သတင်းကောင်း ဝေငှခြင်း—ကျမ်းစာသင်အံမှုများအားဖြင့်
၁ မြန်မာနိုင်ငံတွင် လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း လစဉ်ကျမ်းစာသင်အံမှုပေါင်း ၁၆၆၁ ကျော်ကျင်းပခဲ့ကြသည်။ ဤပျော်ရွှင်မှုပေးသောလုပ်ငန်းတွင် ကြေညာသူ လေးပုံပုံတစ်ပုံပါဝင်ခဲ့သည်။ လေးပုံတစ်ပုံပါဝင်သည်ဟုဆိုသောကြောင့် သုံးပုံမျှမပါဝင်ကြောင်း ထင်ရှားသည်။ သူတစ်ထူးကို သမ္မာတရားသွန်သင်ပေးခြင်းမှ ရရှိနိုင်သောအထူးကျေနပ်မှုကို မည်သို့ခံစားနိုင်ပါမည်နည်း။
၂ ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ကျွန်ုပ်တို့ချစ်သောကြောင့် သူတစ်ထူးအား သမ္မာတရားရစေလိုကြသည်။ ဓမ္မအမှုတွင် ယေဟောဝါအကူအညီလိုအပ်နေသည်။ (၁ ကော၊ ၃:၆၊ ၇) ထိုကြောင့် ဆုတောင်းခြင်းဖြင့် ယေဟောဝါထံချဉ်းကပ်ပြီး အိမ်တွင်းကျမ်းစာသင်အံမှုစနိုင်ရန် ကိုယ်တော့်အကူအညီကို မတောင်းဆိုသင့်သလော။ (၁ ယော၊ ၅:၁၄၊ ၁၅) ထိုနောက် တောင်းဆိုချက်နှင့်အညီ လယ်ကွင်းလုပ်ငန်း၌အခြေအနေခွင့်ပြုသမျှပါဝင်သင့်သည်။ အခွင့်အရေးရတိုင်း အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းမည်။
အခွင့်အရေးကောင်းများစွာရှိ
၃ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရပ်ကွက်ရှိသူတို့အား စာအုပ်နှင့်မဂ္ဂဇင်းထောင်ပေါင်းများစွာဝေငှခဲ့ပြီ။ Live Forever True Peace သမ္မာတရားနှင့်အခြားစာအုပ်ပေါင်းများစွာကို ယေဟောဝါသက်သေများမဟုတ်သူတို့အိမ်တွင် တွေ့ရှိနိုင်ပါသည်။ ယင်းကြောင့် ကျမ်းစာသင်အံမှုအသစ်များစရန် အခွင့်အရေးကောင်းများစွာရှိစေသည်။
၄ ကျွန်ုပ်တို့လုပ်ငန်းကိုနားလည်သည်၊ ကျွန်ုပ်တို့စာပေများ ရှိထားသည်ဟုပြောသောအိမ်ရှင်နှင့်တွေ့ဆုံသည့်အခါ ကျွန်ုပ်တို့မည်မျှဝမ်းသာသည်ကို သူ့အားပြောပါ။ (Reasoning စာအုပ်ရှိသူများ စာမျက်နှာ ၂၀ ကိုကြည့်ပါ။) စာအုပ်ရှိထားလျှင် ကျေးဇူးပြု၍ယူခဲ့ရန်၊ ယင်းမှ သူနှင့်သူ့မိသားစုအတွက် အကျိုးရှိမည့်အချက်အချို့ကိုတင်ပြလိုကြောင်း ရည်မွန်စွာပြောဆိုပါ။ တုံ့ပြန်မှုကောင်းလျှင် အိမ်တွင်းကျမ်းစာသင်အံမှုစပေးရန် ကမ်းလှမ်းကြည့်ပါ။
၅ အထက်အပိုဒ်နှင့်ခြားနားစွာ ကျွန်ုပ်တို့ဘက်မှစ၍ အသင်းမစာပေရှိမရှိအိမ်ရှင်အား မေးမြန်းနိုင်သည်။ ဖေါ်ရွေစွာမိတ်ဆက်ပြီးနောက် ကျွန်ုပ်တို့မကြာခဏရောက်တတ်သောကြောင့် ကိုယ်နှင့်စပ်ဆိုင်သူအများ စာပေများရရှိပြီးသားဖြစ်သည်ဟုပြောပြနိုင်သည်။ ထုတ်ဝေခဲ့သောစာပေမှ လူတို့အကျိုးခံစားရသည်ကို ကျွန်ုပ်တို့စိတ်ဝင်စားကြောင်း၊ အိမ်ရှင်မှာ အသင်းမစာပေရှိမရှိသိလိုကြောင်းပြောနိုင်သည်။ ရှိပါက တွေ့နိုင်မည်လောဟုမေးကာ ယင်းကိုမည်သို့လေ့လာနိုင်သည်ကို သူ့အားတင်ပြနိုင်သည်။ မည်သို့လေ့လာမည်ကို တိုတုတ်စွာသရုပ်ပြပေးခြင်းမှ ကျမ်းစာသင်အံမှုရရှိသွားနိုင်သည်။ ကျွန်ုပ်တို့စာပေများမရှိသေးလျှင် လောလောဆယ်ထုတ်ဝေနေသောစာပေကို သူ့အားပြပေးနိုင်သည်။ သို့မဟုတ် သူ့မိသားစုအတွက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအလိုရှိမရှိ တိုက်ရိုက်မေးမြန်းနိုင်သည်။
ထိုးထွင်းဉာဏ်အသုံးပြု
၆ လူများအလုပ်မအားသူချည်းသာဖြစ်သဖြင့် အသိဉာဏ်အသုံးပြုကာ ကြာမြင့်လွန်းစွာမနေသင့်။ ပထမသင်အံမှုများကို ၁၅ မိနစ်ခန့်သာပြုလုပ်နိုင်သည်။ အိမ်ရှင်၏အချိန်များစွာကုန်မည်မဟုတ်သည်ကို သူသဘောပေါက်လာလျှင် ကျွန်ုပ်တို့မှန်မှန်ပြန်လာခြင်းကို သူလက်ခံလိုပေမည်။ သင်အံမှုသည် အတည်တကျရှိပြီး အိမ်ရှင်၏စိတ်ဝင်စားမှု တိုးများလာပြီဆိုလျှင် လေ့လာချိန်ကိုတိုးပေးနိုင်ပေမည်။ အချို့သူများ အစကတည်းက ကြာမြင့်စွာသင်အံလိုပေမည်။
၇ ကျွန်ုပ်တို့အကူအညီလိုအပ်နေသော သိုးကဲ့သို့သူများ လယ်ကွင်းတွင်များစွာရှိနေပါသည်။ သူတို့မှာလည်း ကျွန်ုပ်တို့စာပေများရှိထားသည်။ သူတို့အနက်အချို့သည် ယနေ့မြေကြီးပေါ်ပြုနေသော ရွံရှာဖွယ်ရာတို့ကြောင့် ညည်းတွားငိုကြွေးနေကြပေမည်။ (ယေဇ၊ ၉:၄) လူသားတို့၏ဒုက္ခများကို ဖြေရှင်းပေးနိုင်သောနိုင်ငံအကြောင်း ရှင်းပြသည့်စာပေများကို ဝေငှခွင့်သာမက ကျမ်းစာသင်အံမှုများအားဖြင့် ဖြောင့်မတ်သူတို့စိတ်နှလုံးကို သမ္မာတရားနှင့်ထိမိခွင့်ကိုလည်း ကျွန်ုပ်တို့ရရှိထားပါသည်။—မ၊ ၂၈:၁၉၊ ၂၀။