မလုပ်နိုင်ဘူးလို့ မယူဆပါနဲ့—အရည်အချင်းမရှိဘူးဆိုတဲ့ခံစားချက်ကို အနိုင်ယူပါ
၁။ တချို့သူတွေ ဘာကြောင့် ကျမ်းစာသင်အံမှု မကမ်းလှမ်းတာလဲ။
၁ သင်ဟာ ကျမ်းစာသင်အံမှုတစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်မှာမဟုတ်ဘူးလို့ ယူဆပြီး ကျမ်းစာသင်အံမှု မကမ်းလှမ်းဘဲနေသလား။ ရှေးခေတ်က သစ္စာရှိကျေးကျွန်တွေဖြစ်တဲ့ မောရှေနဲ့ ယေရမိဟာ သူတို့ရရှိတဲ့တာဝန်ကို လုပ်ဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ (ထွ. ၃:၁၀၊ ၁၁; ၄:၁၀; ယေ. ၁:၄-၆) ဒါကြောင့် အဲဒီလို ခံစားချက်မျိုးရှိတာက အဆန်းမဟုတ်ပါဘူး။ အဲဒါကို ဘယ်လို အောင်မြင်နိုင်သလဲ။
၂။ တစ်အိမ်တက်ဆင်း ဟောပြောရုံနဲ့ ကျေနပ်နေပြီး ကျမ်းစာသင်တဲ့အလုပ်ကိုတော့ တခြားသူတွေအတွက် ချန်ထားတာမျိုး ဘာကြောင့် မလုပ်သင့်သလဲ။
၂ ကျွန်ုပ်တို့ မတတ်နိုင်တဲ့အလုပ်တစ်ခုခုကိုလုပ်ဖို့ ယေဟောဝါ ဘယ်တော့မှ မတောင်းဆိုဘူးဆိုတာ သတိရသင့်တယ်။ (ဆာ. ၁၀၃:၁၄) ဒါကြောင့် ကျွန်ုပ်တို့ရထားတဲ့ “တပည့်ဖြစ်စေ” ခြင်းနဲ့ “သွန်သင်” ခြင်းတာဝန်တွေက ကျွန်ုပ်တို့ လုပ်နိုင်တာတွေဖြစ်တယ်။ (မ. ၂၈:၁၉၊ ၂၀) အဲဒါက ကျွန်ုပ်တို့အလယ်မှာရှိတဲ့ အတွေ့အကြုံအရှိဆုံးသူတွေ ဒါမှမဟုတ် ဉာဏ်အကောင်းဆုံးသူတွေကိုပဲ ယေဟောဝါ စေခိုင်းတဲ့အလုပ် မဟုတ်ပါဘူး။ (၁ ကော. ၁:၂၆၊ ၂၇) ဒါကြောင့် ကျွန်ုပ်တို့ဟာ တစ်အိမ်တက်ဆင်းဟောပြောရုံနဲ့ ကျေနပ်နေပြီး ကျမ်းစာသင်တဲ့အလုပ်ကိုတော့ တခြားသူတွေအတွက် ချန်ထားတာမျိုး မလုပ်သင့်ဘူး။
၃။ ကျမ်းစာသင်အံမှုလုပ်ငန်းအတွက် အရည်အချင်းပြည့်မီအောင် ယေဟောဝါ ကျွန်ုပ်တို့ကို ဘယ်လိုပြင်ဆင်ပေးသလဲ။
၃ ကျွန်ုပ်တို့ကို ယေဟောဝါ အရည်အချင်းပြည့်မီစေ– တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းကို ယေဟောဝါ ပေးတာဖြစ်တယ်။ (၂ ကော. ၃:၅) ကိုယ်တော်က လောကမှာရှိတဲ့ ပညာအတတ်ဆုံးသူတွေတောင် မသိတဲ့ ကျမ်းစာအမှန်တရားအကြောင်းကို အဖွဲ့အစည်းကတစ်ဆင့် ကျွန်ုပ်တို့ကို သင်ပေးတယ်။ (၁ ကော. ၂:၇၊ ၈) အတော်ဆုံးဆရာဖြစ်တဲ့ ယေရှုရဲ့သွန်သင်နည်းတွေကို ကျွန်ုပ်တို့ တုပနိုင်ဖို့ မှတ်တမ်းတင်စေခဲ့တယ်၊ အသင်းတော်ကတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်လက်လေ့ကျင့်ပေးတယ်။ ဒါ့အပြင် ကျမ်းစာသင်ရာမှာ လိုအပ်တဲ့အရာတွေကိုလည်း ပြင်ဆင်ပေးတယ်။ အမှန်တရားကို ယုတ္တိရှိရှိ၊ အလွယ်တကူ နားလည်စေဖို့ ကူညီပေးတဲ့ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုလည်း ပြင်ဆင်ပေးထားတယ်။ ကျမ်းစာသင်အံမှုလုပ်တာက ကျွန်ုပ်တို့ ထင်သလောက် မခက်ခဲပါဘူး။
၄။ ယေဟောဝါ ကျွန်ုပ်တို့ကို ကူညီမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၄ မောရှေနဲ့ ယေရမိဟာ သူတို့ရဲ့တာဝန်ကို ယေဟောဝါရဲ့အကူအညီနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်။ (ထွ. ၄:၁၁၊ ၁၂; ယေ. ၁:၇၊ ၈) ကျွန်ုပ်တို့လည်း ယေဟောဝါရဲ့အကူအညီကို တောင်းခံနိုင်ပါတယ်။ ကျွန်ုပ်တို့ ကျမ်းစာသင်အံမှုတစ်ခုလုပ်တာက တစ်ယောက်ယောက်ကို ယေဟောဝါအကြောင်း သင်ပေးနေတာဖြစ်ပြီး အဲဒါကို ယေဟောဝါနှစ်သက်တယ်။ (၁ ယော. ၃:၂၂) ဒါကြောင့် အမှုဆောင်လုပ်ငန်းရဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ ပျော်စရာအကောင်းဆုံးနဲ့ အကျိုးအများဆုံးရရှိစေတဲ့ ကျမ်းစာသင်အံမှုလုပ်ငန်းမှာ ပါဝင်ဖို့ ပန်းတိုင်ထားပါ။