ခရစ်ယာန်ဓမ္မအမှု—ကျွန်ုပ်တို့၏အဓိကလုပ်ငန်း
၁ ကျွန်ုပ်တို့အားလုံး၌ လုပ်ဆောင်ရမည့် လုပ်ငန်းအမျိုးမျိုးရှိကြသည်။ အိမ်ထောင်ကို ကျွေးမွေးပြုစုခြင်းသည် ဘုရားသခင့်တောင်းဆိုချက်တစ်ခုဖြစ်၏။ (၁ တိ. ၅:၈) သို့သော် ထိုဘုရားသခင့်တောင်းဆိုချက်တွင် ပါဝင်သည့်လုပ်ငန်းက နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို လွှမ်းမိုးမသွားသင့်ပေ။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀။
၂ ယေရှုသည် “နိုင်ငံတော် . . . ကိုရှေးဦးစွာရှာ” ရာတွင် ကျွန်ုပ်တို့လိုက်လျှောက်ရန် စံနမူနာချမှတ်ခဲ့သည်။ (မ. ၆:၃၃; ၁ ပေ. ၂:၂၁) ကိုယ်တော်၌ ရုပ်ပစ္စည်းအနည်းငယ်သာရှိသော်လည်း ခမည်းတော်၏အလိုတော်ဆောင်ရာတွင် အပြည့်အဝအာရုံပြုခဲ့သည်။ (လု. ၄:၄၃; ၉:၅၈; ယော. ၄:၃၄) ကိုယ်တော်သည် အခွင့်အရေးရတိုင်း သက်သေခံရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ (လု. ၂၃:၄၃; ၁ တိ. ၆:၁၃) ကိုယ်တော်သည် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အလားတူပြင်းပြသောစိတ်ဝင်စားမှုရှိကြရန် တပည့်တော်များကို တိုက်တွန်းခဲ့သည်။—မ. ၉:၃၇၊ ၃၈။
၃ ယနေ့ ယေရှုကိုတုပခြင်း– ကျွန်ုပ်တို့သည် ခရစ်ယာန်ဓမ္မအမှုကိုအဓိကထားသည့် ရိုးရှင်းသောအသက်တာဖြင့် အသက်ရှင်ရန် ကြိုးစားခြင်းဖြင့် ယေရှု၏ပုံသက်သေကိုတုပနိုင်သည်။ ကျွန်ုပ်တို့၌ ဘဝလိုအပ်ရာများရှိပါက ဤလောက၏ရုပ်ပစ္စည်းများကို ပို၍ပို၍ ဆည်းပူးခြင်းမပြုရန်ဟူသော ကျမ်းစာသြဝါဒကိုလိုက်နာကြစို့။ (မ. ၆:၁၉၊ ၂၀; ၁ တိ. ၆:၈) ဟောပြောခြင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန် ကြိုးစားခြင်းသည် မည်မျှသာ၍ကောင်းသည်တကား! ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများနှင့်ရင်ဆိုင်ရပါက ဘဝ၏စိုးရိမ်ပူပန်မှုများက ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဖြစ်သည့် နိုင်ငံတော်သတင်းကောင်းကြေညာခြင်းကို လွှမ်းမိုးမသွားစေရန် ယေရှုကဲ့သို့ ကြိုးပမ်းအားထုတ်နိုင်ကြပါစေ။—လု. ၈:၁၄; ၉:၅၉-၆၂။
၄ တာဝန်များစွာထမ်းဆောင်ရသူများပင် ဟောပြောခြင်းလုပ်ငန်းကို ဦးစားပေးကြသည်။ မိသားစုကြီးပြီး အလုပ်တာဝန်တစ်ခုထမ်းဆောင်ကာ ခရစ်ယာန်အသင်းတော်တွင် အကြီးအကဲတစ်ဦးအဖြစ်အမှုထမ်းသည့် ညီအစ်ကိုတစ်ဦးက “ဓမ္မအမှုကို ကျွန်တော့်ရဲ့ အသက်မွေးလုပ်ငန်းအဖြစ်ရှုမြင်တယ်” ဟုဆိုသည်။ ရှေ့ဆောင်ညီအစ်မတစ်ဦးကမူ “ရှေ့ဆောင်ခြင်းဟာ အောင်မြင်တဲ့ လောကီအသက်မွေးဝမ်းကြောင်းလုပ်ငန်းထက် ပိုပြီးတန်ဖိုးရှိတယ်” ဟုဆိုသည်။
၅ ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ရှိနေပါစေ ယေရှု၏ပုံသက်သေကို လိုက်လျှောက်နိုင်ကြပါစေ။ မည်သို့အားဖြင့်နည်း။ ခရစ်ယာန်ဓမ္မအမှုကို ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဖြစ်စေခြင်းအားဖြင့်ဖြစ်သည်။