၂၀၁၀ ပြည့်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်
၁။ (က) မကြာသေးမီနှစ်များက အထူးစည်းဝေးပွဲနေ့များတွင် အဘယ်ကျမ်းဆိုင်ရာအဓိကအကြောင်းများ သုံးသပ်ခဲ့သနည်း။ (ခ) သင့်ဓမ္မအမှုကိုအထောက်အကူပြုခဲ့သော ယခင်အထူးစည်းဝေးပွဲနေ့များမှ အထူးပေါ်လွင်ချက်များရှိသလော။
၁ ‘သာ၍အရေးကြီးသောအရာများကို သေချာစွာ သိပါ၊’ ‘တစ်စိတ်တစ်သဘောတည်း အခိုင်အမာရပ်တည်ခြင်း၊’ ‘အမှန်တရားကို သက်သေခံလျက်နေလော့၊’ နှင့် ‘ကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏– ယေဟောဝါသည် ကျွန်ုပ်တို့၏အိုးထိန်းဖြစ်တော်မူ၏။’ (ဖိ. ၁:၉၊ ၁၀၊ ၂၇; ယော. ၁၈:၃၇; ဟေရှာ. ၆၄:၈) ယင်းတို့သည် လွန်ခဲ့သောအထူးစည်းဝေးပွဲနေ့များတွင် သုံးသပ်ခဲ့သော အဓိကအကြောင်းများစွာထဲမှ အနည်းငယ်သာဖြစ်သည်။ ၂၀၁၀ လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့ကို တက်ရောက်ရန် စိတ်ပြင်းပြနေပါသလော။ အဓိကအကြောင်းသည် ၁ ကောရိန္သု ၇:၂၉ မှဖြစ်ပြီး “အချိန်အနည်းငယ်သာ ကျန်တော့သည်” ဖြစ်ပါလိမ့်မည်။
၂။ ယင်းစည်းဝေးပွဲအတွက် စိတ်အားထက်သန်မှုကို မည်သို့ဖြစ်ပေါ်စေနိုင်သနည်း။
၂ အသင်းတော်တွင် အထူးစည်းဝေးပွဲနေ့ကျင်းပမည့်နေ့စွဲကို ကြေညာပြီးလျှင်ပြီးချင်း ယင်းစည်းဝေးပွဲအကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေးပါ။ မိဘအချို့သည် မိသားစုပြက္ခဒိန်တွင် စည်းဝေးပွဲကျင်းပမည့်နေ့စွဲကို ရေးမှတ်ပြီး ယင်းစည်းဝေးပွဲတွင် ယူသွားရမည့်ပစ္စည်းကိရိယာများကို စာရင်းပြုစုကာ စည်းဝေးနေ့ရောက်လာမည့်နေ့ရက်ကို ရေတွက်စေခြင်းဖြင့် မိမိတို့ကလေးများ ယင်းစည်းဝေးပွဲကို မျှော်လင့်နေကြရန် ကူညီပေးကြသည်။ မိသားစုဝတ်ပြုမှုညချမ်းအတွင်း ယခင်အထူးစည်းဝေးပွဲနေ့များမှ မှတ်စုများကို ပြန်သုံးသပ်လိုပေမည်။ သင်နှင့် သင့်မိသားစု “မည်သို့ကြားနာသည်ကို သတိပြု” နိုင်မည်အကြောင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူ စာမျက်နှာ ၁၃-၁၆ ပါအကြောင်းအရာကို ပြန်သုံးသပ်ခြင်းဖြင့် ယင်းအစီအစဉ်အတွက် သင့်စိတ်နှလုံးကိုလည်း ပြင်ဆင်ထားနိုင်သည်။—လု. ၈:၁၈။
၃။ တင်ဆက်မည့်အရာများမှ မည်သို့အကျိုးအပြည့်အဝရယူနိုင်သနည်း။
၃ သင်ယူခဲ့ရာကို ကျင့်သုံးပါ– စည်းဝေးပွဲတစ်ခုပြီးဆုံးပြီးနောက် အများပြောဆိုတတ်သည့်စကားမှာ “အရမ်းကောင်းတဲ့အစီအစဉ်ပဲ။” ယင်းသည် အမြဲမှန်၏၊ အကြောင်းမှာ ယင်းစည်းဝေးပွဲသည် ယေဟောဝါ၏ များစွာသောပြင်ဆင်ပေးမှုများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။ (သု. ၁၀:၂၂) အကြောင်းအရာများကို ကျင့်သုံးနိုင်ရန်အတွက် ယင်းတို့ကို တွေးတောဆင်ခြင်ပြီး စွဲမြဲရမည်ဖြစ်သည်။ (လု. ၈:၁၅) စည်းဝေးပွဲပြီးနောက် အိမ်ပြန်လမ်းတွင် မိသားစုလိုက် သို့မဟုတ် သင်၏ကားတွင်လိုက်ပါလာသူတို့နှင့် စည်းဝေးပွဲအကြောင်းပြန်ဆွေးနွေးဖို့ အချိန်ယူပါ။ တစ်ဦးစီ၏ပန်းတိုင်များနှင့် ဓမ္မအမှုတွင် အကူအညီဖြစ်စေမည့်အချက်များ ဆွေးနွေးပါ။ ယင်းသို့ပြုခြင်းက စည်းဝေးပွဲပြီးနောက်ပိုင်းအချိန်အတော်ကြာသည်အထိ အကြောင်းအရာများမှ သင်အကျိုးခံစားစေနိုင်မည်ဖြစ်သည်။—ယာ. ၁:၂၅။
၄။ ဤစည်းဝေးပွဲသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အထူးဖြစ်မည်နည်း။
၄ ကျွန်ုပ်တို့သည် တကယ်လိုအပ်နေသောလက်ဆောင်တစ်ခု ရရှိသောအခါ မိမိတို့ကိုယ်ကိုအခွင့်ထူးသူဟု အမြဲခံစားကြရသည်။ လာမည့်အထူးစည်းဝေးပွဲနေ့တွင် ကျွန်ုပ်တို့အတွက် ယေဟောဝါသိုမှီးထားရာကို စိတ်ပြင်းပြစွာ မျှော်လင့်နေသည်မဟုတ်လော။ ယင်းတို့သည် ကဏ္ဍတိုင်းတွင် အသုံးဝင်မည်မှာ သေချာသည်။ ကောင်းကင်ခမည်းတော် ယေဟောဝါပေးအပ်ထားသည့်တာဝန်ကို ထမ်းဆောင်ရန် အားပေးမှုနှင့် လေ့ကျင့်မှုရရှိစေခြင်းဖြင့် ယင်းသို့သောမှန်ကန်တိကျသည့်လက်ဆောင်မျိုးကို ကိုယ်တော်ထံမှ ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။—၂ တိ. ၄:၂; ယာ. ၁:၁၇။