ဓမ္မအမှုလုပ်ငန်းတွင် ခရစ်တော်ကိုတုပခြင်း
၁ ယေရှုသည် ဓမ္မအမှုလုပ်ငန်းတွင် ကျွန်ုပ်တို့အတွက် ပုံသက်သေချမှတ်ခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်နှင့် လူတို့ကိုချစ်ကြောင်း နည်းမျိုးစုံဖြင့် ကြိမ်ဖန်များစွာ တင်ပြခဲ့၏။ နှိမ့်ချသူများကို အမှန်တရားသွန်သင်ပေးပြီး ဝေဒနာခံစားရသူများနှင့် ဖိနှိပ်ခံရသူများ၏အကျိုးအတွက် မေတ္တာကရုဏာပါသည့် အံ့ဖွယ်အမှုများကို ပြုလုပ်ခဲ့သည်။—မ. ၉:၃၅။
၂ ယေရှု၏ပုံသက်သေနှင့် သွန်သင်ချက်များ– ယေရှုသည် လူ့အဖွဲ့အစည်းကို အကျိုးပြုရန် နိုင်ငံရေးတွင်ပါဝင်ခြင်း၊ လူထုအကျိုးဆောင်လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ မပြုခဲ့ပေ။ ရည်ရွယ်ချက်ကောင်းရှိသည့် လုပ်ငန်းတစ်ခုခုကြောင့် အာရုံလွဲသွားခြင်း၊ မိမိ၏အဓိကလုပ်ငန်းကို အလေးမထားခြင်းလည်း မရှိခဲ့ပေ။ (လု. ၈:၁) လူ့ပြဿနာများအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းအစစ်အမှန်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို ကိုယ်တော်အာရုံစိုက်ခဲ့သည်။ ယေရှုလုပ်ဆောင်ရမည့် အရေးကြီးလုပ်ငန်းရှိပြီး ယင်းအတွက် အချိန်အကန့်အသတ်သာရှိသည်။ ကပေရနောင်မြို့ရှိလူတို့က ယေရှုကို ထိုတွင်ဆက်နေစေလိုသော်လည်း ကိုယ်တော်က “နီးစပ်သောမြို့ရွာတို့၌ တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလို့ငှာ ငါကြွလာပြီ” ဟုတပည့်များကို မိန့်တော်မူ၏။—မာ. ၁:၃၈။
၃ တပည့်များကို လေ့ကျင့်ပေးပြီးနောက် “‘ကောင်းကင်နိုင်ငံတော်တည်လုနည်းပြီ’ ဟု သတင်းကြားပြောကြလော့” ဟူ၍ညွှန်ကြားကာ စေလွှတ်ခဲ့သည်။ (မ. ၁၀:၇) တပည့်များ၏အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားရန် ကိုယ်တော်သွန်သင်ခဲ့သည်။ (မ. ၆:၃၃) ကိုယ်တော်ကောင်းကင်သို့မတက်ကြွမီ တပည့်များအား ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေကြလော့’ ဟုမှာကြားခဲ့သည်။—မ. ၂၈:၁၉။
၄ နိုင်ငံတော်၏အရေးပါမှု– ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း အဓိကဟောပြောခဲ့ပြီး မိမိပုံသက်သေကို လိုက်လျှောက်ရန် တပည့်များအား တိုက်တွန်းခဲ့၏။ လူတို့သည် လူ့ပြဿနာများကိုဖြေရှင်းရန် ကြိုးစားသော်လည်း မအောင်မြင်နိုင်ပေ။ (ယေ. ၁၀:၂၃) ဘုရားသခင့်နိုင်ငံတော်ကသာ ဘုရားသခင့်နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပြီး လူသားတို့အတွက် ထာဝရကယ်လွှတ်ခြင်းချမ်းသာ ရရှိစေပါလိမ့်မည်။ (မ. ၆:၉၊ ၁၀) “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့” ကို နိုင်ငံတော်အမှန်တရားအကြောင်း သွန်သင်ပေးခြင်းဖြင့် ယခုပင် ပျော်ရွှင်အောင်မြင်သောဘဝကို ပိုင်ဆိုင်စေပြီး အနာဂတ်တွင် စိတ်ချရသောမျှော်လင့်ချက် ရှိစေသည်။—ယေဇ. ၉:၄။
၅ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို ယေရှုဆက်ဦးဆောင်နေပြီး ကျွန်ုပ်တို့ကိုထောက်မပေးမည်ဟု အာမခံထားသည်။ (မ. ၂၈:၂၀) ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ယေရှုချမှတ်ခဲ့သောပုံသက်သေနှင့်အညီ အဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သနည်း။ (၁ ပေ. ၂:၂၁) ဤနောက်ဆုံးကာလ၌ ကျွန်ုပ်တို့သည် ဓမ္မအမှုလုပ်ငန်းတွင် ယေရှုချမှတ်ခဲ့သောပုံသက်သေကို အတတ်နိုင်ဆုံး အနီးကပ်တုပကြပါစို့။