သင်သည် အလွတ်သဘောသက်သေခံရန် အသင့်ရှိသလော
၁။ အလွတ်သဘောသက်သေခံခြင်းသည် ထိရောက်မှုရှိနိုင်ကြောင်း အဘယ်ပုံနမူနာက ဖော်ပြသနည်း။
၁ အလွတ်သဘောသက်သေခံခြင်းသည် အလွန်ထိရောက်မှုရှိနိုင်သည်။ အလွတ်သဘောသက်သေခံခြင်းကြောင့် ရလဒ်ကောင်းများရရှိသော ပုံနမူနာများစွာ သမ္မာကျမ်းစာတွင် ပါရှိသည်။ (ယော. ၄:၇-၁၅) ဤသက်သေခံနည်းအတွက် မည်သို့ပြင်ဆင်နိုင်သနည်း။
၂။ ကျွန်ုပ်တို့၏ဝတ်စားဖြီးလိမ်းပုံက သက်သေခံရန် မည်သို့ထောက်ကူပေးနိုင်သနည်း။
၂ ဝတ်စားဖြီးလိမ်းပုံ– ကျွန်ုပ်တို့၏ဝတ်စားဖြီးလိမ်းပုံကို အမြဲဂရုပြုခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အခြားသူများအား လွတ်လွတ်လပ်လပ်ဝေမျှခွင့်ရရှိစေသည်။ (၁ တိ. ၂:၉၊ ၁၀) ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုက ယေဟောဝါကို ကောင်းစွာကိုယ်စားမပြုဟု ခံစားရပါက သက်သေခံရန်တွန့်ဆုတ်ပေမည်။ ယင်းအစား၊ ကျွန်ုပ်တို့သည် သပ်ရပ်၊ သန့်ရှင်းစွာဝတ်ဆင်ပါက အဘယ်ကြောင့် ထိုသို့ဝတ်ဆင်ကြောင်း အခြားသူများ သိလိုစိတ်ရှိလာပေမည်။ ဥပမာ၊ ခရီးသွားချိန်တွင် သပ်ရပ်စွာဝတ်ဆင်ထားသော သက်သေခံမောင်နှံစုံသည် မွတ်စလင်အမျိုးသားတစ်ဦး၏ဘေးတွင် ထိုင်ခဲ့သည်။ သူတို့၏ဝတ်စားပုံကို ထိုအမျိုးသား သတိပြုမိသောအခါ ခရစ်ယာန်လားဟု မေးခဲ့သည်။ ယင်းကြောင့် သုံးနာရီကြာ ကျမ်းစာဆွေးနွေးမှုဖြစ်ခဲ့သည်။
၃။ ယေရှု၏ပုံနမူနာကို လိုက်လျှောက်ကာ သင် မည်သို့စကားစမြည်စတင်ပြောဆိုခဲ့သနည်း။
၃ စကားစမြည်စတင်ပြောဆိုခြင်း– ယေရှုသည် ယာကုပ်၏ရေတွင်း၌ ရှမာရိအမျိုးသမီးတစ်ဦးကို တွေ့ဆုံသောအခါ မိမိအား သောက်ဖို့ရေပေးရန် တောင်းဆိုရုံဖြင့် စကားစမြည်စတင်ပြောဆိုခဲ့သည်။ အလားတူပင်၊ ကျွန်ုပ်တို့လည်း အကြောင်းအရာတစ်ခုခုကိုပြောရုံ သို့မဟုတ် ရိုးရှင်းသောမေးခွန်းတစ်ခု မေးရုံဖြင့် စကားစမြည်စတင်ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့သည် ပြောဆိုဖို့ တွန့်ဆုတ်သည့်အခါများရှိနိုင်သော်လည်း ယေဟောဝါ၏ကူညီထောက်မမှုကို မှီခိုခြင်းဖြင့် စကားစမြည်စတင်ပြောဆိုရန် ‘‘သတ္တိမွေး’’ နိုင်သည်။— ၁ သက်. ၂:၂။
၄။ အလွတ်သဘောသက်သေခံရန် မည်သို့အသင့်ဖြစ်နိုင်သနည်း။
၄ အခွင့်အရေးကို ဖန်တီးခြင်း– ကြေညာသူများစွာသည် အလွတ်သဘောသက်သေခံနိုင်ရန် နည်းလမ်းများတွေ့ရှိကြသည်။ သင့်အခြေအနေကို ပြန်သုံးသပ်ပြီး တစ်နေ့တာအတွင်း သင်ကြုံတွေ့နိုင်ဖွယ်ရှိသည့်လူတို့အကြောင်းကို စဉ်းစားကြည့်ပါ။ သင့်လျော်သောစာပေများနှင့် ကျမ်းစာအုပ်ငယ်တစ်အုပ်ကို တစ်ပါတည်းယူသွားပါ။ မျက်စိရှင်ရှင်ထားပြီး သင့်အနီးအနားရှိလူတို့ကို စိတ်ဝင်စားမှုပြပါ။ သင်သည် တစ်နေ့တာအတွင်း ရလာနိုင်သည့်အခွင့်အရေးများအတွက် ကြိုတင်စဉ်းစားထားမည်ဆိုလျှင် ကောင်းစွာသက်သေခံရန် အသင့်ဖြစ်နေပါလိမ့်မည်။—ဖိ. ၁:၁၂-၁၄; ၁ ပေ. ၃:၁၅။
၅။ အလွတ်သဘောသက်သေခံရန် အဘယ်ကြောင့် အခွင့်အရေးရှာသင့်သနည်း။
၅ အလွတ်သဘောသက်သေခံနိုင်သည့်အခွင့်အရေးများကို အကျိုးရှိရှိအသုံးချရန် ကျွန်ုပ်တို့တွင် အကြောင်းရင်းကောင်းနှစ်ခုရှိသည်၊ ယင်းတို့မှာ ဘုရားသခင်ကို ချစ်သည့်မေတ္တာနှင့် လူသားချင်းကို ချစ်သည့်မေတ္တာဖြစ်သည်။ (မ. ၂၂:၃၇-၃၉) ဟောပြောခြင်းလုပ်ငန်းသည် အရေးတကြီးဖြစ်နေသောကြောင့် အလွတ်သဘောသက်သေခံရန် အခွင့်အရေးရှာရမည်ဖြစ်သည်။ အချိန်ရှိနေစဉ် အခြားသူများအား နိုင်ငံတော်သတင်းကောင်းဝေမျှဖို့ သင့်လျော်သောအခွင့်အရေးတိုင်းကို အကျိုးရှိရှိအသုံးချသင့်သည်။—ရော. ၁၀:၁၃၊ ၁၄; ၂ တိ. ၄:၂။