ယေဟောဝါသက်သေတို့၏ ၂၀၀၁ ခုနှစ် “ဘုရားသခင့်စကားတော်ကိုသွန်သင်သူများ” ခရိုင်စည်းဝေးကြီး
၁ ပရောဖက်ဟေရှာယက ယေဟောဝါကို ဖခင်တစ်ဦးပမာ ဤသို့တိုက်တွန်းတော်မူသည့် မဟာသွန်သင်ရှင်အဖြစ်ဖော်ပြခဲ့သည်– “အသင်လူတို့၊ ဤလမ်းဖြစ်၏။ ထိုအတိုင်းလျှောက်လော့။” (ဟေရှာ. ၃၀:၂၀၊ ၂၁၊ ကဘ) သို့သော် ကျွန်ုပ်တို့အကျိုးအတွက်မိန့်တော်မူသည့် ယေဟောဝါ၏စကားတော်ကို ကျွန်ုပ်တို့မည်သို့ကြားရကြမည်နည်း။ ယေဟောဝါသည် သမ္မာကျမ်းစာအပြင် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ အားဖြင့်စီမံပေးထားသည့် ကျမ်းစာအခြေပြုစာပေများ၊ အစည်းအဝေးများ၊ တိုက်နယ်စည်းဝေးနှင့် ခရိုင်စည်းဝေးကြီးများမှတစ်ဆင့် မိမိ၏လူမျိုးတော်ကို စကားပြောတော်မူသည်။ (မ. ၂၄:၄၅) ကျွန်ုပ်တို့လျှောက်အပ်သည့်လမ်းဖြင့် ဆက်၍လမ်းညွှန်ပေးနေသည့်အတွက် ယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်နိုင်သည်။
၂ နှစ်စဉ်နှစ်တိုင်း၊ ခရိုင်စည်းဝေးကြီးသည် ကျွန်ုပ်တို့အား ယုံကြည်သူချင်းများနှင့်အတူစုဝေးရန်နှင့် ယေဟောဝါ၏ညွှန်ကြားချက်များကို ဂရုတစိုက်နားထောင်ရန်အခွင့်အရေး ရရှိစေသည်။ တက်ရောက်ရေး အစီအစဉ်များဆွဲရန် သင်စောင့်မျှော်နေသည်ကို ကျွန်ုပ်တို့သိသောကြောင့် သင့်အား အကူအညီပေးရန် အောက်ပါညွှန်ကြားချက်များကို စီစဉ်နေပါသည်။
၃ ဟိုတယ်အခန်းကြိုယူထားခြင်း– ဟိုတယ်များက စည်းဝေးကြီးတက်မည့် ညီအစ်ကိုညီအစ်မများထံမှ မတန်တဆဈေးမတောင်းစေရန် အသင်းမသည် စည်းဝေးကြီးမြို့တစ်ခုစီရှိ ဒေသန္တရနေရာချထားရေးဌာနအား လက်သင့်ခံနိုင်သောအခန်းနှုန်းထားများနှင့်ပတ်သက်၍ ညွှန်ကြားချက်ပေးထားသည်။ အသင်းတော်တစ်ခုစီသို့ပို့ထားသော အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းတွင် ၎င်းအခန်းနှုန်းထားပေါ်လစီများနှင့် ပူးပေါင်းဆောင်ရွက်သည့် ဟိုတယ်အားလုံးကိုဖော်ပြထားသည်။ သို့သော် ဤနှစ်စာရင်းတွင်ပါသည့်ဟိုတယ်များသည် နောက်နှစ်စာရင်းတွင်ပါချင်မှပါမည်ဖြစ်ကြောင်း သင်သတိပြုမိပါလိမ့်မည်။ ယင်းသည် များသောအားဖြင့် ဤအကြောင်းရင်းသုံးခုအနက်တစ်ခုကြောင့်ဖြစ်သည်– (၁) ဟိုတယ်ဝန်ထမ်းစုက အသင်းမ,လက်သင့်ခံနိုင်သော အခန်းနှုန်းထားများကိုမပေးဖို့ ဆုံးဖြတ်ခြင်း။ (၂) နေရာချထားရေးဌာနသည် ဈေးနှုန်း သို့မဟုတ် တည်နေရာတို့ကြောင့် အခြားဟိုတယ်တစ်ခုကို စာရင်းတွင်ထည့်ရန်ရွေးချယ်ခြင်း။ (၃) ဟိုတယ်သည် အသင်းမ၏သန့်ရှင်းမှု နှင့်/သို့မဟုတ် လုံခြုံမှုစံနှုန်းများကို မမီခြင်း။
၄ အသင်းမသည် အဆင်ပြေသည့်စည်းဝေးကြီးမြို့များတွင် စည်းဝေးကြီးများကိုဆက်၍ကျင်းပလိုပါသည်။ အသင်းမနှင့် ဒေသန္တရနေရာချထားရေးဌာနသည် သင်၏ရေရှည်အကျိုးကိုလိုလားသောကြောင့် ကင်းမျှော်စင်အသင်းစည်းဝေးကြီးနှင့်အတူ လက်ရှိ လုပ်ဆောင်နေသည့် ဟိုတယ်များတွင်သာ ကြိုတင်၍အခန်းများယူကြဖို့ နှစ်စဉ် ကျွန်ုပ်တို့မေတ္တာရပ်ခံရခြင်းဖြစ်သည်။ ဇန်နဝါရီပထမအပတ်တွင် သင့်အသင်းတော်သည် သင့်စည်းဝေးကြီးအတွက် အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းကို ရရှိမည်ဖြစ်ပါသည်။ သင် ကြိုတင်၍အခန်းယူသည့်အခါ ဤကြားညှပ်၏ “ဟိုတယ်တွင်ကြိုတင်၍အခန်းယူရာ၌ ပြုရမည့်အဆင့်များ” ဟူသည့်လေးထောင့်ကွက်ပါ ညွှန်ကြားချက်များကို သေသေချာချာလိုက်နာပါ။ မီးနှင့်လုံခြုံရေးစည်းမျဉ်းများကြောင့် တစ်ခန်းစီတွင် လေးယောက်ထက်မပိုဖို့ စီစဉ်သင့်သည်။ ဟိုတယ်က တစ်ခန်းတွင် လေးယောက်ထက်မကခွင့်ပြုလျှင် ယင်းကို “အရွယ်ရောက်သူများ” ဟူသည့်ခေါင်းစဉ်အောက်ရှိ အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းတွင် ရှင်းလင်းစွာဖော်ပြပေးပါမည်။
၅ သင်သည် အခန်းများမရရှိကြောင်း သင့်အသင်းတော်အတွင်းရေးမှူးထံ အကြောင်းမကြားမီ အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းရှိ ဟိုတယ်များ အားလုံ ကို ဖုန်းဆက်ပြီးကြောင်း သေချာစေပါ။ သူသည် စာရင်း၏ထိပ်တွင်ဖော်ပြထားသည့် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကိုသုံးပြီး နေရာချထားရေးဌာနကို ဆက်သွယ်ကာ အခြေအနေနှင့်ပတ်သက်၍ ၎င်းတို့အား အကြောင်းကြားပါမည်။ ပြင်ဆင်တည်းဖြတ်ထားသည့်စာရင်းတစ်ခုကို သင့်အသင်းတော်သို့ ပို့ပေးပါလိမ့်မည်။ စာရင်းတွင်မပါသည့် ဟိုတယ်တစ်ခု၌ ကြိုတင်၍အခန်းယူမည့်အစား စာရင်းအသစ်ကို စောင့်ပါ။ ကြိုတင်၍အခန်းယူထားပြီးလျှင် ကျေးဇူးပြု၍ နောက်ဟိုတယ်တစ်ခုသို့ပြောင်း၍ အခန်းကြိုယူခြင်းမပြုပါနှင့်။ အခန်းမရသေးသည့် ညီအစ်ကိုညီအစ်မများရှိသောကြောင့် ဟိုတယ်များကို ထပ်တိုးရပါသည်၊ ၎င်းသည် အခန်းကြိုယူထားပြီးသူများ ထပ်ရွေးရန်စီစဉ်ပေးခြင်းမဟုတ်ပါ။ ဤညွှန်ကြားချက်ကိုလိုက်နာခြင်းက ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများကို ချစ်ကြောင်းတင်ပြရန်နှင့် လောက၏ငါသာပဓာနဟူသည်သဘောထားကို ရှောင်ကြဉ်ရန်အခွင့်အရေးရရှိစေသည်။—၁ ကော. ၁၀:၂၄။
၆ ဟိုတယ်များသို့ စရန်ငွေများပေးပို့ခြင်းနှင့် ဟိုတယ်ပြဿနာများကိုင်တွယ်ခြင်း– ကြိုတင်ယူထားသည့်အခန်းစိတ်ချရရန် သင်ကြိုမှာသည့်နေ့မှဆယ်ရက်အတွင်း ကြိုယူထားသည့်တစ်ခန်းစီအတွက် တစ်ညခစရန်ငွေပေးထားရမည်။ စရန်ငွေမပေးထားလျှင် ဟိုတယ်သည် သင့်အခန်းကို အခြားသူတစ်ဦးအား ပေးခွင့်ရှိသည်။ စည်းဝေးကြီးမတိုင်မီ သို့မဟုတ် ပြီးနောက်တွင် အခက်အခဲတစ်ခုခုကြုံလျှင် အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းထိပ်တွင် ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကိုသုံး၍ နေရာချထားရေးဌာနအား စာဖြင့်ဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ သတင်းပို့နိုင်သည်။ စည်းဝေးကြီးအတွင်း ပြဿနာတစ်ခုပေါ်ပေါက်လျှင် သင် ဟိုတယ်မှ ကျသင့်ငွေရှင်းပြီးမထွက်ခွာမီ ညီအစ်ကိုများ သင့်အားကူညီနိုင်ရန် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း စည်းဝေးကြီးနေရာချထားရေးဌာနသို့ သွားသင့်သည်။
၇ အထူးအကူအညီလိုအပ်သူများကိုကြည့်ရှုခြင်း– သက်ကြီးရွယ်အို၊ အိုမင်းမစွမ်း၊ အချိန်ပြည့်အမှုဆောင်များ သို့မဟုတ် အခြားသူများသည် စည်းဝေးကြီးတက်ရောက်ရာတွင် အကူအညီလိုကောင်းလိုပေမည်။ အထူးအကူအညီလိုအပ်သူများ၏ ထူးခြားသည့်အခြေအနေများကိုသိထားသော အသင်းတော်ရှိဆွေမျိုးများ၊ အကြီးအကဲများနှင့် အခြားသူများသည် မေတ္တာဖြင့် လိုအပ်သည့်အစီအစဉ်များလုပ်ပေးနိုင်သည်။ မိသားစုနှင့်အသင်းတော်၏တာဝန်ကို စည်းဝေးကြီးစီစဉ်ဖွဲ့စည်းရေးအဖွဲ့သို့ မလွှဲပေးသင့်ပါ။ (၁ တိ. ၅:၄) အသင်းမ၏အထူးအကူအညီလိုအပ်သူများနေရာထိုင်ခင်းတောင်းခံလွှာပုံစံက ယင်းပုံစံတင်သွင်းခြင်းအတွက် အရည်အချင်းများကိုဖော်ပြသည်။ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ယင်းပုံစံကို နေရာချထားရေးဌာနသို့မပို့မီ လျှောက်ထားသူ၏အရည်အချင်းတစ်ခုစီကို သုံးသပ်သင့်သည်။ အသင်းတော်အတွင်းရေးမှူးသည် နေရာချထားရေးဌာနက မေးခွန်းတစ်စုံတစ်ရာရှိလျှင် သူ့အားဆက်သွယ်နိုင်ရန် ပုံစံစာရွက်ပေါ်တွင် သူ၏ဖုန်းနံပါတ်ကို ဖော်ပြပေးသင့်သည်။ လက်ခံအတည်ပြုထားသောပုံစံများကို ပုံစံ၏ကျောဘက်တွင်ဖော်ပြထားသည့် စည်းဝေးကြီးလိပ်စာသို့ ပို့သင့်သည်။
၈ အခြားစည်းဝေးကြီးတစ်ခုကိုတက်ရောက်ခြင်း– သင်သည် အခြားစည်းဝေးကြီးတစ်ခုအတွက် အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်း သို့မဟုတ် သတင်းအချက်အလက်လိုအပ်လျှင် အသင်းတော်အတွင်းရေးမှူးသည် အထူးအကူအညီလိုအပ်သူများနေရာထိုင်ခင်းတောင်းခံပုံစံ၏ကျောဘက်တွင်တွေ့ရသည့် စည်းဝေးကြီးရုံးစိုက်ရာနေရာ၏လိပ်စာကို သင့်အားပေးနိုင်ပါသည်။ သင့်တောင်းခံလွှာကို အမြဲတမ်း တံဆိပ်ခေါင်း၊ လိပ်စာအပြည့်အစုံရှိသောစာအိတ်ဖြင့်ပို့ပါ။ ထိုမြို့တွင် စည်းဝေးကြီးတစ်ခုထက်မကကျင်းပလျှင် သင်တက်ရောက်မည့် စည်းဝေးကြီး၏နေ့စွဲများကို မဖြစ်မနေဖော်ပြပါ။
၉ ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ဟိုတယ်ဝန်ထမ်းစု မည်သို့ခံစားရသနည်း။ ယေဟောဝါလူမျိုးတော်၏အမူအကျင့်ကောင်းကို ဝေဖန်ပြီးနောက် အနောက်အလယ်ပိုင်းရှိ ဟိုတယ်တစ်ခု၏အထွေထွေမန်နေဂျာက ဤသို့ဆိုခဲ့သည်– “ကြာသပတေးနေ့မှာ ဟိုတယ်ကို ယေဟောဝါသက်သေတွေရောက်လာတာမြင်တဲ့အခါ တနင်္လာနေ့မနက်အထိ ကျွန်တော်အလုပ်နားတယ်။ ပြဿနာကြီးကြီးမားမားရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ခင်ဗျားတို့လူတွေ ဒီမှာရှိနေတာ အမြဲနှစ်ထောင်းအားရတယ်။” ဟိုတယ်အရောင်းစာရေးမတစ်ဦးက ဤသို့ဆိုသည်– “အံ့ဩစရာကောင်းတဲ့အုပ်စုပဲ! ယောက်တိုင်းက ‘ကျေးဇူးတင်တယ်’ လို့ပဲပြောပြောနေကြတယ်။” ကျွန်ုပ်တို့၏ညီအစ်ကိုများအား ဤကဲ့သို့ပြောသည်ကိုကြားရခြင်းသည် သင့်အတွက် ဂုဏ်ယူစရာမဟုတ်လော။ ယေဟောဝါဘုရားသခင်သည် ကိုယ်တော့်နာမတော်အား ချီးမွမ်းစရာဖြစ်စေသည့်နည်းဖြင့် ကျွန်ုပ်တို့ပြုမူနေသည်ကိုမြင်ရသည့်အခါ မည်မျှပျော်မည်ကို စဉ်းစားကြည့်ပါ!
၁၀ နိဂုံး– ခရိုင်စည်းဝေးကြီးတက်ဖို့ အချိန်နီးကပ်လာသည်နှင့်အမျှ သုံးရက်စလုံး၏အစီအစဉ်ပိုင်းအားလုံးကို တက်ရောက်ကာ အစီအစဉ်မှ အကျိုးအများဆုံးရရှိနိုင်ရန် ယေဟောဝါထံဆုတောင်းပါ။ သင်တက်ရောက်ရန်စီစဉ်ထားသည့် စည်းဝေးကြီးသုံးရက်အတွက် အလုပ်မှခွင့်တောင်းပြီးပြီလော။ ခွင့်မတောင်းရသေးလျှင် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်းတောင်းပါ။ အလုပ်မှခွင့်ရရန် အချိန်ကပ်မှတောင်းဆိုခြင်းသည် များသောအားဖြင့်မရတတ်ပါ။ သစ္စာနှင့်သတိပညာရှိကျွန်သည် ကျွန်ုပ်တို့ကို ဝိညာဏညွှန်ကြားချက်ပေးရန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတည်ဆောက်ပေးရန် ဤနှစ် “ဘုရားသခင့်စကားတော်ကိုသွန်သင်သူများ” ခရိုင်စည်းဝေးကြီးကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တက်ရောက်ရန် သင့်အစီအစဉ်များကို ယခုစတင်ပြုလုပ်ကာ ဆာလံဆရာ၏ ဤဆုံးမစကားကို လိုက်နာပါ– “ပရိသတ်အစည်းအဝေးတို့၌ ထာဝရအရှင်ဘုရားသခင်ကို ကောင်းချီးပေးကြလော့။”—ဆာ. ၆၈:၂၆။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
အစီအစဉ်အချိန်များ
သောကြာနေ့နှင့်စနေနေ့
နံနက် ၉:၃၀ နာရီ – မွန်းလွဲ ၅:၀၀ နာရီ
တနင်္ဂနွေနေ့
နံနက် ၉:၃၀ နာရီ – မွန်းလွဲ ၄:၀၀ နာရီ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဟိုတယ်တွင်ကြိုတင်၍အခန်းယူရာ၌ ပြုရမည့်အဆင့်များ
၁။ ပုံမှန်အလုပ်ချိန်အတွင်း ဟိုတယ်များသို့ဖုန်းဆက်ပါ (ဖြစ်နိုင်လျှင် ဇန်နဝါရီတွင်)။ အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းတွင်ဖော်ပြထားသော ဟိုတယ်ဖုန်းနံပါတ်များကိုသုံးပါ။
၂။ သင်သည် ကင်းမျှော်စင်အသင်းစည်းဝေးကြီးကို တက်ရောက်မည့် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း ဟိုတယ်ကို အသိပေးပါ။
၃။ ဟိုတယ်တွင် သင်တည်းခိုမည့်ရက်များကို ဖော်ပြပါ။
၄။ အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းတွင် ဖော်ပြထားသောအခန်းနှုန်းထား(များ)ကို သင်ရရှိထားကြောင်း သေချာစေပါ။ သာ၍ကြီးမြင့်သောနှုန်းထားကို လက်မခံပါနှင့်။
၅။ အခန်းများမရှိလျှင် စာရင်းတွင်ပါသည့် နောက်ဟိုတယ်တစ်ခုသို့ ဖုန်းဆက်ပါ။
၆။ ကြိုတင်၍အခန်းယူထားကာ ရမည့်အခန်းနံပါတ်ကို တောင်းပါ။
၇။ အကြွေးဝယ်ကတ်၊ ချက်လက်မှတ် သို့မဟုတ် မန်နီအော်ဒါဖြင့် စရန်ငွေပေးပို့ပါ။ ငွေသား မ ပို့ပါနှင့်။ စရန်ငွေပေးပို့လျှင်
အကြွေးဝယ်ကတ်– သင်၏ကတ်တွင် စရန်ငွေကို ချက်ချင်းမှတ်ထားရန် ဟိုတယ်အားညွှန်ကြားပါ။
ချက်လက်မှတ် သို့မဟုတ် မန်နီအော်ဒါ– ရှေ့ဘက်တွင် ရမည့်အခန်းနံပါတ်ကိုရေးကာ ဆယ်ရက်အတွင်း ပို့ပေးပါ။
ကျေးဇူးပြု၍ ဤအချက်များကိုလည်းဂရုပြုပါ–
◼ အကြံပြုထားသည့်နေရာထိုင်ခင်းစာရင်းပါ ဟိုတယ်များတွင်သာ တည်းခိုပါ။
◼ သင့်အတွက်နှင့် သင် သတ်သတ်မှတ်မှတ်စီစဉ်ထားသူများအတွက်သာ ကြိုတင်၍အခန်း(များ) ယူထားပါ။
◼ သင် ပထမဦးဆုံး ကြိုတင်မှာထားသည့်အခန်းကိုယူပါ။