အမှုဆောင်လုပ်ငန်းကို တိုးတက်စေပါ
၁။ ကျွန်ုပ်တို့ရဲ့ အမှုဆောင်လုပ်ငန်းကို ဘယ်လိုတိုးတက်စေနိုင်သလဲ။
၁ အမှုဆောင်လုပ်ငန်းမှာ ဘာတွေလိုအပ်တယ်၊ ဘာတွေပြောင်းလဲနေတယ်ဆိုတာကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာရွက်က ပုံမှန်ဖော်ပြပေးတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ အထိရောက်ဆုံးလုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပြင်ဆင်ပေးတယ်။ နိုင်ငံတော်ဓမ္မအမှုစာရွက်က လစဉ်ထုတ်တာဖြစ်လို့ ဒီလထုတ်ဆောင်းပါးမှာပါတဲ့ ညွှန်ကြားချက်တွေဟာ နောက်လအတွက် အသုံးမဝင်တော့ဘူးလို့ ယူဆလို့ရသလား။ အမှုဆောင်လုပ်ငန်းရဲ့ အဓိကပန်းတိုင်တစ်ခုက နိုင်ငံတော်သတင်းတရားကို လူတွေ သိရှိနားလည်ဖို့ဖြစ်တယ်။ တစ်နှစ်ပြီး တစ်နှစ်ကုန်သွားပေမဲ့လည်း လူတွေရဲ့ စိတ်ဝင်စားရာ၊ ခံစားချက်တွေနဲ့ သဘောထားတွေကတော့ အခြေခံအားဖြင့် မပြောင်းလဲပါဘူး။ ဒါကြောင့် လူတွေရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးဖို့ နည်းလမ်းအမျိုးမျိုးကို ထိထိရောက်ရောက် အသုံးပြုနိုင်ပါတယ်။ အမှုဆောင်လုပ်ငန်းမှာ တခြားညီအစ်ကို၊ ညီအစ်မတွေ အောင်မြင်စွာ အသုံးပြုနေတဲ့ နည်းလမ်းတွေကို ဓမ္မအမှုစာရွက်ကနေ သိရှိရတယ်။ နှစ်တွေတစ်လျှောက် အမှုဆောင်လုပ်ငန်းအတွက် အကြံပြုချက်တွေ အမျိုးမျိုးပြောင်းလဲခဲ့ပေမဲ့ အခြေခံနည်းလမ်းတွေကတော့ မပြောင်းလဲပါဘူး။ လက်ရှိအကြံပြုချက်တွေဟာ အရင်က ဖော်ပြပြီးသားဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါတွေကို နောင်လည်း ဆက်သုံးကောင်း သုံးသွားမှာပါ။
၂။ ကျိုးကြောင်းဆင်ခြင် စာအုပ်ကို ဘာကြောင့် အမြဲဆောင်ထားသင့်သလဲ။
၂ နောက်ပြင်ဆင်ပေးချက် တစ်ခုကတော့ ကျိုးကြောင်းဆင်ခြင် စာအုပ်ဖြစ်ပါတယ်။ “ဒီစာအုပ်က ကျမ်းချက်တွေကို ကျွန်ုပ်တို့ ကျိုးကြောင်းဆင်ခြင်တတ်ဖို့နဲ့ ကျမ်းချက်တွေကို ထိထိရောက်ရောက် အသုံးပြုပြီး တခြားသူတွေကို ကူညီပေးနိုင်ဖို့ ထောက်ကူပေးတယ်” လို့ အဲဒီစာအုပ်ရဲ့ စာမျက်နှာ ၈ မှာ ဖော်ပြထားတယ်။ ကြေညာသူများစွာက ဒီစာအုပ်ကိုသုံးပြီး အရမ်းကောင်းတဲ့ရလဒ်တွေရခဲ့ကြောင်း ပြောပြကြတယ်။ အမှုဆောင်လုပ်ငန်းမှာ အခြေအနေမျိုးစုံ ကြုံတွေ့ရနိုင်တယ်။ အဲဒီအခါ ကျိုးကြောင်းဆင်ခြင် စာအုပ်ကိုသုံးပြီး လက်တွေ့ကျကျ ဖြေရှင်းနိုင်တယ်။ အမှုဆောင်လုပ်ငန်းမှာ မပါဝင်ခင် တင်ဆက်မယ့်အပိုင်းတွေကို ပြန်သုံးသပ်တာက အရမ်းအကျိုးရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ လွယ်အိတ်ထဲမှာ ဒီစာအုပ်ကို အမြဲထည့်ထားသင့်ပါတယ်။ စည်းဝေးလာရင်တောင် ယူလာဖို့ အားပေးပါတယ်။ ဒီစာအုပ်ကို အမြဲဆောင်ထားပြီး ပါရှိတဲ့အကြောင်းအရာတွေနဲ့ အကျွမ်းတဝင် ရှိခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ‘ကောင်းသောအမှုအမျိုးမျိုးအတွက် လုံးလုံးလျားလျား အသင့်ဖြစ်နေနိုင်’ ကြမယ်။—၂ တိ. ၃:၁၇။
၃။ ယေဟောဝါဘုရား ပြင်ဆင်ပေးထားတာတွေကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။
၃ ယေဟောဝါဘုရား ပြင်ဆင်ပေးထားတာတွေကို အမှုဆောင်လုပ်ငန်းမှာ ကောင်းကောင်း အသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်ကြတယ်။ အမှုဆောင်လုပ်ငန်းအတွက် လမ်းညွှန်ချက်တွေအပြင် လိုအပ်တဲ့ ကျမ်းစာအသိပညာ အများကြီးကိုလည်း ပြင်ဆင်ပေးထားပါတယ်။ ကျွန်ုပ်တို့ဟာ ‘ထိုအရာများကို ဆင်ခြင်သုံးသပ်ပြီး စွဲမှတ်’ ဖို့လိုတယ်။ (၁ တိ. ၄:၁၅) အဲဒီလိုလုပ်မယ်ဆိုရင် လိုအပ်တဲ့အချိန်မှာ ပြန်သတိရနိုင်မှာဖြစ်တယ်။ မေ့သွားရင်တောင် ဓမ္မအမှုစာရွက်နဲ့ ကျိုးကြောင်းဆင်ခြင်စာအုပ်ကို ပြန်ဖတ်ကြည့်ရင် မှတ်မိနိုင်တယ်။ ဒါကြောင့် စာပေအသစ်တွေကိုပဲ အမြဲမျှော်နေမယ့်အစား ကျွန်ုပ်တို့မှာရှိနေပြီးသား စာပေတွေအတွက် ကျေးဇူးတင်ပြီး အပြည့်အဝ အသုံးပြုသင့်ပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်ုပ်တို့ဟာ “မိမိတို့၏ သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထားသော ရင့်ကျက်သူများ” ဖြစ်ကြောင်း ပြသရာရောက်တယ်။—ဟေဗြဲ ၅:၁၄။