ခရစ်ယာန်ဓမ္မအမှုဆောင်များ ဆုတောင်းဖို့လို
၁။ ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန် အဘယ်အရာလိုအပ်သနည်း။
၁ ကျွန်ုပ်တို့၏အစွမ်းဖြင့် ဓမ္မအမှုကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါ။ ယေဟောဝါသည် ယင်းကိုလုပ်ဆောင်နိုင်ရန် ခွန်အားပေးတော်မူသည်။ (ဖိ. ၄:၁၃) သိုးကဲ့သို့သောသူများကိုရှာဖွေရာတွင် ကျွန်ုပ်တို့ကို ကူညီပေးဖို့ ကောင်းကင်တမန်များကို ကိုယ်တော် အသုံးပြုတော်မူသည်။ (ဗျာ. ၁၄:၆၊ ၇) ကျွန်ုပ်တို့စိုက်ပျိုး၊ ရေလောင်းသော အမှန်တရားမျိုးစေ့ကို ကြီးထွားစေသောအရှင်မှာ ယေဟောဝါဖြစ်သည်။ (၁ ကော. ၃:၆၊ ၉) သို့ဖြစ်၍ ခရစ်ယာန်ဓမ္မအမှုဆောင်များသည် ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်ကို ကိုးစားရန် အလွန်အရေးကြီးသည်။
၂။ ကျွန်ုပ်တို့ဆုတောင်းနိုင်သည့်အရာအချို့မှာ အဘယ်နည်း။
၂ ကျွန်ုပ်တို့ ကိုယ်တိုင်အတွက်– ကျွန်ုပ်တို့သည် ဟောပြောသည့်အခါတိုင်း ဆုတောင်းသင့်သည်။ (ဧ. ၆:၁၈) ကျွန်ုပ်တို့ဆုတောင်းနိုင်သည့်အရာအချို့မှာ အဘယ်နည်း။ ကျွန်ုပ်တို့ရပ်ကွက်အပေါ် အပြုသဘောထားရှိရန်နှင့် ရဲစွမ်းသတ္တိရှိရန် ဆုတောင်းနိုင်သည်။ (တ. ၄:၂၉) ကျွန်ုပ်တို့သင်အံမှုပြုလုပ်နိုင်မည့် စိတ်နှလုံးရိုးဖြောင့်သူများထံ လမ်းညွှန်ပေးဖို့ ယေဟောဝါအား ဆုတောင်းနိုင်သည်။ အိမ်ရှင်သည် မေးခွန်းတစ်ခုမေးပါက အဖြေမှန်ကိုဖြေနိုင်ရန် ယေဟောဝါထံ အသံတိတ်၊ အတိုချုပ်ဆုတောင်းနိုင်သည်။ (နေ. ၂:၄) ဓမ္မအမှုကို ဆက်၍ဦးစားထားနိုင်ရန် ဉာဏ်ပညာပေးဖို့လည်း ဆုတောင်းနိုင်သည်။ (ယာ. ၁:၅) ထို့ပြင် ယေဟောဝါ၏ ဓမ္မအမှုဆောင်တစ်ဦးဖြစ်ခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်းဖော်ပြသည်ကို ယေဟောဝါနှစ်သက်တော်မူသည်။—ကော. ၃:၁၅။
၃။ ဟောပြောခြင်းလုပ်ငန်းအပြင် အခြားသူများအတွက် မည်သို့ဆုတောင်းပေးနိုင်သနည်း။
၃ အခြားသူများအတွက်– ကျွန်ုပ်တို့သည် “အချင်းချင်းအတွက် ဆုတောင်းပေး” သင့်ပြီး သင့်လျော်မည်ဆိုလျှင် ဓမ္မအမှုဆောင်ချင်းများအတွက် နာမည်နှင့်တကွ ဆုတောင်းပေးနိုင်သည်။ (ယာ. ၅:၁၆; တ. ၁၂:၅) ကျန်းမာရေးမကောင်းခြင်းကြောင့် သင်သည် ဓမ္မအမှုတွင် အကန့်အသတ်ဖြင့်သာ ပါဝင်နေရပါသလော။ သို့ဖြစ်လျှင် ကျန်းမာရေးကောင်းသော အမှုဆောင်ချင်းများအတွက် ဆုတောင်းပေးပါ။ သူတို့အတွက် သင့်ဆုတောင်းချက်၏အကျိုးကို လျော့မတွက်ပါနှင့်။ ကျွန်ုပ်တို့၏ ညီအစ်ကိုများ “ငြိမ်ဝပ်အေးချမ်းစွာ အသက်ရှင်နိုင်မည်အကြောင်း” ဟောပြောခြင်းလုပ်ငန်းကို အာဏာပိုင်များ ခွင့်ပြုလာစေရန် ဆုတောင်းခြင်းသည် သင့်လျော်ပါသည်။—၁ တိ. ၂:၁၊ ၂။
၄။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဆုတောင်းခြင်း၌ စွဲမြဲသင့်သနည်း။
၄ သတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံးတွင် ကြေညာရန်မှာ ကျွန်ုပ်တို့၏အစွမ်းဖြင့် မတတ်နိုင်ပါ။ ကျွန်ုပ်တို့သည် “ဆုတောင်းခြင်း၌ စွဲမြဲကြ” လျှင် ယေဟောဝါ၏အကူအညီဖြင့် လုပ်ငန်းပြီးမြောက်ပါလိမ့်မည်။—ရော. ၁၂:၁၂။