လူအမျိုးမျိုးအတွက် ရည်ရွယ်ထုတ်ဝေထားတဲ့ မဂ္ဂဇင်းများ
၁။ သစ္စာနဲ့သတိပညာရှိကျွန်က တမန်တော်ပေါလုကို ဘယ်လိုတုပ သလဲ။
၁ တမန်တော်ပေါလုက “လူအမျိုးမျိုး” ကိုရဖို့အတွက် သတင်းကောင်းကို နည်းအမျိုးမျိုးနဲ့ တင်ဆက်ခဲ့သလို သစ္စာနဲ့သတိပညာရှိကျွန်ကလည်း နောက်ခံအမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုးရှိတဲ့သူတွေထံ သတင်းကောင်းရောက်ရှိဖို့ မဂ္ဂဇင်းတွေကို အသုံးပြုတယ်။ (၁ ကော. ၉:၂၂၊ ၂၃) ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ ဒီမဂ္ဂဇင်းတွေကို ဘယ်သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားတယ်ဆိုတာ သိထားသင့်တယ်။
၂။ နိုးလော့!ကို ဘယ်သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားသလဲ။
၂ နိုးလော့!– ဒီမဂ္ဂဇင်းက တမန်တော်ပေါလုဟောပြောခဲ့တဲ့ “အေသင်မြို့သား” တွေနဲ့တူတဲ့သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်တယ်။ (တ. ၁၇:၂၂) အေသင်မြို့သားတွေက ခရစ်ယာန်တွေအကြောင်းမသိဘူး၊ သမ္မာကျမ်းစာအသိပညာလည်း မရှိကြဘူး။ အလားတူပဲ၊ နိုးလော့!ကို ကျမ်းစာအသိပညာ လုံးဝမရှိတဲ့သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားတယ်။ သူတို့တွေက ခရစ်ယာန်သွန်သင်ချက်တွေအကြောင်း မသိတဲ့သူ၊ ဘာသာရေးကိုလည်း မယုံကြည်သူ၊ ကျမ်းစာရဲ့လက်တွေ့ကျတန်ဖိုးကို မသိတဲ့သူတွေ ဖြစ်နိုင်တယ်။ နိုးလော့!ရဲ့အဓိကရည်ရွယ်ချက်က စစ်မှန်တဲ့ဘုရားသခင် တည်ရှိတယ်ဆိုတာ စာဖတ်ပရိသတ် ယုံကြည်လာဖို့ဖြစ်တယ်။ ဒီမဂ္ဂဇင်းရဲ့ ရည်ရွယ်ချက်က သမ္မာကျမ်းစာကို ယုံကြည်လာဖို့နဲ့ ယေဟောဝါသက်သေတွေက တခြားဘာသာရေးအုပ်စုတွေနဲ့ မတူဘူးဆိုတာသိအောင် ကူညီပေးဖို့ဖြစ်တယ်။
၃။ ကင်းမျှော်စင်စာစောင်တွေက ဘယ်သူတွေအတွက်လဲ။
၃ ကင်းမျှော်စင်– လူထုအတွက်စာစောင်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို အတိုင်းအတာတစ်ခုအထိ ရိုသေလေးမြတ်သူတွေအတွက် ရည်ရွယ်တယ်။ သူတို့တွေမှာ ကျမ်းစာအသိပညာ အနည်းငယ်ရှိပေမယ့် ကျမ်းစာမှာပါတဲ့သွန်သင်ချက်တွေကို အမှန်တကယ် မသိကြဘူး။ သူတို့တွေက ပေါလုတရားဟောခဲ့တဲ့ “ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့” နဲ့တူတယ်။ (တ. ၁၃:၁၄-၁၆) ကင်းမျှော်စင်လေ့လာရန်စာစောင်ကတော့ ယေဟောဝါသက်သေတွေအတွက်ဖြစ်တယ်။ ပေါလုက သူ့စာကိုဖတ်တဲ့သူတွေဟာ သမ္မာကျမ်းစာနဲ့ ရင်းနှီးကျွမ်းဝင်ပြီး အမှန်တရားရဲ့ တိကျမှန်ကန်တဲ့အသိပညာကို သိထားသူတွေဖြစ်ကြောင်း ယုံကြည်ထားတယ်။ (၁ ကော. ၁:၁၊ ၂) အလားတူပဲ၊ လေ့လာရန်စာစောင်မှာပါတဲ့ ဆောင်းပါးတွေက အစည်းအဝေးတွေတက်တဲ့သူ၊ ယေဟောဝါသက်သေတွေရဲ့ အသုံးအနှုန်း၊ အယူအဆတွေနဲ့ အကျွမ်းဝင်သူတွေအတွက် ဖြစ်တယ်။
၄။ ဓမ္မအမှုမှာ မဂ္ဂဇင်းတွေကို ဝေငှတဲ့အခါ တစ်စောင်စီမှာပါဝင်တဲ့ အကြောင်းအရာတွေကို ဘာကြောင့် ကောင်းကောင်းသိထားသင့်သလဲ။
၄ ပုံမှန်အားဖြင့် မဂ္ဂဇင်းတွေကို အစုံလိုက် ဝေငှကြပေမဲ့ ဝေငှတဲ့အခါမှာ တစ်စောင်အကြောင်းကိုပဲ ဇောင်းပေးပြီးပြောတယ်။ ဒါကြောင့် တစ်စောင်စီမှာပါဝင်တဲ့ အကြောင်းအရာတွေကို ကောင်းကောင်းသိဖို့ ပန်းတိုင်ထားပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သင်တွေ့တဲ့သူနဲ့ သင့်လျော်တဲ့စာစောင်ကို ဝေငှနိုင်ပါလိမ့်မယ်။