တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အာရုံစိုက်ထားပါ
၁။ လူတွေ ကယ်တင်ခြင်းရနိုင်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။
၁ ဘုရားသခင့်ကျေးကျွန်တွေက နိုင်ငံတော်သတင်းကောင်းကို ထက်ထက်သန်သန်နဲ့ အင်တိုက်အားတိုက် ဟောပြောနေတယ်ဆိုတာ ၂၀၁၄ နှစ်စဉ်လုပ်ငန်းတော်မှတ်တမ်းကနေ သိရှိရပါတယ်။ (မ. ၂၄:၁၄) ကျမ်းစာသတင်းတရားကို အရင်ကထက် လူများများကြားနိုင်အောင် တစ်အိမ်မှတစ်အိမ်၊ ဝေစာတွေနဲ့ဖိတ်စာတွေကို ဝေငှတဲ့အထူးကင်ပိန်း၊ လူထုရှေ့သက်သေခံခြင်း စတဲ့အစီအစဉ်တွေမှာ ကျွန်ုပ်တို့ပါဝင်ပြီး ဟောပြောနေကြပါတယ်။ ဒါပေမဲ့ လူတွေကယ်တင်ခြင်းရနိုင်ဖို့ သူတို့တစ်ဦးချင်းစီနဲ့ ကျမ်းစာသင်အံမှုလုပ်ပြီး ယေရှုရဲ့တပည့်တွေဖြစ်လာအောင် ကူညီပေးရမယ်။—၁ တိ. ၂:၄။
၂။ ကျမ်းစာသင်အံမှုကမ်းလှမ်းဖို့ အမြဲအသင့်ရှိနိုင်အောင် ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၂ ကျမ်းစာသင်အံမှုကမ်းလှမ်းဖို့ အမြဲအသင့်ရှိ– စိတ်ဝင်စားသူနဲ့တွေ့တဲ့အခါ သူနဲ့ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကို သိအောင်ကြိုးစားသလား။ ပြီးတော့ ကျမ်းစာသင်အံမှုလုပ်နိုင်ဖို့ သူ့ဆီ ချက်ချင်းပြန်သွားသလား။ အမှုဆောင်နေချိန်မှာ ကျမ်းစာသင်အံမှု ဘယ်လိုလုပ်သလဲဆိုတာသရုပ်ပြခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ ယူနေတဲ့သူတွေကို ကျမ်းစာသင်အံမှုကမ်းလှမ်းတဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ။ အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်းတွေ၊ ဆွေမျိုးတွေနဲ့ တခြားမိတ်ဆွေတွေကို ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ၊ ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ စတဲ့ ဗီဒီယိုတွေ ပြဖူးသလား။ လူထုရှေ့သက်သေခံနေတဲ့အချိန်မှာ လေ့လာရန်စာအုပ် ယူသွားတဲ့သူတွေကို အခမဲ့ကျမ်းစာလေ့လာနိုင်ကြောင်း ပြောပြသလား။
၃။ အမှန်တရားကို ကောင်းကောင်းသင်ပေးနိုင်အောင် ဘာလုပ်ရမလဲ။
၃ ယေဟောဝါနဲ့ယေရှုဆီက အကူအညီတောင်းပါ– “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ” ပါလို့ ယေရှု မိန့်မှာတဲ့အခါ ကျွန်ုပ်တို့ဘက်က ကြိုးစားအားထုတ်ပြီး အစပြုလုပ်ဆောင်ဖို့လိုတယ်ဆိုတာကို ယေရှုပြောနေတာဖြစ်တယ်။ ဒါပေမဲ့ ယေရှုက ကျွန်ုပ်တို့ကို ဒီအတိုင်းပစ်မထားဘဲ ကျွန်ုပ်တို့နဲ့အတူ အမြဲရှိနေမယ်လို့ ကတိပေးထားပါတယ်။ (မ. ၂၈:၁၉၊ ၂၀) လူတွေကို ကျွန်ုပ်တို့ အမှန်တရားသင်ပေးနိုင်အောင် ယေဟောဝါကလည်း သန့်ရှင်းသောစွမ်းအားတော်ပေးတဲ့အပြင် လေ့ကျင့်မှုနဲ့ လိုအပ်တဲ့ကိရိယာတွေ ပြင်ဆင်ပေးထားပါတယ်။ (ဇာ. ၄:၆; ၂ ကော. ၄:၇) အရေးကြီးတဲ့တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ကျွန်ုပ်တို့ လုပ်ချင်စိတ်ရှိအောင်၊ လုပ်ဆောင်နိုင်စွမ်းရှိအောင် ကူညီပေးပါလို့ ဆုတောင်းဖို့လိုတယ်။—ဖိ. ၂:၁၃။
၄။ ဘာကြောင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အာရုံစိုက်ထားသင့်သလဲ။
၄ သတင်းကောင်းဟောပြောခြင်းကနေ ပျော်ရွှင်မှု အများကြီးရနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို အမှန်တရားသင်ပေးပြီး “အသက်ရှင်ခြင်းသို့ ရောက်သောလမ်း” ပေါ်မှာ ကျွန်ုပ်တို့နဲ့အတူ လျှောက်လှမ်းနိုင်အောင် ကူညီပေးတဲ့အခါ ပိုပြီးပျော်ရွှင်မှုရရှိတယ်။ (မ. ၇:၁၄; ၁ သက်. ၂:၁၉၊ ၂၀) ဒီထက်ပိုအရေးကြီးတာက တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အာရုံစိုက်ထားမယ်ဆိုရင် “မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိ” တဲ့ ယေဟောဝါရဲ့ ချစ်မြတ်နိုးမှုကို ကျွန်ုပ်တို့ရရှိမှာဖြစ်တယ်။—၂ ပေ. ၃:၉။