အလွတ်သဘောသက်သေခံခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းပါ
၁ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များသည် ကိုယ်တော်အား နေ့စဉ်ချီးမွမ်းရန် အခွင့်အရေးများရှာကြသည်။ (ဆာ. ၉၆:၂၊ ၃; ဟေဗြဲ ၁၃:၁၅) ယင်းကိုလုပ်နိုင်သည့်နည်းတစ်နည်းမှာ အလွတ်သဘောသက်သေခံခြင်းဖြင့်ဖြစ်သည်။ ယနေ့ ယေဟောဝါကိုဝတ်ပြုသူများစွာသည် မိမိတို့အား တစ်စုံတစ်ဦးက အလွတ်သဘောသက်သေခံခြင်းဖြင့် နိုင်ငံတော်သတင်းကို စတင်ဟောပြောခဲ့သည့်အတွက် ကျေးဇူးတင်ကြသည်။
၂ လူတစ်ဦးအား အလွတ်သဘောသက်သေခံခြင်းက နိုင်ငံတော်သတင်းကိုကြားရန် အခြားသူများအတွက် လမ်းပွင့်စေလေ့ရှိသည်။ ဥပမာ၊ ယာကုပ်၏ရေတွင်း၌ ရှမာရိအမျိုးသမီးတစ်ဦးနှင့် ယေရှုစကားစမြည်ပြောဆိုခြင်းက နောက်ထပ်များစွာသောသူတို့အား သတင်းကောင်းကို စိတ်ဝင်စားလာစေသည်။ (ယော. ၄:၆-၃၀၊ ၃၉-၄၂) ပေါလုနှင့် သိလတို့သည် ဖိလိပ္ပိမြို့၌ထောင်ကျနေစဉ် ထောင်မှူးကို သက်သေခံခဲ့ရာ သူ၏မိသားစုတစ်ခုလုံး သမ္မာတရားကိုလက်ခံခဲ့သည်။—တ. ၁၆:၂၅-၃၄။
၃ အခွင့်အရေးများ– အလွတ်သဘောသက်သေခံရန် သင့်တွင် အဘယ်အခွင့်အရေးများရှိသနည်း။ အချို့သူတို့သည် ဈေးဝယ်ထွက်သည့်အခါ၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များစီးသည့်အခါ သို့မဟုတ် ဆေးခန်းတွင် မိမိအလှည့်စောင့်နေသည့်အခါတို့တွင် ထိုသို့သက်သေခံကြသည်။ အခြားသူများမူ အလုပ် သို့မဟုတ် ကျောင်းတွင် ခေတ္တနားချိန်၌ သက်သေခံနိုင်ကြသည်။ မြင်နိုင်သည့်နေရာတွင် ကျမ်းစာစာပေတစ်ခုထားရုံမျှပြုခြင်းက ကျွန်ုပ်တို့၏ယုံကြည်ချက်များအကြောင်း မေးမြန်းရန် အခြားသူတို့အား လှုံ့ဆော်ပေးနိုင်သည်။—၁ ပေ. ၃:၁၅။
၄ အစပြုနည်း– ရှက်တတ်သော ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးက ဟောပြောခြင်းသည် လူအားလုံးအတွက် မည်မျှအရေးကြီးကြောင်း အစည်းအဝေးတစ်ခုတွင်ကြားခဲ့ရသည်။ ထို့ကြောင့် သူ၏မိခင်နှင့်အတူ ဈေးဝယ်ထွက်သည့်အခါ အိတ်ထဲတွင် ဘရိုရှာနှစ်စောင်ထည့်သွားသည်။ ကောင်တာတွင် မိခင်အလုပ်များနေစဉ် မိန်းကလေးသည် အမျိုးသမီးတစ်ဦးအား ဘရိုရှာတစ်စောင်ကိုဝေငှရာ ထိုအမျိုးသမီးက လိုလိုလားလားလက်ခံလိုက်သည်။ အမျိုးသမီးတစ်ဦးထံ ချဉ်းကပ်ရဲသည့်သတ္တိ မည်သို့ရရှိကြောင်း သူ့အားမေးသည့်အခါ ဤရှက်တတ်သောမိန်းကလေးက ဤသို့ပြန်ဖြေသည်– “အသင့်ပြင်၊ သွား! လို့ကိုယ့်ကိုယ်ကို ပြောရုံပါ။ ပြီးတော့ ကျွန်မသွားလိုက်တယ်!”
၅ အလွတ်သဘောသက်သေခံရန် ကျွန်ုပ်တို့အားလုံး ထိုမိန်းကလေးငယ်၏စိတ်ဓာတ်မျိုးရှိဖို့လိုသည်။ အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။ ဟောပြောရဲသည့်သတ္တိရှိရန် ဆုတောင်းပါ။ (၁ သက်. ၂:၂) စကားစမြည်စတင်ပြောဆိုရန် သင်အသုံးပြုနိုင်သော စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုနှင့်ပတ်သက်သည့် မေးခွန်း သို့မဟုတ် မှတ်ချက်တစ်ခုကို ပြင်ဆင်ထားပါ။ ထို့နောက် သင်၏လုံ့လစိုက်ထုတ်မှုများကို ယေဟောဝါကောင်းချီးပေးမည်ဟု ယုံကြည်စိတ်ချပါ။—လု. ၁၂:၁၁၊ ၁၂။
၆ ကျွန်ုပ်တို့နှင့် နေ့စဉ်တွေ့ဆုံသူများအား အလွတ်သဘောသက်သေခံခြင်းက ယေဟောဝါ၏ဂုဏ်တော်ကို ချီးမွမ်းစရာဖြစ်စေကာ ကျွန်ုပ်တို့ကို ပျော်ရွှင်မှုရရှိစေသည်။ ယင်းက တစ်စုံတစ်ဦးအား ထာဝရအသက်လမ်းပေါ်ရောက်ရန် ကူညီပေးနိုင်သည်။