ထိရောက်တဲ့ချဉ်းကပ်နည်းကို သုံးပါ
၁။ အစောပိုင်းခရစ်ယာန်တွေရဲ့ ချဉ်းကပ်နည်းအမျိုးမျိုးကနေ ဘာသင်ယူနိုင်မလဲ။
၁ အစောပိုင်းခရစ်ယာန်တွေက ယဉ်ကျေးမှုနဲ့ ဘာသာတရားအမျိုးမျိုးရှိတဲ့သူတွေကို သတင်းကောင်းဟောပြောခဲ့ကြတယ်။ (ကော. ၁:၂၃) ဟောပြောတဲ့သတင်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း တစ်ခုပဲဖြစ်ပေမဲ့ နားထောင်တဲ့သူအပေါ်မူတည်ပြီး နိဒါန်းနဲ့ အကြောင်းအရာတင်ဆက်ပုံ အမျိုးမျိုးကို သုံးခဲ့ကြတယ်။ ဥပမာ၊ ကျမ်းစာကို လေးမြတ်တန်ဖိုးထားတဲ့ဂျူးတွေကို ပေတရုဟောတဲ့အခါ ပရောဖက်ယောလကျမ်းကို ကိုးကားပြီး စပြောခဲ့တယ်။ (တ. ၂:၁၄-၁၇) ဒါပေမဲ့ တမန်တော် ၁၇:၂၂-၃၁ မှာပါတဲ့၊ ဂရိလူမျိုးတွေနဲ့ ပေါလုကျိုးကြောင်းဆင်ခြင်ပုံကို သတိပြုကြည့်ပါ။ ဒီနေ့အချိန်မှာလည်း တချို့ရပ်ကွက်ကလူတွေဟာ ကျမ်းစာကို လေးမြတ်ကြတဲ့အတွက် တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ ကျမ်းစာကို လွတ်လွတ်လပ်လပ်သုံးနိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်မဟုတ်သူ၊ ကျမ်းစာ ဒါမှမဟုတ် ဘာသာတရားကို စိတ်မဝင်စားသူတွေကို ဟောတဲ့အခါ ပိုပြီးလိမ္မာပါးနပ်ဖို့ လိုပါလိမ့်မယ်။
၂။ ကျမ်းစာကို လေးမြတ်သူ၊ မလေးမြတ်သူတွေကို ဟောပြောတဲ့အခါ စာပေတွေကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၂ စာပေတွေကို ထိထိရောက်ရောက်ဝေငှပါ– ဒီလုပ်ငန်းတော်နှစ်မှာ ဝေငှမယ့်စာပေတွေဟာ နှစ်လတစ်ကြိမ်ပြောင်းလဲသွားမှာဖြစ်ပြီး မဂ္ဂဇင်း၊ ဝေစာ၊ ဘရိုရှာတွေကို ဝေငှသွားမှာဖြစ်တယ်။ ရပ်ကွက်မှာရှိသူအများစုက ကျမ်းစာကိုစိတ်မဝင်စားဘူးဆိုရင်တောင် သူတို့စိတ်ဝင်စားမယ့် အကြောင်းအရာတစ်ခုခုကို တင်ဆက်နိုင်ပါတယ်။ ပထမဆုံးလည်ပတ်ချိန်မှာ ကျမ်းစာဖတ်တာ၊ တိုက်ရိုက်ရည်ညွှန်းတာ လုပ်ချင်မှလုပ်ဖြစ်မယ်၊ ဒါပေမဲ့ အိမ်ရှင်က စိတ်ဝင်စားကြောင်းပြတဲ့အခါ ဖန်ဆင်းရှင်နဲ့ သမ္မာကျမ်းစာကို သူ ယုံကြည်လာအောင် တည်ဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြန်လည်ပတ်နိုင်တယ်။ ဒါပေမဲ့၊ ကျမ်းစာကိုအလေးထားသူတွေကို ဟောတဲ့အခါမှာ ဒီအချက်ပေါ်လွင်စေတဲ့ စာပေတွေ၊ ချဉ်းကပ်နည်းတွေကို သုံးနိုင်ပါတယ်။ လစဉ် ဝေငှရမယ့်စာပေကို သတ်မှတ်ထားပေမဲ့ ဘယ်အချိန်မှာမဆို သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၊ ဘုရားသခင့်စကားနားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာကို ဝေငှနိုင်တယ်။ အဓိက,ကတော့ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးတဲ့ ချဉ်းကပ်နည်းကို သုံးဖို့ဖြစ်တယ်။
၃။ ကျွန်ုပ်တို့ရပ်ကွက်က လူတွေရဲ့စိတ်နှလုံးဟာ ဘယ်လိုနည်းနဲ့ မြေကြီးနဲ့တူသလဲ။
၃ မြေသားကို ပြင်ဆင်ပါ– လူတစ်ယောက်ရဲ့ စိတ်နှလုံးက မြေကြီးနဲ့တူတယ်။ (လု. ၈:၁၅) တချို့မြေသားတွေက ကျမ်းစာအမှန်တရားမျိုးစေ့ အမြစ်မစွဲခင်၊ မကြီးထွားလာခင် ပိုပြီးပြင်ဆင်ဖို့လိုတယ်။ ပထမရာစုသတင်းကောင်းဟောပြောသူတွေက မြေသားအမျိုးမျိုးမှာ စိုက်ပျိုးနိုင်ခဲ့ကြပြီး အဲဒီကနေ ကျေနပ်မှုနဲ့ ရွှင်လန်းမှု ခံစားခဲ့ရတယ်။ (တ. ၁၃:၄၈၊ ၅၂) ကျွန်ုပ်တို့ရဲ့ ချဉ်းကပ်နည်းတွေကို ဂရုစိုက်မယ်ဆိုရင် အလားတူ အောင်မြင်နိုင်ပါတယ်။