်ရက်တောင်းဖို့လိုပါက သေချာဆုတောင်းပါ။ ထို့နောက် စည်းဝေးကြီးရက်စွဲကြေညာပြီးသည်နှင့်ချက်ချင်း သင့်အလုပ်ရှင်ကို ‘ရဲရင့်စွာ’ ပြောဆိုပါ။—၁ သက်. ၂:၂; နေ. ၂:၄၊ ၅။
၄။ ကျမ်းစာသင်သားများနှင့် မယုံကြည်သူမိသားစုဝင်များ စည်းဝေးကြီးတက်ရောက်ရန် ကျွန်ုပ်တို့ မည်သို့ပြင်ဆင်ပေးနိုင်သနည်း။
၄ သင့်ကျမ်းစာသင်သားများနှင့် မိသားစုအတွက် ပြင်ဆင်ပါ– စည်းဝေးကြီးတွင် သင့်ကျမ်းစာသင်သားများသည် သင့်နံဘေးတွင်ရှိနေပြီး “မဟာပရိသတ်အလယ်” ၌ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏ နွေးထွေးလှိုက်လှဲမှုကို တွေ့ကြုံခံစားရခြင်းသည် မည်မျှနှစ်သက်စရာပါတကား။ (ဆာ. ၂၂:၂၅) စည်းဝေးကြီးကျင်းပမည့်အချိန်ကို သူတို့အား ကြိုတင်အသိပေးပါ၊ သို့မှသာ တက်ရောက်ဖို့ သူတို့အချိန်ဖယ်ထားနိုင်မည်။ စည်းဝေးကြီးများတက်ရောက်ရသည်ကို သင် အဘယ်ကြောင့်နှစ်ခြိုက်ရကြောင်း ပြောပြပါ။ မယုံကြည်သူမိသားစုဝင်များကိုလည်း သင့်အစီအစဉ်အကြောင်း အသိပေးပါ။ သူတို့သည် ပြဇာတ်ကိုကြည့်ရှုရန် သို့မဟုတ် သင်နှင့်အတူ အနည်းဆုံးတစ်ရက် တက်ရောက်နိုင်ရန် စီစဉ်ကောင်းစီစဉ်ပေမည်။
၅။ ၁ တိမောသေ ၆:၁၈ တွင် တိုက်တွန်းထားသည့် ရက်ရောသောစိတ်ဓာတ်ကို မည်သို့ တင်ပြနိုင်ကြသနည်း။
၅ သင့်ညီအစ်ကိုညီအစ်မများကို ထောက်မကူညီခြင်း– တမန်တော်ပေါလုသည် ချမ်းသာကြွယ်ဝသောခရစ်ယာန်များကို ‘သူတစ်ပါးအားကျေးဇူးပြုရန်၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံရန်၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိရန်’ တိုက်တွန်းခဲ့သည်။ (၁ တိ. ၆:၁၇၊ ၁၈) ကျွန်ုပ်တို့သည် သက်ကြီးရွယ်အို၊ မသန်စွမ်းသူ၊ အချိန်ပြည့်အမှုဆောင်နေသူနှင့် ကြင်ဖော်မဲ့မိဘရှိသောမိသားစုများအပြင် စည်းဝေးကြီးတက်ရောက်ရန် အကူအညီလိုအပ်ကောင်းလိုအပ်မည့်သူများ၏ အခြေအနေကို ထည့်တွက်စဉ်းစားပေးခြင်းဖြင့် ပေါလုတိုက်တွန်းအားပေးခဲ့သော ရက်ရောသည့်စိတ်ဓာတ် တင်ပြနိုင်ကြသည်။ ထိုသူတို့၏လိုအပ်ရာများကို ထောက်ပံ့ရန်မှာ အဓိကအားဖြင့် သမ္မာတရားတွင်ရှိသော ဆွေမျိုးရင်းချာများ၏တာဝန်ဖြစ်သော်လည်း အကြီးအကဲများနှင့်အခြားသူများက ပိုင်းခြားသိမြင်မှုဖြင့် လိုအပ်သောအကူအညီကို ကြင်နာစွာပေးနိုင်ကြသည်။—ဂ. ၆:၁၀; ၁ တိ. ၅:၄။
၆၊ ၇။ (က) စည်းဝေးကြီးခန်းမတွင် ကျွန်ုပ်တို့အတွက် အဘယ်ပြင်ဆင်မှုများ လုပ်ဆောင်ထားသနည်း။ (ခ) ကျွန်ုပ်တို့အကျိုးအတွက် လုပ်ဆောင်ပေးထားသမျှကို ကျေးဇူးတင်လေးမြတ်ကြောင်း မည်သို့တင်ပြနိုင်ကြသနည်း။ (ဟေဗြဲ ၁၃:၁၇ ကိုဖတ်။)
၆ အစီအစဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ပါ– စည်းဝေးကြီးခန်းမတွင်လည်း ကျွန်ုပ်တို့တက်ရောက်နိုင်ရန် များစွာကြိုတင်ပြင်ဆင်ထားကြောင်း ထင်ရှားပါသည်။ ဧည့်ကြိုညီအစ်ကိုများက ကျွန်ုပ်တို့ကို ကြိုဆိုနှုတ်ဆက်ပြီး အစီအစဉ်စာရွက်များ ကမ်းပေးသည်၊ ထိုင်မည့်နေရာကို စီစဉ်ပေးကြသည်။ ညီအစ်ကိုညီအစ်မများက သန့်ရှင်းရေးလုပ်ပြီး လှပသောစင်မြင့်ဖြစ်စေရန် ပြင်ဆင်ထားကြသည်။
၇ ကျွန်ုပ်တို့၏အကျိုးအတွက် ထိုသို့ကိုယ်ကျိုးစွန့်လုပ်ဆောင်မှုများကို ကျေးဇူးမတင်ပေလော။ ဤဆောင်းပါးတွင်ပါသော ညွှန်ကြားချက်များ၊ စည်းဝေးကြီးမတိုင်မီ ရရှိကောင်းရရှိမည့်လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ကျေးဇူးတင်ကြောင်း တင်ပြနိုင်ပါသည်။ (ဟေဗြဲ ၁၃:၁၇) ယောက်စီယောက်တိုင်း တလိုတလားပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်” နိုင်မည်ဖြစ်သည်။—၁ ကော. ၁၄:၄၀။
၈။ (က) ယေဟောဝါလူမျိုးတော်၏ အစည်းအဝေးများသည် ယခုအချိန်တွင် အဘယ်ကြောင့် အလွန်အရေးကြီးနေသနည်း။ (ခ) ယခု ကျွန်ုပ်တို့တစ်ဦးစီ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
၈ “ကာလအချိန်ရောက်လုနီးသည်” နှင့်အမျှ ဘုရားသခင့်လူမျိုး၏အစည်းအဝေးများသည် သာ၍အရေးကြီးလာ၏။ (ဟေဗြဲ ၁၀:၂၅) သစ္စာနှင့်သတိပညာရှိကျွန်အတန်းအစားသည် ကျွန်ုပ်တို့ကို ယေဟောဝါလိုက်လျှောက်စေလိုသော “တရားစကားအလုံးစုံတို့ကို စောင့်ရှောက်” နိုင်စေရန် ကူညီပေးသည့် အချက်အလက်များကို ခရစ်ယာန်စည်းဝေးကြီးများတွင် ပြင်ဆင်ပေးသည်။ (တရား. ၃၁:၁၂) “ခရစ်တော်နောက်သို့ လိုက်လော့!” ခရိုင်စည်းဝေးကြီး သုံးရက်စလုံးကို တက်ရောက်ရန် ယခုပင် စတင်စီစဉ်ခြင်းဖြင့် ဝိညာဏသွန်သင်ချက်အားလုံးနှင့် ပျော်မွေ့ဖွယ်ခရစ်ယာန်ပေါင်းသင်းမှုမှ အကျိုးရယူပါလေ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အစီအစဉ်အချိန်
သောကြာနေ့နှင့် စနေနေ့
နံနက် ၉:၂၀–မွန်းလွဲ ၅:၀၅
တနင်္ဂနွေနေ့
နံနက် ၉:၂၀–မွန်းလွဲ ၄:၁၀