သင် အလွတ်သဘောသက်သေခံနိုင်
၁။ (က) အလွတ်သဘောသက်သေခံခြင်းဆိုတာ ဘာလဲ။ (ခ) ဒီအစည်းအဝေးမှာ အလွတ်သဘောသက်သေခံခြင်းကြောင့် အမှန်တရားကိုစသိလာခဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ။
၁ အလွတ်သဘောသက်သေခံခြင်းကြောင့် အမှန်တရားစသိခဲ့သူ သင့်အသင်းတော်မှာ ဘယ်နှစ်ယောက်ရှိပါသလဲ။ အဖြေကြောင့်သင်အံ့သြသွားပါလိမ့်မယ်။ အလွတ်သဘောသက်သေခံခြင်းဆိုတာ ခရီးသွားစဉ်၊ ဆွေမျိုး ဒါမှမဟုတ် အိမ်နီးချင်းတွေဆီလည်ပတ်စဉ်၊ စျေးဝယ်ထွက်စဉ်၊ ကျောင်းနဲ့ အလုပ်စတဲ့နေရာတွေမှာ ကျွန်ုပ်တို့တွေ့ဆုံရတဲ့သူတွေကို သတင်းကောင်းဝေငှခြင်းဖြစ်တယ်။ နှစ်ခြင်းခံပြီးသူ ၂၀၀ ကျော်ရှိတဲ့ သက်သေခံအုပ်စုတစ်စုမှာ ၄၀ ရာခိုင်နှုန်းက အလွတ်သဘောသက်သေခံခြင်းကြောင့် အမှန်တရားကို စသိလာခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် ဒီသက်သေခံနည်းဟာ တကယ်ပဲထိရောက်ပါတယ်။
၂။ ကျမ်းစာမှာ အလွတ်သဘောသက်သေခံခဲ့ကြတဲ့ ဘယ်ပုံနမူနာတွေကို တွေ့နိုင်သလဲ။
၂ ပထမရာစု သတင်းကောင်းဟောပြောသူတွေက အလွတ်သဘောသက်သေခံလေ့ရှိကြတယ်။ ဥပမာ၊ ယေရှု ရှမာရိနယ်ကိုဖြတ်သွားစဉ် ယာကုပ်စမ်းရေတွင်းမှာ ရေခပ်နေတဲ့အမျိုးသမီးတစ်ဦးကို သက်သေခံခဲ့တယ်။ (ယော. ၄:၆-၂၆) ဖိလိပ္ပုက ဟေရှာယကျမ်းကိုဖတ်နေတဲ့ အီသီယိုးပီးယား အရာရှိကို “သင်ဖတ်သောအရာကို နားလည်ပါသလော” လို့မေးပြီး စကားစပြောခဲ့တယ်။ (တ. ၈:၂၆-၃၈) ဖိလိပ္ပိမြို့မှာ တမန်တော်ပေါလု ထောင်ကျနေတုန်း ထောင်မှူးကို သူ သက်သေခံခဲ့တယ်။ (တ. ၁၆:၂၃-၃၄) နောက်ပိုင်း အိမ်မှာ အကျယ်ချုပ်ကျနေစဉ်မှာလည်း “လာရောက်သမျှသောသူတို့ကို လက်ခံကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်း သခင်ယေရှုခရစ်၏အကြောင်းတို့ကို . . . ဟောပြောသွန်သင်” ခဲ့တယ်။ (တ. ၂၈:၃၀၊ ၃၁) သင်လည်း ရှက်ကြောက်တတ်သူဖြစ်ရင်တောင် အလွတ်သဘောသက်သေခံနိုင်ပါတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။
၃။ ရှက်ကြောက်တဲ့စိတ်ကို အနိုင်ယူဖို့ ဘာကအကူအညီပေးနိုင်သလဲ။
၃ အစပြုပါ– ကျွန်ုပ်တို့အများစုက သူစိမ်းတွေကို စကားစပြောဖို့ အခက်တွေ့နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့အသိအကျွမ်းတွေကိုတောင် အမှန်တရားအကြောင်းစပြောဖို့ ခက်နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့ကောင်းမြတ်မှု၊ မိမိကျေးကျွန်တွေကိုပေးထားတဲ့ အဖိုးထိုက်အမှန်တရားအကြောင်းနဲ့ လောကမှာရှိတဲ့သူတွေရဲ့ အသက်ရေးနဲ့ဆိုင်တဲ့အခြေအနေကို တွေးတောဆင်ခြင်မယ်ဆိုရင် သူတို့ကိုစကားစပြောဖို့ လှုံ့ဆော်ခံရမှာဖြစ်တယ်။ (ယောန ၄:၁၁; ဆာ. ၄၀:၅; မ. ၁၃:၅၂) ဒါ့အပြင် ကျွန်ုပ်တို့ “သတ္တိမွေး” နိုင်ဖို့ ယေဟောဝါထံ အကူအညီတောင်းဆိုနိုင်တယ်။ (၁ သက်. ၂:၂) “လူတွေကိုစကားစပြောဖို့ ကျွန်တော်အခက်တွေ့တဲ့အခါ ဆုတောင်းခြင်းက အထောက်အကူပြုတယ်” လို့ ဂိလဒ်သင်တန်းသားတစ်ဦး ပြောခဲ့တယ်။ စကားစပြောဖို့တွန့်ဆုတ်နေတယ်ဆိုရင် အသံတိတ်၊ အတိုချုပ်ဆုတောင်းပါ။—နေ. ၂:၄။
၄။ ဦးဆုံး ဘယ်လိုရည်ရွယ်ချက်နဲ့ စကားစပြောနိုင်သလဲ၊ ဘာကြောင့်လဲ။
၄ အလွတ်သဘောဆိုတဲ့စကားအတိုင်းပါပဲ အလွတ်သဘောသက်သေခံတဲ့အခါ သတ်မှတ်ထားတဲ့နိဒါန်းတစ်ခု ဒါမှမဟုတ် ကျမ်းချက်တစ်ချက်နဲ့ နိဒါန်းပျိုးဖို့ မလိုဘူး။ ချက်ချင်းသက်သေခံရမယ်ဆိုတဲ့စိတ်နဲ့မဟုတ်ဘဲ ရိုးရိုးစကားစမြည်စပြောမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပြောခြင်းက အထောက်အကူပြုကြောင်း တွေ့နိုင်တယ်။ ဒီနည်းက မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိစေပြီး နောက်ဆုံးမှာ သတင်းကောင်းဟောခွင့်ရစေတယ်လို့ ကြေညာသူများစွာက ပြောခဲ့တယ်။ တကယ်လို့ အဲဒီလူက ကိုယ်နဲ့စကားပြောချင်စိတ်မရှိဘူးဆိုရင် ဆက်ပြောဖို့မလိုဘူး။ ယဉ်ယဉ်ကျေးကျေး စကားဖြတ်ပြီး ထွက်သွားပါ။
၅။ အလွတ်သဘောသက်သေခံနိုင်ဖို့ ရှက်ကြောက်တတ်တဲ့ညီအစ်မတစ်ဦးကို ဘာကကူညီပေးသလဲ။
၅ ရှက်ကြောက်တတ်တဲ့ ညီအစ်မတစ်ဦးက ဈေးဝယ်ထွက်တဲ့အခါ ဟောပြောလိုတဲ့သူကို မျက်လုံးချင်းဆုံပြီး ရင်းရင်းနှီးနှီး ပြုံးပြလိုက်တယ်။ တစ်ဖက်က ပြန်ပြုံးပြတယ်ဆိုရင် သူက စကားတစ်ခွန်းလောက်ပြောတယ်။ လိုလိုလားလားပြန်တုံ့ပြန်တယ်ဆိုရင် စကားဆက်ပြောတယ်။ ပြန်ပြောတဲ့စကားကို ကောင်းကောင်းနားထောင်ပြီး သတင်းကောင်းရဲ့ဘယ်အချက်ကို ဒီပုဂ္ဂိုလ်နှစ်သက်မယ်ဆိုတာ ပိုင်းဖြတ်ဖို့ကြိုးစားတယ်။ ညီအစ်မက ဒီချဉ်းကပ်နည်းကိုသုံးပြီး စာပေများစွာ ဝေငှနိုင်ခဲ့တဲ့အပြင် ကျမ်းစာသင်အံမှုတစ်ခုကိုတောင် စတင်နိုင်ခဲ့တယ်။
၆။ အလွတ်သဘောသက်သေခံတဲ့အခါ ဘယ်လိုစကားစမြည်စပြောနိုင်သလဲ။
၆ အစပြုပြောဆိုပါ– စကားစဖို့ ဘာပြောနိုင်သလဲ။ ရေတွင်းအနားကအမျိုးသမီးကို ယေရှု စကားစပြောတဲ့အခါ သောက်ဖို့ရေပေးပါလို့ပဲ ရိုးရိုးလေးပြောခဲ့တယ်။ (ယော. ၄:၇) ဒါကြောင့် ကျွန်ုပ်တို့က ရင်းနှီးတဲ့နှုတ်ဆက်စကား ဒါမှမဟုတ် မေးခွန်းတစ်ခုနဲ့ စကားစပြောနိုင်တယ်။ စကားဆက်ပြောတာနဲ့အမျှ ကျမ်းစာနဲ့ပတ်သက်တဲ့အချက်တစ်ချက်ကို စပြောနိုင်ပြီး အမှန်တရားကို ဝေမျှနိုင်ပါလိမ့်မယ်။ (ဒေ. ၁၁:၆) စိတ်ဝင်စားစရာအကြောင်းတစ်ခုကို ပြောပြတာက သိလိုစိတ်ကိုနှိုးဆွပြီး မေးခွန်းတစ်ခုမေးဖို့ လှုံ့ဆော်မှုဖြစ်စေကြောင်း အချို့သူတွေ တွေ့ရှိခဲ့ကြတယ်။ ဥပမာ၊ ဆရာဝန်ကို စောင့်နေချိန်မှာ “ကျွန်တော်နောက်ထပ်မဖျားတော့ဘူးဆိုရင် အရမ်းဝမ်းသာမှာပဲ” လို့ပြောပြီး စကားစပြောနိုင်တယ်။
၇။ အလွတ်သဘောသက်သေခံနိုင်ဖို့မျက်စိရှင်ရှင်ထားခြင်းက ဘယ်လိုအထောက်အကူပြုမလဲ။
၇ မျက်စိရှင်ရှင်ထားခြင်းကလည်း စကားစပြောဖို့ အထောက်အကူပြုတယ်။ လိမ္မာတဲ့ကလေးရှိတဲ့ မိဘတစ်ဦးကိုတွေ့တဲ့အခါ ချီးမွမ်းပြီး “ကလေး ဒီလိုလိမ္မာအောင် ဘယ်လိုသင်ပေးတာလဲ” လို့မေးပါ။ အလုပ်မှာရှိတဲ့တခြားသူတွေ ပြောဆိုနေတဲ့အကြောင်းအရာကို ညီအစ်မတစ်ဦး သတိပြုမိတဲ့အတွက် အလုပ်ဖော်တွေစိတ်ဝင်စားတဲ့အကြောင်းအရာပေါ်အခြေခံပြီး သတ်သတ်မှတ်မှတ်အချက်တစ်ချက်ကို ပြောပြခဲ့တယ်။ သူ့အလုပ်က အမျိုးသမီးတစ်ဦး အိမ်ထောင်ပြုဖို့စီစဉ်နေတာကို သိတဲ့အခါ မင်္ဂလာပွဲကို ဘယ်လိုစီစဉ်နိုင်တယ်ဆိုတဲ့အကြောင်းပါတဲ့ နိုးလော့! ကိုပေးခဲ့တယ်။ ဒါက သူ့ကို ကျမ်းစာအကြောင်း ထပ်ဆင့်ပြောပြခွင့်ရစေတယ်။
၈။ စကားစမြည်စပြောနိုင်ဖို့ကျွန်ုပ်တို့ရဲ့ စာပေတွေကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၈ စကားစမြည်စပြောနိုင်တဲ့ နောက်နည်းတစ်နည်းက ကျွန်ုပ်တို့ရဲ့စာပေတွေကို အခြားသူတွေမြင်သာအောင် ဖတ်ခြင်းဖြစ်တယ်။ ညီအစ်ကိုတစ်ဦးက ကင်းမျှော်စင် ဒါမှမဟုတ် နိုးလော့! စာစောင်ထဲက စိတ်ဝင်စားစရာခေါင်းစဉ်ပါတဲ့ ဆောင်းပါးတစ်ခုကို ဖွင့်ပြီးဖတ်တယ်။ အနီးအနားမှာရှိတဲ့တစ်ယောက်ယောက်က မဂ္ဂဇင်းကိုကြည့်တာကို သတိပြုမိတဲ့အခါ မေးခွန်းတစ်ခုမေးလိုက်တယ် ဒါမှမဟုတ် ဆောင်းပါးမှာပါတဲ့အကြောင်းအရာကို အတိုချုပ်ပြောပြတယ်။ အဲဒီလိုလုပ်တာက စကားစမြည်စပြောနိုင်ပြီး သက်သေခံခွင့်ရစေတယ်။ ကျွန်ုပ်တို့ရဲ့စာပေတစ်ခုခုကို မြင်သာတဲ့နေရာမှာထားခြင်းကလည်း အလုပ်ဖော်၊ အတန်းဖော်တွေရဲ့ စိတ်ဝင်စားမှုကိုနှိုးဆွနိုင်ပြီး မေးခွန်းတွေမေးလာစေနိုင်တယ်။
၉၊ ၁၀။ (က) အလွတ်သဘောသက်သေခံနိုင်တဲ့ အခွင့်အရေးတွေကို ဘယ်လိုဖန်တီးနိုင်သလဲ။ (ခ) အဲဒီလိုအခွင့်အရေးရရှိအောင် သင် ဘယ်လိုလုပ်ခဲ့သလဲ။
၉ အခွင့်အရေးများကို ဖန်တီးပါ– ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုကိုထောက်ရှုပြီး အလွတ်သဘောသက်သေခံခြင်းကို အကြောင်းဖန်လာမှသာ လုပ်ရမယ့်အရာအဖြစ် မရှုမြင်သင့်ဘူး။ အဲဒီအစား ကျွန်ုပ်တို့ရဲ့နေ့စဉ်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အခါ သက်သေခံနိုင်တဲ့ အခွင့်အရေးတွေကို ဖန်တီးသင့်တယ်။ သင်တွေ့ဆုံရနိုင်တဲ့သူတွေအကြောင်းနဲ့ သူတို့ကို ဘယ်လို ရင်းရင်းနှီးနှီး စကားစပြောနိုင်မလဲဆိုတာကို ကြိုတင်စဉ်းစားထားပါ။ ကျမ်းစာအပြင် စိတ်ဝင်စားတဲ့သူတွေကို ဝေငှနိုင်ဖို့ စာပေတွေကို အသင့်ဆောင်ထားပါ။—၁ ပေ. ၃:၁၅။
၁၀ ကြံရည်ဖန်ရည်ရှိခြင်းက ကြေညာသူများစွာကို အလွတ်သဘောသက်သေခံနိုင်တဲ့ အခွင့်အရေးတွေ ရရှိစေတယ်။ လုံခြုံရေးတင်းကျပ်တဲ့ တိုက်ခန်းတွဲမှာနေတဲ့ ညီအစ်မတစ်ဦးက တိုက်ခန်းရဲ့ ဘုံအပန်းဖြေအနားယူတဲ့နေရာကိုသွားပြီး လှပတဲ့သဘာဝရှုခင်းပုံ အပိုင်းအစတွေကို အံဝင်ခွင်ကျဖြစ်အောင် တစ်ခုနဲ့တစ်ခု ဆက်စပ်ကစားရတဲ့ ဉာဏ်စမ်းရုပ်ဆက်နည်းကို ပြုလုပ်နေတယ်။ လူတွေက ရှုခင်းပုံကို ချီးမွမ်းတဲ့အခါ ညီအစ်မက ဒါကိုအခွင့်အရေးယူပြီး “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကျမ်းစာကတိတော်အကြောင်း ပြောပြခဲ့တယ်။ (ဗျာ. ၂၁:၁-၄) အလွတ်သဘောသက်သေခံနိုင်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်တဲ့ နည်းလမ်းတွေကို သင်စဉ်းစားနိုင်သလား။
၁၁။ အလွတ်သဘောသက်သေခံတဲ့အခါ တွေ့ရတဲ့ စိတ်ဝင်စားသူကို ဘယ်လိုဆက်လိုက်ပေးနိုင်မလဲ။
၁၁ စိတ်ဝင်စားသူတွေကို ဆက်လိုက်ပါ– စိတ်ဝင်စားသူကို တွေ့တယ်ဆိုရင် ဆက်လိုက်ဖို့ ကြိုးစားပါ။ သင့်တော်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကို ဒီလိုပြောပါ– “ခင်ဗျားနဲ့ စကားပြောရတာ တကယ်ဝမ်းသာတယ်။ ခင်ဗျားနဲ့ နောက်တစ်ကြိမ် ဒီလိုစကားပြောနိုင်ဖို့ ဘယ်နေရာမှာ တွေ့နိုင်မလဲ။” အချို့ကြေညာသူတွေက သူတို့ရဲ့လိပ်စာနဲ့ ဖုန်းနံပါတ်ကိုပေးပြီး ဒီလိုပြောကြတယ်– “အခုလို စကားပြောရတာ ဝမ်းသာတယ်။ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ ထပ်ပြီးဆွေးနွေးချင်တယ်ဆိုရင် ဒီလိပ်စာနဲ့ ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။” စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ဆီ သင်ကိုယ်တိုင် ဆက်မသွားနိုင်ဘူးဆိုရင် သင့်တော်မယ့်အသင်းတော်က ဆက်သွားနိုင်ဖို့ သင့်အသင်းတော်အတွင်းရေးမှူးဆီမှာ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ ပုံစံ (S-43) ကို ချက်ချင်းဖြည့်စွက်ပါ။
၁၂။ (က) အလွတ်သဘောသက်သေခံတဲ့အချိန်တွေကို မှတ်သားထားပြီး ဘာကြောင့် မှတ်တမ်းသွင်းသင့်တာလဲ။ (ခ) အလွတ်သဘောသက်သေခံခြင်းကနေ ဘာရလဒ်ရရှိခဲ့ပြီလဲ။ (“အလွတ်သဘောသက်သေခံခြင်းက အကျိုးများရရှိ” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၂ အလွတ်သဘောသက်သေခံတဲ့ အချိန်တွေကို မှတ်တမ်းသွင်းသင့်တယ်။ တစ်နေ့ကို မိနစ်အနည်းငယ်ပဲ သက်သေခံဖြစ်တယ်ဆိုရင်တောင် အဲဒီအချိန်တွေကို မှတ်သားထားပါ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– “ကြေညာသူတိုင်းသာ နေ့တိုင်း ငါးမိနစ် အလွတ်သဘောသက်သေခံမယ်ဆိုရင် လတိုင်း နာရီ ၁၇ သန်းကျော် ပိုပြီး မှတ်တမ်းသွင်းနိုင်မှာဖြစ်တယ်။”
၁၃။ အလွတ်သဘောသက်သေခံဖို့ ဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။
၁၃ အလွတ်သဘောသက်သေခံရတဲ့ အကောင်းဆုံး အကြောင်းရင်းက ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာကြောင့်ဖြစ်တယ်။ (မ. ၂၂:၃၇-၃၉) ယေဟောဝါရဲ့ ဂုဏ်ရည်တော်တွေနဲ့ ရည်ရွယ်ချက်တွေအပေါ် ကျေးဇူးတင်လေးမြတ်စိတ် ပြည့်နေတဲ့နှလုံးက “နိုင်ငံတော်၏ဘုန်းအသရေများ” အကြောင်းပြောပြဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်တယ်။ (ဆာ. ၁၄၅:၇၊ ၁၀-၁၂) လူသားချင်းအတွက် စိတ်ရင်းမှန်နဲ့ စိုးရိမ်မကင်းဖြစ်ခြင်းက သတင်းကောင်းဝေငှဖို့ အချိန်ရှိနေသေးစဉ်မှာ ရနိုင်သမျှအခွင့်အရေးတိုင်းကိုရှာဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးတယ်။ (ရော. ၁၀:၁၃၊ ၁၄) ကျွန်ုပ်တို့ဘက်က အနည်းငယ်ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားမယ်ဆိုရင် ကျွန်ုပ်တို့အားလုံး အလွတ်သဘောသက်သေခံနိုင်ကြမှာဖြစ်ပြီး စိတ်နှလုံးရိုးဖြောင့်တဲ့သူတွေကို အမှန်တရားသိရှိစေခြင်းမှရတဲ့ ရွှင်လန်းမှုကို ခံစားရနိုင်ပါတယ်။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
လူတွေနဲ့တွေ့ဆုံပြီး ရိုးရိုး စကားစမြည်စပြောဖို့ ပန်းတိုင်ထားခြင်းက အထောက်အကူပြုနိုင်
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
ကြံရည်ဖန်ရည်ရှိခြင်းက ကြေညာသူများစွာကို အလွတ်သဘော သက်သေခံနိုင်တဲ့ အခွင့်အရေးရရှိစေ
[စာမျက်နှာ ၅ ပါလေးထောင့်ကွက်]
စကားစပြောနိုင်တဲ့ အကြံပြုချက်များ
◼ အစပြုနိုင်ဖို့ ဆုတောင်းပါ
◼ ဖော်ရွေမှုရှိပုံရပြီး အလျင်စလိုဖြစ်နေပုံ မပေါက်တဲ့သူတွေကို ရွေးချယ်ပါ
◼ မျက်လုံးချင်းဆုံပြီး ပြုံးပြပါ၊ နှစ်ဦးနှစ်ဖက် စိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုခုကိုပြောပါ
◼ ကောင်းစွာနားထောင်ပါ
[စာမျက်နှာ ၆ ပါပုံလေးထောင့်ကွက်]
အလွတ်သဘောသက်သေခံခြင်းက အကျိုးများရရှိ
• ညီအစ်ကိုတစ်ဦး ကားဝပ်ရှော့တစ်ခုမှာ ကားပြင်ဖို့စောင့်နေတုန်း သူ့ဘေးမှာရှိတဲ့သူတွေကို သက်သေခံပြီး ခရိုင်စည်းဝေးကြီးလက်ကမ်းဝေစာတွေကို ပေးခဲ့တယ်။ နောက်တစ်နှစ်အကြာ စည်းဝေးကြီးမှာ သူမသိတဲ့ညီအစ်ကိုတစ်ဦးက သူ့ကို တရင်းတနှီး လာနှုတ်ဆက်တယ်။ အဲဒီညီအစ်ကိုက လွန်ခဲ့တဲ့တစ်နှစ်တုန်းက ဝပ်ရှော့မှာ သူ လက်ကမ်းဝေစာပေးခဲ့တဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်။ အဲဒီလူက စည်းဝေးကြီးသွားတက်ပြီး ကျမ်းစာသင်ပေးဖို့ တောင်းဆိုခဲ့တယ်။ အခုအချိန်မှာ သူရော၊ သူ့ဇနီးပါ နှစ်ခြင်းခံပြီးနေပြီ။
• အလွတ်သဘောသက်သေခံခြင်းကနေ အမှန်တရားသိလာတဲ့ ညီအစ်မတစ်ဦးက သူ့ကလေးသုံးယောက်နဲ့ ပတ်သက်ပြီးသိလာတဲ့သူတွေကို သူမရဲ့အထူးရပ်ကွက်အဖြစ် သတ်မှတ်ခဲ့တယ်။ သူမရဲ့ရပ်ကွက်မှာ အိမ်နီးချင်းတွေ၊ ကျောင်းမှာ၊ ကျောင်းအစည်းအဝေးတွေမှာတွေ့ရတဲ့ ကျောင်းသားမိဘတွေ ပါဝင်တယ်။ သူ့ကိုယ်သူမိတ်ဆက်တဲ့အခါတိုင်း ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ကျမ်းစာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ အထောက်အကူဖြစ်တယ်လို့ ခံစားချက်ပါပါ ရိုးရိုးလေးပြောပြတယ်။ အဲဒီနောက် တခြားအကြောင်းအရာဘက်ကို ပြောင်းလိုက်တယ်။ စကားစပြီးသားဖြစ်တဲ့အတွက် ကျမ်းစာအကြောင်းပြောဖို့ ပိုလွယ်ကူသွားတာကို သူမတွေ့ရှိခဲ့တယ်။ ဒီနည်းလမ်းကိုသုံးပြီး လူ ၁၂ ယောက်ကို နှစ်ခြင်းခံဖို့ ကူညီပေးနိုင်ခဲ့တယ်။
• အာမခံကုမ္ပဏီက အရောင်းကိုယ်စားလှယ်တစ်ဦး ညီအစ်မတစ်ဦးထံ လာတဲ့အခါ အဲဒီညီအစ်မက အခွင့်အရေးယူပြီး သူ့ကို သက်သေခံခဲ့တယ်။ ကောင်းမွန်တဲ့ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ ထာဝရအသက်ကို အာမခံထားချင်သလားလို့ ညီအစ်မက မေးလိုက်တယ်။ အရောင်းကိုယ်စားလှယ်က ထားချင်တယ်လို့ဖြေပြီး ဒါက ဘယ်လိုအာမခံအမျိုးအစားလဲလို့ မေးတယ်။ ညီအစ်မက သူ့ကို ကျမ်းစာကတိတော်တွေအကြောင်း ပြောပြပြီး စာအုပ်တစ်အုပ် ဝေငှလိုက်တယ်။ စာအုပ်ကို တစ်ညနေတည်းနဲ့ သူ အပြီးဖတ်လိုက်တယ်။ အဲဒီလူက ကျမ်းစာသင်အံမှုလက်ခံခဲ့ပြီး အစည်းအဝေးတွေကို စတင်တက်ရောက်ခဲ့တယ်၊ နောက်ပိုင်းမှာ နှစ်ခြင်းခံလိုက်တယ်။
• လေယာဉ်နဲ့ခရီးသွားနေတုန်း ညီအစ်မတစ်ဦးက သူ့ဘေးမှာထိုင်တဲ့ အမျိုးသမီးကို စကားစပြောပြီး သက်သေခံခဲ့တယ်။ ခရီးစဉ်အဆုံးမှာ ညီအစ်မက အမျိုးသမီးကို သူ့ရဲ့လိပ်စာနဲ့ ဖုန်းနံပါတ်ပေးပြီး နောက်တစ်ကြိမ် ယေဟောဝါသက်သေတွေ သူ့ဆီလာတဲ့အခါ ကျမ်းစာသင်အံမှုတစ်ခု တောင်းဆိုဖို့ တိုက်တွန်းလိုက်တယ်။ နောက်တစ်နေ့မှာပဲ အဲဒီအမျိုးသမီးရဲ့အိမ်တံခါးဝကို သက်သေခံနှစ်ဦး ရောက်လာတယ်။ အမျိုးသမီးက ကျမ်းစာစတင်လေ့လာပြီး အလျင်အမြန်တိုးတက်လာခဲ့တယ်။ နှစ်ခြင်းခံပြီးတဲ့နောက် မကြာမီမှာပဲ သူကိုယ်တိုင် ကျမ်းစာသင်အံမှု သုံးခုပြုလုပ်ခဲ့တယ်။
• ပြုစုစောင့်ရှောက်ရေးဂေဟာမှာနေတဲ့ အသက် ၁၀၀ ရှိတဲ့ မျက်မမြင် ညီအစ်ကိုတစ်ဦးက “နိုင်ငံတော်လိုအပ်တယ်” ဆိုတဲ့စကား မကြာခဏပြောလေ့ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သူနာပြုတွေနဲ့ တခြားလူနာတွေက မေးခွန်းမေးကြလို့ နိုင်ငံတော်အကြောင်း ရှင်းပြခွင့်ရခဲ့တယ်။ အဲဒီမှာအလုပ်လုပ်တဲ့ အမျိုးသမီးတစ်ဦးက ပရဒိသုမှာ အဘိုးဘာလုပ်မလဲလို့ မေးတဲ့အခါ သူက ဒီလိုပြန်ဖြေတယ်– “ကျွန်တော် မျက်စိပြန်မြင်လာမယ်၊ လမ်းပြန်လျှောက်နိုင်မယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ဘီးတပ်ကုလားထိုင်ကို မီးရှို့ပစ်မယ်။” ညီအစ်ကိုက မျက်စိမမြင်ရလို့ အဲဒီအမျိုးသမီးကို မဂ္ဂဇင်းဖတ်ပြပေးဖို့ တောင်းဆိုတယ်။ ညီအစ်ကိုရဲ့သမီးက သူ့ကိုလာကြည့်တဲ့အခါ အဲဒီအမျိုးသမီးက မဂ္ဂဇင်းတွေကို အိမ်ကိုယူသွားချင်တယ်လို့ တောင်းဆိုခဲ့တယ်။ သူနာပြုတစ်ဦးက သမီးဖြစ်သူကို ဒီလိုပြောခဲ့တယ်– “‘နိုင်ငံတော် လိုအပ်တယ်’ ဆိုတာက ကျွန်မတို့ပြုစုစောင့်ရှောက်ရေးဂေဟာရဲ့ အကြောင်းအရာအသစ်ပဲ။”
• ညီအစ်မတစ်ယောက်က စားသောက်ဆိုင်မှာ တန်းစီနေတုန်း သူနဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ သက်ကြီးအမျိုးသားအုပ်စုတစ်စု နိုင်ငံရေးအကြောင်း ဆွေးနွေးနေတာကို ကြားလိုက်တယ်။ အစိုးရက ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်တဲ့အကြောင်း အမျိုးသားတစ်ဦးက ပြောတယ်။ ညီအစ်မက ‘ဒါ ငါ့အတွက် အခွင့်အရေးပဲ’ လို့ ကိုယ့်ကိုကိုယ် ပြောလိုက်တယ်။ ညီအစ်မက အတိုချုပ်ဆုတောင်းလိုက်ပြီး သူတို့အနား ချဉ်းကပ်သွားတယ်။ သူ့ကိုသူမိတ်ဆက်ပြီးတဲ့နောက် လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဘုရားသခင့်နိုင်ငံတော်အစိုးရအကြောင်း ပြောပြပြီး သူ့မှာရှိတဲ့ ဘရိုရှာတစ်စောင်ကို ဝေငှလိုက်တယ်။ အဲဒီအချိန်မှာပဲ မန်နေဂျာရောက်လာတယ်။ သူ့ကို ထွက်သွားဖို့ ပြောလိမ့်မယ်လို့ ညီအစ်မက ထင်ခဲ့ပေမဲ့ မန်နေဂျာက သူလည်းနားထောင်နေပြီး ဘရိုရှာတစ်စောင်လိုချင်တယ်လို့ ပြောခဲ့တယ်။ နားထောင်နေတဲ့ အလုပ်သမတစ်ဦးကလည်း မျက်ရည်လည်ရွဲနဲ့ ညီအစ်မထံချဉ်းကပ်လာပြီး အရင်တုန်းက သူ ကျမ်းစာလေ့လာဖူးတဲ့အကြောင်း၊ အခု ပြန်ပြီး ကျမ်းစာသင်ချင်တဲ့အကြောင်း ပြောခဲ့တယ်။