၁၉၉၉ ခုနှစ် ယေဟောဝါသက်သေများ၏“ဘုရားသခင်၏ပရောဖက်ပြုချက်ဆိုင်ရာစကားတော်” ခရိုင်စည်းဝေးကြီး
၁ ဣသရေလလူများ တောကန္တာရ၌ရှိနေချိန်တွင် ငွေတံပိုးနှစ်လုံးကိုလုပ်ရန် မောရှေအား ယေဟောဝါညွှန်ကြားတော်မူခဲ့၏။ တံပိုးတစ်လုံးတည်းကိုမှုတ်လျှင် အနွယ်တစ်နွယ်စီ၏ခေါင်းဆောင်များသည် စည်းဝေးရာတဲတော်တံခါးဝတွင် စုဝေးကြရန်ဖြစ်သည်။ တံပိုးနှစ်လုံးစလုံးမှ ကျယ်လောင်သောအသံသည်ကား ဣသရေလပရိသတ်တစ်ခုလုံး လာရောက်စုရုံးရန်အချက်ပြခြင်းဖြစ်သည်။ (တော. ၁၀:၁-၄) ယနေ့၊ ကျွန်ုပ်တို့၏နှစ်စဉ်ခရိုင်စည်းဝေးကြီးများသို့ စုဝေးရန် တံပိုးမှုတ်သံများကဲ့သို့သော ကြေညာချက်များကိုကြားရသည့်အခါ ဝမ်းသာပီတိဖြစ်ကြသည်မဟုတ်လော။ စည်းဝေးကြီးများတွင် ယေဟောဝါ၏သွန်သင်ချက်များနှင့် လမ်းပြမှုကို ကိုယ်တော့်နှုတ်ကပါဌ်တော်နှင့် ခန့်အပ်ခံကိုယ်စားလှယ်များအားဖြင့် ကျွန်ုပ်တို့ရရှိကြသည်။ ယင်းက ယေဟောဝါ၏အမှုတော်ဆောင်ခြင်းတွင် ဆက်၍စွဲမြဲနေရန် ကျွန်ုပ်တို့ကိုကူညီပေး၏။ ရာပေါင်းများစွာသော သစ္စာရှိဝတ်ပြုသူချင်းများသည် မေတ္တာနှင့်ငြိမ်သက်မှုဖြင့် စုဝေးကြသည်ကိုတွေ့ မြင်ရသည့်အခါ ကျွန်ုပ်တို့ပျော်ရွှင်ကြသည်မဟုတ်လော။ အမှန်ပင်ပျော်ရွှင်ကြပါသည်!—ဆာ. ၁၂၂:၁၊ ၇၊ ၈။
၂ ယူ.အက်စ်.အေတွင် ၁၉၉၈ မေလမှစက်တင်ဘာလအထိ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး စုစုပေါင်း ၁၉၈ ခုကို အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးရှိ ၆၉ မြို့တွင်ကျင်းပခဲ့သည်။ စည်းဝေးကြီးကျင်းပရာမြို့လေးမြို့ (ကယ်လီဖိုးနီးယားပြည်နယ်၊ လောင်းဘိချ်မြို့နှင့် စဲန်ဒယေးဂိုးမြို့; မီချီဂန်ပြည်နယ် ပန်တီအက်ခ်မြို့; နှင့် တက္ကဆက်ပြည်နယ်၊ ဟော်စ္စတန်မြို့) ရှိညီအစ်ကိုညီအစ်မများသည် ၁၉၇၈ ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသော ဦးဆုံး အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများကို တက်ရောက်ကြသည့် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများမှ ထောင်နှင့်ချီသောကိုယ်စားလှယ်များကို ဧည့်ခံခဲ့ကြသည်။ ပြောဆိုသည့်ဘာသာစကားအမျိုးမျိုးက စည်းဝေးကြီးများတွင် နွေးထွေးသောမေတ္တာဖြင့်ဆက်သွယ်မှုကို အတားအဆီးမဖြစ်စေကြောင်း တွေ့ရှိခဲ့ရသည်။ မိမိတို့၏အိမ်များကို နိုင်ငံခြားကိုယ်စားလှယ်များအား တည်းခိုခွင့်ပေးကြသောညီအစ်ကိုများသည် ထပ်ဆင့်ပျော်ရွှင်ဖွယ်ပေါင်းသင်းမှုကိုရရှိခဲ့ကြသည်။ သာသနာပြုများနှင့် အပြည်ပြည်ဆိုင်ရာအမှုထမ်းများသည် စည်းဝေးကြီးများကိုတက်ရန် အမေရိကန်ပြည်ထောင်စုသို့ ပြန်လာကြသည်။ သူတို့၏တက်ရောက်မှုက အားလုံးကို ဝိညာဉ်ရေးအရ အားရှိစေခဲ့သည်။ ကျွန်ုပ်တို့သည် ၁၉၉၉ ခုနှစ်ခရိုင်စည်းဝေးကြီးအတွက် အတူတကွစုဝေးကြစဉ် အဖိုးထိုက်သည့် ညီအစ်ကိုအသင်းအပင်းနှင့်တွေ့ဆုံခြင်း၊ ကိုယ်တော်ပေးထားသည့်စည်းလုံးမှုအတွက် ယေဟောဝါအားကျေးဇူးတင်ခြင်းစသည့် ထပ်ဆင့်အခွင့်အရေးများကို ကျွန်ုပ်တို့ရရှိမည်ဖြစ်သည်။
၃ လေးမြတ်မှုကိုဖွင့်ဟတင်ပြခြင်း– ယူ.အက်စ်.အေတွင် သက်သေခံမိသားစုတစ်ခုသည် သူတို့တည်းခိုခဲ့သည့်ဟိုတယ်မန်နေဂျာထံ ဤသို့စာရေးခဲ့သည်– “ကျွန်တော်တို့မိသားစုတည်းခိုခဲ့သမျှ ဟိုတယ်တွေထဲမှာ မိတ်ဆွေရဲ့ဟိုတယ်ဟာ အကောင်းဆုံးပါပဲ။ အခန်းတွေကို နှံ့နှံ့စပ်စပ်သန့်ရှင်းရေးလုပ်ပေးတယ်၊ ကျွန်တော်တို့လိုအပ်တာမှန်သမျှကို ပြည့်ပြည့်စုံစုံထားပေးတယ်။ မိတ်ဆွေရဲ့ဟိုတယ်မှာရှိတဲ့ လူတိုင်းရဲ့ပူးပေါင်းလုပ်ဆောင်မှုကြောင့် အဲဒီလိုမျိုးနှစ်လိုဖွယ်ရက်သတ္တပတ်အဆုံးကို ကျွန်တော်တို့ပျော်မွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့တတ်နိုင်တဲ့နှုန်းတွေကိုထားပေးခြင်းဖြင့် ကင်းမျှော်စင်စည်းဝေးကြီးအစီအစဉ်များမှာပါဝင်ခြင်းအတွက် မိတ်ဆွေကိုကျေးဇူးတင်လိုပါတယ်။” သင်သည်လည်း မိမိအကျိုးအတွက်ပြုလုပ်ပေးသည့် အစီအစဉ်များစွာကို ကျေးဇူးတင်ပါသလော။ အသင်းမသည် စည်းဝေးကြီးနှင့်အစီအစဉ်၏ဝိညာဏအကျိုးကျေးဇူးများကို ကျွန်ုပ်တို့အားလုံး အာရုံစူးစိုက်ခွင့်ရရန် စည်းဝေးကြီးကာလအတွင်း သက်သောင့်သက်သာရှိသော၊ ကိုယ်တတ်နိုင်သော နေရာထိုင်ခင်းများရရှိရေး စီမံပေးရခြင်းကို ဝမ်းမြောက်ပါသည်။
၄ စည်းဝေးကြီးများတွင် ကျွန်ုပ်တို့ညီအစ်ကိုညီအစ်မများ၏အကျင့်ကောင်းများကြောင့် ယေဟောဝါ၏နာမတော်ချီးမွမ်းခံရကြောင်း ကြားရခြင်းသည် အားရှိစရာပင်။ ဟိုတယ်အလုပ်သမားတစ်ဦးက “သင်တို့ရဲ့ကိုယ်စားလှယ်များဟာ ကျွန်တော်တို့ဆီမှာရှိတဲ့သူတွေထဲမှာ အကောင်းဆုံးသူတွေပါပဲ” ဟုပြောခဲ့သည်။ အခြားအလုပ်သမားတစ်ဦးက ဤသို့မှတ်ချက်ချသည်– “သင်တို့ရဲ့လူတွေက ကြိုတင်ပြီးအခန်းယူထားတာကို ကျွန်ုပ်တို့သဘောကျပါတယ်။ သူတို့အားလုံးဟာ ယဉ်ကျေးသိမ်မွေ့ကြပြီး လိုအပ်တဲ့အချက်အလက်တွေပေးဖို့ အသင့်ရှိကြပါတယ်။ သူတို့ဟာ အတူလုပ်ဆောင်ဖို့ အလွယ်ကူဆုံးအုပ်စုပါပဲ။” စားသောက်ဆိုင်တစ်ဆိုင်၏မန်နေဂျာက “ကျွန်ုပ်တို့ဂုဏ်ယူစရာဖြစ်နိုင်တဲ့ လူအုပ်စုတစ်စု မြို့မှာရှိနေတာကို ကျွန်ုပ်တို့အားရမိပါတယ်” ဟုဆို၏။ စားသောက်ဆိုင်သည် စည်းဝေးကြီးရင်ထိုးတံဆိပ်များတပ်ဆင်ထားသည့် ကိုယ်စားလှယ်တိုင်းကို ၁၀ ရာခိုင်နှုန်းလျှော့ပေးခဲ့သည်။ ဟိုတယ်မန်နေဂျာတစ်ဦးကလည်း “ကျွန်ုပ်တို့ရဲ့ဟိုတယ်မှာ သင်တို့ရဲ့လူများတည်းခိုတာ ဝမ်းမြောက်စရာဖြစ်ပါတယ်” ဟုပြောသည်။ ဤဖွင့်ဟတင်ပြချက်များသည် အပြင်လူများထံမှ သက်သေထွက်ဆိုချက်ကောင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ရရှိခဲ့သည့်နာမည်ကောင်းကြောင့် ယေဟောဝါ၏ဘုန်းထင်ရှားပြီး ယင်းအတွက် ကိုယ်တော်ဂုဏ်ယူပါသည်။—၁ သက်. ၄:၁၂; ၁ ပေ. ၂:၁၂။
၅ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ စည်းဝေးကြီး ၇ ခုကိုကျင်းပခဲ့ပါသည်။ ယင်းတို့အနက်တစ်ခုမှာ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်၏။ မြန်မာအပြင် အင်္ဂလိပ်စည်းဝေးကိုလည်း ရန်ကုန်တွင်ကျင်းပခဲ့သည်။ အခြားစည်းဝေးကြီး ၅ ခုမှ မှတ်တမ်းမရရှိသေးပါ။ ဗေသလခြံဝင်းတွင်ကျင်းပခဲ့သည့် မြန်မာစည်းဝေးကြီးတွင် လူတစ်ထောင်နီးပါးတက်ရောက်ခဲ့သည်။ ၁၇ ယောက်နှစ်ခြင်းခံခဲ့သည်။ နေ့တိုင်း မိုးသည်းထန်စွာရွာသည့်ကြားမှ ညီအစ်ကိုများသည် ၃ ရက်စလုံး သစ္စာရှိရှိတက်ရောက်ခဲ့ကြသည်၊ အချို့တို့သည် မိုးမစိုစေရန် ထီးများဆောင်းထားကြသည်။
၆ ၁၉၉၉ ခုနှစ် “ဘုရားသခင်၏ပရောဖက်ပြုစကား” ခရိုင်စည်းဝေးကြီးကို သုံးရက်စလုံးတက်ရောက်ရန် အစီအစဉ်များကို ယခုပြုလုပ်ဖို့ သင့်အား ကျွန်ုပ်တို့တိုက်တွန်းပါသည်။ စည်းလုံးညီညွတ်သည့်အုပ်စုတစ်စုအနေနှင့် ဘုရားသခင်အားဝတ်ပြုသူများ၏ ဝိညာဏ “ရွှင်လန်းခြင်းအသံ၊ ထောမနာပြုခြင်းအသံ” ကိုကြားရဖို့ သင်နှင့်အတူ ကျွန်ုပ်တို့စောင့်မျှော်ပါသည်။ (ဆာ. ၄၂:၄) ဆက်လက်၍ ဝိညာဉ်ရေးတိုးတက်ကောင်းမွန်စေရန် ပြုလုပ်သည့်အစီအစဉ်အားလုံးကို ယေဟောဝါကောင်းချီးပေးပါစေ!
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
အစီအစဉ်အချိန်
သောကြာ နှင့် စနေ
နံနက် ၉:၃၀ — မွန်းလွဲ ၅:၀၀
တနင်္ဂနွေ
နံနက် ၉:၃၀ — မွန်းလွဲ ၄:၀၀