အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
၂၀၀၀ ပြည့်နှစ်စက်တင်ဘာတွင်စတင်မည့် အထူးအစည်းအဝေးနေ့အစီအစဉ်၏ အဓိကအချက်မှာ “သိနားလည်နိုင်စွမ်းတွင် အရွယ်ရောက်သောသူဖြစ်ကြလော့” ဖြစ်သည်။ (၁ ကော. ၁၄:၂၀၊ ကဘ) ယင်းကိုတက်ရောက်ခြင်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်တန်ဖိုးရှိမည်နည်း။ ကျွန်ုပ်တို့သည် ဆိုးသွမ်းမှုနှင့်ပြည့်နှက်နေသည့်လောကတွင် အသက်ရှင်နေရသည်။ ယင်းကိုတိုက်လှန်ရန် ကျွန်ုပ်တို့၏ဝိညာဏသိနားလည်နိုင်စွမ်းကို ပြုစုပျိုးထောင်ရမည်ဖြစ်သည်၊ သို့မှသာ အဆိုးကိုအကောင်းဖြင့်အောင်နိုင်မည်ဖြစ်သည်။ ယင်းကား အထူးအစည်းအဝေးနေ့အစီအစဉ်က လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုကူညီပေးမည့်အရာဖြစ်သည်။
အစီအစဉ်အဖွင့်တွင် တိုက်နယ်ကြီးကြပ်မှူးက “သမ္မာကျမ်းစာသိနားလည်မှု၌ အရွယ်ရောက်သောသူဖြစ်လာရန် အကူအညီများ” ကိုဆွေးနွေးပါမည်။ သူသည် ခရစ်ယာန်ယုံကြည်ခြင်း၌ မည်သို့မြဲမြံလာနိုင်ကြောင်းကို တင်ပြပါမည်။ ဧည့်ဟောပြောသူက “သင့်သိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်းဖြင့် ဝိညာဉ်ရေးကိုကာကွယ်လော့” အကြောင်းအရာကိုဟောပြောစဉ် သမ္မာကျမ်းစာမူများကို အမှန်တကယ်အသုံးပြုခြင်း သို့မဟုတ် ကျင့်သုံးခြင်းသည် ထက်မြက်သောသိမြင်နိုင်စွမ်းကို ပြုစုပျိုးထောင်ရာတွင် မည်မျှအရေးကြီးကြောင်းကို ပေါ်လွင်စေပါမည်။
လူငယ်တို့သည်လည်း သိနားလည်နိုင်စွမ်းကို ပြုစုပျိုးထောင်ကြရမည်။ ယင်းကို “ဆိုးညစ်မှု၌ အဘယ်ကြောင့် နို့စို့သူငယ်ဖြစ်ရ” နှင့် “ယခုသိနားလည်မှုရှိသောလူငယ်များ” ဟူသည့်အပိုင်းများတွင် ဆွေးနွေးပါမည်။ လောက၏ဆိုးညစ်သည့်လုပ်ရပ်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိလိုစိတ်ကို ထိန်းချုပ်ကာ ဘေးဒုက္ခကိုရှောင်ကွင်းနိုင်ရန် ဝိညာဉ်ရေးအရ ခိုင်ခံ့နေဖို့ မည်သည့်အရာများလုပ်ဆောင်ကြောင်း လူငယ်တို့ပြောပြသည်ကို ကြားရပါမည်။
ကျွန်ုပ်တို့သည် ဘဝတွင် အကြီးမားဆုံးပျော်ရွှင်မှုကို မည်သို့ရရှိနိုင်သနည်း။ ဧည့်ဟောပြောသူက “သမ္မာကျမ်းစာမူများကို သိနားလည်မှုဖြင့်ကျင့်သုံးခြင်းမှ အကျိုးခံစားရ” ဟူသည့် နိဂုံးချုပ်ဟောပြောချက်တွင် ယင်းကိုရှင်းပြပါမည်။ သူက ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုကျင့်သုံးခြင်းသည် ပြဿနာများကိုကိုင်တွယ်တတ်ရန်၊ ဆုံးဖြတ်ချက်များချတတ်ရန်နှင့် ယေဟောဝါသွန်သင်ပေးနေသည့်အရာများမှ အမှန်တကယ်အကျိုးခံစားရရန် ကျွန်ုပ်တို့ကိုကူညီပေးကြောင်း ဥပမာများပေး၍တင်ပြပါမည်။
အစည်းအဝေး၌ ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ် တင်ပြလိုသူများသည် ဦးစီးကြီးကြပ်မှူးအား ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အကြောင်းကြားသင့်သည်။ အထူးအစည်းအဝေးနေ့ရက်စွဲကို ကြေညာသည်နှင့် သင့်ပြက္ခဒိန်တွင်မှတ်ထားပါ၊ အလွန်ကောင်းမွန်သည့်ဤအစီအစဉ်မှ အကျိုးခံစားရရန် တိကျသောအစီအစဉ်များဆွဲပါ။ အထူးအစည်းအဝေးနေ့၏ မည်သည့်အပိုင်းတစ်ခုကိုမျှ မလွတ်စေပါနှင့်! ယင်းက သင့်အား ဤဆိုးသွမ်းသောစနစ်ကိုကြံ့ကြံ့ခံကာ ယေဟောဝါအား ဆက်လက်သစ္စာရှိနေရန် ခွန်အားပေးပါမည်။