ကျမ်းစာသင်အံမှုကမ်းလှမ်းရန် အမြဲအသင့်ရှိပါ
၁။ မဿဲ ၂၈:၁၉၊ ၂၀ ပါ ယေရှုပေးအပ်ခဲ့သောတာဝန်ကို ကျေပွန်စေရာတွင် အဘယ်အရာပါဝင်သနည်း။
၁ ယေရှုသည် ကျွန်ုပ်တို့အား ‘သွား၍တပည့်ဖြစ်စေလျက် သွန်သင်ပေးကြလော့’ ဟူသောတာဝန်ကို ပေးခဲ့သည်။ (မ. ၂၈:၁၉၊ ၂၀) ထို့ကြောင့် ကျွန်ုပ်တို့သည် အထူးသတ်မှတ်ထားသည့်နေ့တွင်သာ ကျမ်းစာသင်အံမှုများကမ်းလှမ်းရန်မဟုတ်ဘဲ အချိန်တိုင်း အသင့်ရှိနေလိုကြသည်။ အောက်ပါအကြံပြုချက်များက အထောက်အကူဖြစ်ပေမည်။
၂။ မည်သူတို့ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းနိုင်သနည်း။
၂ ကမ်းလှမ်းပါ– များများကမ်းလှမ်းလေ ကျမ်းစာသင်အံမှုရရန် အခွင့်အရေးပိုများလေဖြစ်သည်။ (ဒေ. ၁၁:၆) တိုက်ရိုက်ချဉ်းကပ်နည်းကို သင်အသုံးပြုဖူးသလော။ အမေရိကန်ပြည်ထောင်စုရှိ အသင်းတော်တစ်ခုသည် တိုက်ရိုက်ချဉ်းကပ်နည်းကို တစ်လလုံးလုံး ကြိုးစားအသုံးပြုခဲ့ကြသည်။ ယင်းကြောင့် ကျမ်းစာသင်အံမှုအသစ် ၄၂ ခုစတင်နိုင်ခဲ့သည့်အတွက် သူတို့ အလွန်ဝမ်းသာခဲ့ကြသည်။ သင်ပြန်လည်ပတ်သော စိတ်ဝင်စားသူများသည် သင် သူတို့ကို ကျမ်းစာသင်ပေးလိုကြောင်း သိနေလိမ့်မည်ဟု မယူမှတ်ပါနှင့်။ နောက်တစ်ကြိမ် သူတို့ထံ သင်လည်ပတ်သောအခါ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါလေ။ ဤအချိန်တွင် သူတို့ငြင်းပယ်လိုက်လျှင် စိတ်မပျက်ပါနှင့်။ သူတို့၏စိတ်ဝင်စားမှု တိုးများလာရန် သင်ဆက်လုပ်ဆောင်နိုင်သည်။ သင့်အိမ်နီးချင်းများ၊ ဆွေမျိုးများ၊ အလုပ်ဖော်များနှင့် ကျောင်းနေဖက်များအား သင်နှင့်အတူ ကျမ်းစာလေ့လာလို၊ မလို မေးမြန်းဖူးပါသလော။ သင့်ကျမ်းစာသင်သားကိုလည်း မိတ်ဆွေများ၊ ဆွေမျိုးများထဲတွင် ကျမ်းစာလေ့လာလိုသူရှိမရှိ မေးမြန်းနိုင်သည်။
၃။ ကျမ်းစာသင်အံမှုများစတင်နိုင်ရန် ကျွန်ုပ်တို့တွင် အသုံးဝင်သော အဘယ်ကိရိယာရှိထားသနည်း၊ ယင်းကို အဘယ်အချိန်တွင် အသုံးပြုနိုင်သနည်း။
၃ အသုံးဝင်သောကိရိယာ– ကျမ်းစာသင်အံမှုများစတင်ရန် အသုံးဝင်သောကိရိယာတစ်ခုမှာ အမှန်တရားကို သင်သိလိုပါသလောဝေစာဖြစ်သည်။ အိမ်ရှင်သည် အခြားစာပေတစ်မျိုးကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ယင်းဝေစာကို ပေးနိုင်သည်။ စီးပွားရေးရပ်ကွက်များတွင် ဟောပြောသည့်အခါ၊ လမ်းပေါ်သက်သေခံသည့်အခါ၊ စာရေးသက်သေခံသည့်အခါနှင့် ပြန်လည်ပတ်မှုများ ပြုလုပ်သောအခါများတွင် ယင်းကို အသုံးပြုနိုင်သည်။ လူမရှိသည့်အိမ်များတွင် ယင်းကို ထားခဲ့နိုင်သည်။ ဘတ်စကားစီးသောအခါ၊ ဈေးဝယ်ထွက်သည့်အခါ၊ အလုပ်သွားသည့်အခါများတွင် ယင်းတို့ကို ယူသွားပါလေ။ ဝေစာနောက်ကျောတွင် ကျမ်းစာသင်အံမှုအစီအစဉ်ကို အတိုချုပ်ရှင်းပြထားပြီး သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို မိတ်ဆက်ပေးထားသည်။
၄။ ကျမ်းစာသင်အံမှုစတင်ရန် အမှန်တရားကို သင်သိလိုပါသလောဝေစာကို မည်သို့ အသုံးပြုနိုင်သနည်း။
၄ ဝေစာကို ကမ်းပေးပြီး ရှေ့စာမျက်နှာပါမေးခွန်းများကို ထောက်ပြကာ “ဘယ်မေးခွန်းကို စိတ်ဝင်စားသလဲ” ဟုမေးပါ။ ထို့နောက် ဝေစာမှအဖြေကို အတူတကွသုံးသပ်ပြီး ကျမ်းစာသင်အံမှုအစီအစဉ်ကိုဖော်ပြထားသည့် နောက်ကျောစာမျက်နှာကို ဖတ်ပြ သို့မဟုတ် ရှင်းပြပါ။ ဤအကြောင်းအရာနှင့်ပတ်သက်သည့် ထပ်ဆင့်အချက်အလက်များကို သမ္မာကျမ်းစာသွန်သင်ရာစာအုပ်တွင် တွေ့ရှိနိုင်ကြောင်း ပြောပြပြီး ဆက်ဆွေးနွေးနိုင်ရန် ပြန်လည်ပတ်မှုပြုလုပ်ဖို့ စီစဉ်ပါ။
၅။ ကျမ်းစာသင်အံမှုကမ်းလှမ်းရန် အဘယ်ကြောင့် အသင့်ရှိနေသင့်သနည်း။
၅ ကျွန်ုပ်တို့၏ရပ်ကွက်တွင် ကျမ်းစာအမှန်တကယ်သွန်သင်ရာကို သိလိုသူများစွာ ရှိနေသေးသည်။ ကျမ်းစာသင်အံမှုကမ်းလှမ်းရန် အသင့်ရှိနေခြင်းဖြင့် အခြားသူများ အသက်လမ်းပေါ်ရောက်ရန် ကူညီပေးခြင်းမှရရှိသည့်ရွှင်လန်းမှု ခံစားရမည့်အခွင့်အရေး တိုးများလာမည်ဖြစ်သည်။—မ. ၇:၁၃၊ ၁၄။