◼ အစီအစဉ်အချိန်များ– တံခါးတွေကို နံနက် ၈:၀၀ နာရီမှာ ဖွင့်ပါလိမ့်မယ်။ အစီအစဉ်သုံးရက်စလုံးရဲ့ အဖွင့်တေးသံကို နံနက် ၉:၂၀ နာရီမှာ စတင်မှာဖြစ်တယ်။ အစီအစဉ်ကို စနစ်တကျ စတင်နိုင်ဖို့ အဖွင့်တေးသံစချိန်မှာ ကျွန်ုပ်တို့အားလုံး ကိုယ့်ထိုင်ခုံမှာ ရှိနေသင့်ပါတယ်။ အစီအစဉ်ကို သောကြာနေ့နဲ့ စနေနေ့မှာ ညနေ ၄:၅၅ နာရီ၊ တနင်္ဂနွေနေ့မှာ ညနေ ၃:၅၀ နာရီမှာ နိဂုံးချုပ်မှာ ဖြစ်ပါတယ်။
◼ အပြည်ပြည်ဆိုင်ရာစည်းဝေး– တချို့နိုင်ငံတွေမှာ အပြည်ပြည်ဆိုင်ရာစည်းဝေး ကျင်းပမှာဖြစ်တယ်။ ဌာနခွဲရုံးဟာ ထိုင်ခုံအရေအတွက်၊ ကားထားဖို့နေရာနဲ့ ဟိုတယ်အရေအတွက်ကို သေချာတွက်ချက်ပြီး အသင်းတော်တချို့နဲ့ တိုင်းတစ်ပါးက ညီအစ်ကို၊ ညီအစ်မတချို့ကို ဖိတ်ခေါ်ပါတယ်။ ကြေညာသူတွေဟာ အပြည်ပြည်ဆိုင်ရာစည်းဝေးကို ဖိတ်ခေါ်မခံရဘဲ တက်ရောက်မယ်ဆိုရင် လူအရမ်းများသွားတာမျိုး ဖြစ်နိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် သင့်ဒေသနဲ့ဆိုင်တဲ့ စည်းဝေးကို မတက်ဖြစ်ဘူးဆိုရင် အပြည်ပြည်ဆိုင်ရာစည်းဝေးကိုမဟုတ်ဘဲ တခြားခရိုင်စည်းဝေးကို သွားတက်သင့်တယ်။
◼ ကားရပ်မယ့်နေရာ– ခရိုင်စည်းဝေးကျင်းပတဲ့နေရာမှာ ကားရပ်မယ့်နေရာတွေကို ကျွန်ုပ်တို့ ကြီးကြပ်ပေးမှာဖြစ်ပြီး အခကြေးငွေ ပေးစရာမလိုဘဲ ဦးရာလူစနစ်နဲ့ ရပ်နားနိုင်ပါတယ်။ ကားရပ်နားဖို့နေရာတွေက အများအားဖြင့် အကန့်အသတ်ရှိတာကြောင့် အတတ်နိုင်ဆုံး စုပေါင်းစီးသင့်ပါတယ်။
◼ ထိုင်ခုံဦးခြင်း– စည်းဝေးခန်းမရဲ့ တံခါးဖွင့်တာနဲ့ ကိုယ်ကြိုက်တဲ့နေရာကို အလုအယက် ဦးတာမျိုး မလုပ်ပါနဲ့။ သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးတဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသားဖြစ်ပြီး တခြားသူတွေ ဘုရားကို ချီးမွမ်းလာအောင် လှုံ့ဆော်ပေးနိုင်တယ်။ (ယော. ၁၃:၃၄၊ ၃၅; ၁ ကော. ၁၃:၄၊ ၅; ၁ ပေ. ၂:၁၂) သင်နဲ့အတူ ကားတစ်စီးတည်း စီးလာသူတွေ ဒါမှမဟုတ် သင်နဲ့တစ်အိမ်တည်း နေတဲ့သူတွေ၊ သင်နဲ့အတူ လက်ရှိကျမ်းစာလေ့လာနေတဲ့သူတွေအတွက်ပဲ ထိုင်ခုံဦးထားနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် ထိုင်ခုံတွေကို စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ အကန့်အသတ်ပဲရှိတာကြောင့် သူတို့ကိုကူညီပေးမယ့်သူ တစ်ယောက်၊ နှစ်ယောက်ပဲ သူတို့နဲ့အတူ ထိုင်သင့်ပါတယ်။
◼ နေ့လယ်စာ– နေ့လယ်စာ စားချိန်မှာ အပြင်ထွက်ပြီး ဝယ်စားမယ့်အစား ကျေးဇူးပြု၍ ရိုးရှင်းတဲ့နေ့လယ်စာ ယူလာပါ။ ထိုင်ခုံအောက်မှာထားလို့ရတဲ့ ရေခဲဘူးလေးကို ယူလာနိုင်ပါတယ်။ မိသားစုသုံးရေခဲဘူးကြီးတွေနဲ့ ဖန်ထည်ပစ္စည်းတွေကို စည်းဝေးခန်းမထဲ ယူလာခွင့်မပြုပါဘူး။
◼ အလှူငွေများ– စည်းဝေးမှာ ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေထည့်ဝင်ပြီး ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်ပါတယ်။ စည်းဝေးမှာ ချက်လက်မှတ်နဲ့ အလှူငွေပေးလိုတယ်ဆိုရင် “ယေဟောဝါသက်သေများ၊ ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ ဝေစာအသင်း၊ ရန်ကုန်” သို့ ပေးလှူသင့်ပါတယ်။
◼ ဆေးဝါး– ဆရာဝန်ညွှန်းတဲ့ဆေး သောက်ဖို့လိုတယ်ဆိုရင် စည်းဝေးကျင်းပတဲ့နေရာမှာ အဲဒီဆေးတွေ ရနိုင်မှာမဟုတ်တဲ့အတွက် ကျေးဇူးပြု၍ ယူလာပါ။ ဆီးချိုအတွက်သုံးတဲ့ ဆေးထိုးအပ်တွေနဲ့ ဆီးချိုစစ်တဲ့အပ်တွေဟာ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့အတွက် စနစ်တကျ ထုပ်ပိုးပြီး အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
◼ ကြိုတင်ကာကွယ်မှုများ– ချော်လဲလို့၊ ခလုတ်တိုက်လို့ ထိခိုက်ဒဏ်ရာရတာမျိုး မဖြစ်အောင် အထူးသတိထားပါ။ ဖိနပ်ကြောင့်၊ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတယ်။ လှေကားတွေ၊ သံဆန်ခါတွေ၊ ဆင်ခြေလျှောလမ်းတွေ အစရှိတဲ့ နေရာတွေမှာ ဘေးကင်းစွာ သွားလာနိုင်မယ့်ဖိနပ်ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။
◼ အစီအစဉ်ထုတ်လွှင့်မှု– အစီအစဉ်ကို အင်္ဂလိပ်လိုဘာသာပြန်ပြီး အဆောက်အဦအတွင်း FM ရေဒီယိုလှိုင်းနဲ့ ထုတ်လွှင့်ပေးသွားမှာဖြစ်တယ်။ နားထောင်ချင်တယ်ဆိုရင် FM ရေဒီယိုလှိုင်းဖမ်းနိုင်တဲ့ ဘက်ထရီသုံးစက်တစ်ခုနဲ့ နားကြပ်ကို ယူလာပါ။
◼ ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်– စည်းဝေးကို ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်တွေ မယူလာသင့်ပါဘူး။ ဒါပေမဲ့ မိဘဘေးကထိုင်ခုံမှာ တင်ထားနိုင်တဲ့ ကလေးထိုင်ခုံကို ယူလာနိုင်ပါတယ်။
◼ အမွှေးနံ့များ– စည်းဝေးအများစုကို အလုံပိတ်ခန်းမတွေမှာ ကျင်းပပြီး လေဝင်လေထွက်ကောင်းအောင် စက်တွေအသုံးပြုထားတယ်။ ဒါကြောင့် ဓာတ်မတည့်တဲ့သူတွေ၊ ခေါင်းမူးတတ်တဲ့သူတွေကို ထောက်ထားစာနာတဲ့အနေနဲ့ အနံ့ပြင်းတဲ့ ရေမွှေးတို့၊ ခေါင်းလိမ်းဆီတို့လို အရာတွေကို နည်းနည်းပဲသုံးတာ ဒါမှမဟုတ် လုံးဝမသုံးတာက မေတ္တာရှိရာကျပါတယ်။—၁ ကော. ၁၀:၂၄။
◼ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံများ– စည်းဝေးအတွင်း အလွတ်သဘော သက်သေခံတဲ့အခါ စိတ်ဝင်စားသူတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ ပုံစံကို အသုံးပြုသင့်ပါတယ်။ ဖြည့်စွက်ပြီးတဲ့ ပုံစံတွေကို စည်းဝေးရဲ့ စာအုပ်စာတမ်းကောင်တာမှာ ပေးနိုင်ပါတယ် ဒါမှမဟုတ် သင့်ရဲ့ အသင်းတော်ကို ပြန်ရောက်တဲ့အခါ အတွင်းရေးမှူးကို ပေးနိုင်ပါတယ်။
◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်တွေမှာ သင့်ရဲ့အမူအကျင့်ကောင်းတွေနဲ့ ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ပါ။ ယေဟောဝါသက်သေဆိုတဲ့ နာမည်နဲ့အညီ ဝတ်စားဆင်ယင်ပါ။ ဘောက်ဆူးပေးတဲ့ ထုံးစံရှိရင် ထားခဲ့ပေးပါ။
◼ ဟိုတယ်များ–
ကိုယ်နေမယ့်အခန်းကိုပဲ ကြိုတင်မှာထားပါ။ သတ်မှတ်ထားတဲ့လူဦးရေထက် ပိုမနေပါနဲ့။
အရေးပေါ်ကိစ္စကလွဲလို့ သင် မှာထားတဲ့ အခန်းကို ပြန်မဖျက်ပါနဲ့။ တကယ်လို့ ပယ်ဖျက်ချင်တယ်ဆိုရင်လည်း ဟိုတယ်ကို ချက်ချင်း အကြောင်းကြားပါ။ ဒါမှသာ အခန်းလိုအပ်နေတဲ့သူတွေက အဲဒီအခန်းကို အသုံးပြုနိုင်မှာဖြစ်တယ်။ (မ. ၅:၃၇)
ခရီးဆောင်အိတ်တင်တဲ့ လက်တွန်းလှည်းကို သုံးဖို့အသင့်ဖြစ်မှသာ ယူပါ။ သုံးပြီးရင် အခြားသူတွေအတွက် ချက်ချင်းပြန်ထားပါ။
သင့်နိုင်ငံမှာ ဘောက်ဆူးပေးတဲ့ထုံးစံရှိရင် အိတ်သယ်ပေးတဲ့၊ အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့ ဟိုတယ်ဝန်ထမ်းတွေကို ဘောက်ဆူးပေးပါ။
သတ်မှတ်ထားတဲ့ အခန်းမှာပဲ ချက်ပြုတ်ပါ။
ဟိုတယ်မှာရှိနေတဲ့အချိန် တည်းခိုသူတွေအတွက် အခမဲ့ပေးတဲ့ နံနက်စာ၊ ကော်ဖီနဲ့ ဖျော်ရည်တွေကို လိုတာထက် ပိုမယူပါနဲ့။
ဟိုတယ်ဝန်ထမ်းတွေနဲ့ စကားပြောတဲ့အခါတိုင်း ခရစ်ယာန်အရည်အသွေးတွေကို တင်ပြပါ။ သူတို့က ဧည့်သည်အများကြီးရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးနေရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကြင်နာမှု၊ စိတ်ရှည်မှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ကျေးဇူးတင်လေးမြတ်ကြပါတယ်။
မိဘတွေအနေနဲ့ ဓာတ်လှေကား၊ ရေကူးကန်၊ ဧည့်ခန်း၊ လေ့ကျင့်ခန်းလုပ်တဲ့အခန်းစတဲ့ ဟိုတယ်ဝန်းကျင်တွေမှာ ကိုယ့်ရဲ့ကလေးတွေကို ဂရုစိုက် ထိန်းကျောင်းသင့်ပါတယ်။
သတ်မှတ်ထားတဲ့ ဈေးနှုန်းက အခန်းခနဲ့အခွန် ပါပြီးသားဖြစ်တယ်။ ဒီထက်ပိုတောင်းတယ်ဆိုရင် မပေးသေးဘဲ စည်းဝေးရဲ့ နေရာချထားရေးဌာနကို ချက်ချင်းအကြောင်းကြားပါ။
စည်းဝေးချိန်အတွင်း သင့်အခန်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာတယ်ဆိုရင် စည်းဝေးရဲ့ နေရာချထားရေးဌာနကို အကြောင်းကြားပါ။ ဒါမှ သင့်ကို သူတို့ ကူညီပေးနိုင်မယ်။
◼ စေတနာ့ဝန်ထမ်းခြင်း– စေတနာ့ဝန်ထမ်းချင်တဲ့သူတွေအားလုံး စည်းဝေးရဲ့ စေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေလည်း မိဘ၊ အုပ်ထိန်းသူ ဒါမှမဟုတ် သူတို့ ယုံကြည်စိတ်ချတဲ့ ရင့်ကျက်သူတစ်ယောက်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာ အလုပ် လုပ်နိုင်ပါတယ်။