ဟောပြောရန် ကျွန်ုပ်အရည်အချင်း ပြည့်မီသလော
၁။ ဟောပြောရန် အရည်အချင်းမပြည့်မီဟု ကျွန်ုပ်တို့ အဘယ်ကြောင့် မခံစားသင့်သနည်း။
၁ သင့်ကိုယ်သင် ယင်းမေးခွန်း မေးလေ့ရှိသည်ဆိုလျှင် စိတ်မပျက်ပါနှင့်။ ကျွန်ုပ်တို့ကို ဓမ္မအမှုဆောင်များအဖြစ် အရည်အချင်းပြည့်မီစေသည့်အရာမှာ ကျောင်းပညာရေးမဟုတ်သကဲ့သို့ ကျွန်ုပ်တို့၏ မွေးရာပါပင်ကိုစွမ်းရည်လည်း မဟုတ်ပါ။ အစောပိုင်းတပည့်တော်အချို့ကို “ပညာတတ်များမဟုတ်၊ သာမန်လူများ” အဖြစ်ဖော်ပြခဲ့သည်။ သို့သော် သူတို့သည် ယေရှုချမှတ်ခဲ့သော ပုံသက်သေကို လိုက်လျှောက်ခဲ့သောကြောင့် ထိရောက်သော သတင်းကောင်းဟောပြောသူများ ဖြစ်ခဲ့ကြသည်။—တ. ၄:၁၃; ၁ ပေ. ၂:၂၁။
၂။ ယေရှုသွန်သင်နည်း၏ ထူးခြားချက်အချို့မှာ အဘယ်နည်း။
၂ ယေရှုသွန်သင်ပုံ– ကိုယ်တော်၏သွန်သင်ချက်သည် ရိုးရှင်းပြီး လက်တွေ့ကျကာ နားလည်ရလွယ်ကူသည်။ ကိုယ်တော်၏ မေးခွန်းများ၊ ပုံဥပမာများနှင့် ရိုးရှင်းသောနိဒါန်းများက နားထောင်သူများ၏အာရုံကို ဖမ်းစားခဲ့သည်။ (မ. ၆:၂၆) ကိုယ်တော်သည် လူများအား စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားကြောင်း တင်ပြခဲ့သည်။ (မ. ၁၄:၁၄) ထို့ပြင် ယေဟောဝါသည် မိမိအား တာဝန်ခန့်အပ်ပြီး ထိုတာဝန်ကိုထမ်းဆောင်ရန် ခွန်အားပေးမည်ကို သိမှတ်ကာ ယေရှုသည် ယုံကြည်စိတ်ချမှုနှင့် အခွင့်အာဏာရှိရှိ ပြောဆိုခဲ့သည်။—လု. ၄:၁၈။
၃။ ကျွန်ုပ်တို့၏ ဓမ္မအမှု အောင်မြင်ပြီးမြောက်ရန် ယေဟောဝါ ကျွန်ုပ်တို့ကို မည်သို့ကူညီပေးသနည်း။
၃ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီ– ကျွန်ုပ်တို့၏ ကြီးမြတ်သောသွန်သင်ရှင်သည် သတင်းကောင်းကို ကျွန်ုပ်တို့ အောင်မြင်စွာဟောပြောနိုင်ရန် လိုအပ်သောလေ့ကျင့်မှုကို ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် ပြင်ဆင်ပေးသည်။ (ဟေရှာ. ၅၄:၁၃) ယေရှု၏သွန်သင်နည်း မှတ်တမ်းကို ယေဟောဝါ ထိန်းသိမ်းပေးခဲ့သောကြောင့် ကျွန်ုပ်တို့သည် ယေရှု၏နည်းလမ်းများကို ဆန်းစစ်လေ့လာပြီး တုပနိုင်ကြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ သန့်ရှင်းသောစွမ်းအားတော်ပေးတော်မူပြီး အသင်းတော်အစည်းအဝေးများမှတစ်ဆင့် လေ့ကျင့်ပေးသည်။ (ယော. ၁၄:၂၆) ထို့ပြင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပို၍ထိရောက်စွာဟောပြောသူများဖြစ်လာစေရန် အကူအညီပေးနိုင်သည့် အတွေ့အကြုံရှိ ကြေညာသူများကိုလည်း ပေးထားသည်။
၄။ အခြားသူများကို သတင်းကောင်းဝေမျှဖို့ အရည်အချင်းပြည့်မီသည်ဟု ခံစားရရန် ကျွန်ုပ်တို့၌ အဘယ်အကြောင်းရင်းရှိသနည်း။
၄ ကျွန်ုပ်တို့သည် “ဘုရားသခင်ကြောင့်သာ အရည်အချင်း ပြည့်မီကြခြင်းဖြစ်” သောကြောင့် ဟောပြောရန်အရည်အချင်းပြည့်မီသည်ဟု ခံစားရရန် အကြောင်းရှိသည်။ (၂ ကော. ၃:၅) ကျွန်ုပ်တို့သည် ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကိုယ်တော်၏မေတ္တာပါပြင်ဆင်ပေးချက်များကို သစ္စာရှိရှိကောင်းစွာအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် “ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေမည်။”—၂ တိ. ၃:၁၇။