ခရိုင်စည်းဝေး သတိပေးချက်များ
အစီအအစဉ်အချိန်များ– တံခါးတွေကို နံနက် ၈:၀၀ နာရီမှာဖွင့်ပါမယ်။ အစီအစဉ်သုံးရက်စလုံးရဲ့ အဖွင့်တေးသံကို နံနက် ၉:၂၀ မှာစတင်ပါမယ်။ အစီအစဉ်ကို စနစ်တကျစတင်နိုင်ဖို့ အဖွင့်တေးသံစချိန်မှာ ကျွန်ုပ်တို့အားလုံး ကိုယ့်ထိုင်ခုံမှာရှိနေသင့်ပါတယ်။ အစီအစဉ်ကို သောကြာနေ့နဲ့ စနေနေ့မှာ ညနေ ၅ နာရီမှာ၊ တနင်္ဂနွေနေ့မှာ ညနေ ၄ နာရီမှာ နိဂုံးချုပ်ပါလိမ့်မယ်။
‘ယေဟောဝါဘုရားကို သီချင်းဆိုချီးမွမ်းပါ’– ယေဟောဝါဘုရားရဲ့ ရှေးခေတ်ကျေးကျွန်တွေက ကိုယ်တော်ကို သီချင်းဆိုချီးမွမ်းခဲ့ကြတယ်။ ဒီနေ့ခေတ်မှာလည်း တေးသံသာတွေနဲ့ သီချင်းတွေဟာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ အရေးပါနေဆဲပါ။ (ဆာ. ၂၈:၇) ခရိုင်စည်းဝေး အစီအစဉ်တွေကို တေးသံသာနဲ့ အစပြုပါတယ်။ ဒီတေးသံသာကို နောက်ခံတေးအနေနဲ့သာ ဖွင့်ပြထားတာမဟုတ်ဘဲ ယေဟောဝါအကြောင်း သိရှိပြီး ဝတ်ပြုနိုင်အောင် ပြင်ဆင်ပေးထားတာပါ။ ဒါကြောင့် သဘာပတိက တေးသံသာစတော့မယ်လို့ ကြေညာတဲ့အခါ စကားပြောတာရပ်ပြီး ကိုယ့်နေရာမှာ ငြိမ်ငြိမ်ထိုင်ပါ။ တေးသံသာကို လေးမြတ်တဲ့စိတ်နဲ့ နားထောင်ပါ။ အဲဒီလိုလုပ်တာက ကင်းမျှော်စင်သံစုံတီးဝိုင်းအဖွဲ့သားတွေရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားလေးစားကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ သူတို့က နယူးယောက်မြို့၊ ပက်တာစင်ကို ကိုယ့်စရိတ်နဲ့ကိုယ် တစ်နှစ်ကိုနှစ်ကြိမ်လာပြီး ကျွန်ုပ်တို့နားဆင်ခံစားနိုင်ဖို့ သာယာပျော်ရွှယ်ဖွယ် တေးသံသာတွေ တီးခတ်ပေးကြတယ်။ တေးသံသာကို ဂရုတစိုက်နားထောင်ပြီးတဲ့နောက် အားလုံးက ယေဟောဝါဘုရားကို အတူတကွ နိုင်ငံတော်သီချင်းဆို ချီးမွမ်းသင့်ပါတယ်။
ထိုင်ခုံဦးခြင်း– စည်းဝေးပွဲခန်းမတံခါးဖွင့်တာနဲ့ ကိုယ်ကြိုက်တဲ့နေရာကို အလုအယက်ဦးတာမျိုး မလုပ်ပါနဲ့။ သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးတဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ခရစ်ယာန်စစ်တွေရဲ့အမှတ်အသားဖြစ်ပြီး တခြားသူတွေ ဘုရားကို ချီးမွမ်းလာအောင် လှုံ့ဆော်ပေးနိုင်တယ်။ (ယော. ၁၃:၃၄; ၁ ကော. ၁၃:၅; ၁ ပေ.၂:၁၃) သင်နဲ့အတူ ကားတစ်စီးတည်း စီးလာသူတွေ ဒါမှမဟုတ် သင့်နဲ့တစ်အိမ်တည်းနေသူတွေ၊ သင်နဲ့အတူ လက်ရှိကျမ်းစာလေ့လာနေသူအတွက်ပဲ ထိုင်ခုံဦးထားနိုင်ပါတယ်။ ကိုယ်မထိုင်တဲ့ခုံတွေမှာ ပစ္စည်းတွေသွားတင်တာမျိုး မလုပ်ပါနဲ့။ ဒါမှ ထိုင်ခုံလွတ်နေမှန်း တခြားသူတွေ သိနိုင်မှာဖြစ်တယ်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေအတွက် ထိုင်ခုံတွေ စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ ထိုင်ခုံအကန့်အသတ်ပဲရှိတာကြောင့် သူတို့ကိုကူညီပေးမယ့်သူ တစ်ယောက်နှစ်ယောက်ပဲ သူတို့နဲ့အတူ ထိုင်သင့်ပါတယ်။
ဣန္ဒြေရှိတဲ့အဝတ်အစား– စည်းဝေးချိန်အတွင်း ကျွန်ုပ်တို့ရဲ့အဝတ်အစားက လောကဆန်လွန်တာမျိုး မဖြစ်သင့်ဘဲ သင့်တော်ပြီး ဣန္ဒြေရှိတဲ့အဝတ်အစား ဖြစ်သင့်ပါတယ်။ (၁ တိ. ၂:၉) ဟိုတယ်စဝင်ချိန်နဲ့ ပြန်ထွက်ချိန်မှာ၊ စည်းဝေး မတိုင်ခင်နဲ့ပြီးနောက် အားလပ်ချိန်တွေမှာ ကျွန်ုပ်တို့ရဲ့အဝတ်အစားက ဖြစ်ကတတ်ဆန်းနိုင်လွန်းတာ၊ လောကဆန်လွန်တာမျိုး မဖြစ်သင့်ပါဘူး။ ဒါမှသာ စည်းဝေးရင်ထိုးကတ်နဲ့ ကိုက်ညီမှာဖြစ်ပြီး အလွတ်သဘောသက်သေခံခွင်ရရင်လည်း တွန့်ဆုတ်နေတော့မှာ မဟုတ်ပါဘူး။ ကျင်းပတော့မယ်စည်းဝေးမှာ ကျွန်ုပ်တို့ရဲ့ အသွင်အပြင်ကောင်းနဲ့ အမူအကျင့်ကောင်းတွေကြောင့် စိတ်နှလုံးရိုးဖြောင့်သူတွေဟာ ကျမ်းစာသတင်းတရားကို စိတ်ဝင်စားလာမှာဖြစ်ပြီး ယေဟောဝါဘုရားလည်း စိတ်ရွှင်လန်းပါလိမ့်မယ်။—ဇေ. ၃:၁၇။
အီလက်ထရွန်နစ် ပစ္စည်းတွေသုံးတဲ့အခါ ဂရုစိုက်ပါ– စည်းဝေးချိန်မှာ တခြားသူတွေ အနှောင့်အယှက်မဖြစ်ရအောင် ဖုန်း ဒါမှမဟုတ် တခြားအီလက်ထရွန်နစ်ပစ္စည်းတွေရဲ့ ဆက်တင် (Setting) ကို ချိန်ညှိထားပါ။ ကင်မရာ၊ ဗီဒီယိုအသံဖမ်းစက်၊ တက်ဘလက်တို့သုံးတယ်ဆိုရင် တခြားသူတွေ အနှောင့်အယှက်မဖြစ်အောင်၊ သူတို့ရဲ့မြင်ကွင်း ကွယ်တာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ စည်းဝေးချိန်အတွင်း မလုပ်အပ်ဘဲ အီးမေးလ်၊ မက်ဆေ့ချ်ပို့တာမျိုး မလုပ်ပါနဲ့။
နေ့လယ်စာ– နေ့လည်စာ စားချိန်မှာအပြင်ထွက်ပြီး ဝယ်စားမယ့်အစား ကျေးဇူးပြု၍ ရိုးရှင်းတဲ့နေ့လယ်စာ ယူလာပါ။ ထိုင်ခုံအောက်မှာထားလို့ရတဲ့ ရေခဲဘူးလေးကို ယူလာနိုင်ပါတယ်။ မိသားစုသုံးရေခဲဘူးကြီးတွေနဲ့ ဖန်ထည်ပစ္စည်းတွေကို စည်းဝေးခန်းမထဲ ယူလာခွင့်မပြုပါဘူး။
အလှူငွေများ– စည်းဝေးမှာ ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေထည့်ဝင်ပြီး ကျွန်ုပ်တို့ရဲ့ ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြနိုင်ပါတယ်။
ဆေးဝါး– ဆရာဝန်ညွှန်းတဲ့ဆေး သောက်ဖို့လိုတယ်ဆိုရင် စည်းဝေးကျင်းပတဲ့နေရာမှာ အဲဒီဆေးတွေ ရနိုင်မှာမဟုတ်တဲ့အတွက် ကျေးဇူးပြု၍ ယူလာပါ။
ကြိုတင်ကာကွယ်မှုများ– ချော်လဲလို့၊ ခလုတ်တိုက်လို့ ထိခိုက်ဒဏ်ရာရတာမျိုး မဖြစ်အောင် အထူးသတိထားပါ။ ဖိနပ်ကြောင့်၊ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်ကြောင့် နှစ်စဉ် ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရတယ်။ လှေကားတွေ၊ သံဆန်ခါတွေ၊ ဆင်ခြေလျှောလမ်းတွေ အစရှိတဲ့ နေရာတွေမှာ ဘေးကင်းစွာ သွားလာနိုင်ဖို့ သင့်တော်တဲ့ဖိနပ်ကို ရွေးချယ်တာက အကောင်းဆုံးဖြစ်ပါတယ်။
ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်– စည်းဝေးကို ကလေးတွန်းလှည်းနဲ့ ပက်လက်ကုလားထိုင်တွေ မယူလာသင့်ပါဘူး။ ဒါပေမဲ့ မိဘဘေးကထိုင်ခုံမှာ တင်ထားနိုင်တဲ့ ကလေးထိုင်ခုံကို ယူလာနိုင်ပါတယ်။
အမွှေးနံ့များ– စည်းဝေးအများစုကို အလုံပိတ်ခန်းမတွေမှာ ကျင်းပပြီး လေဝင်လေထွက်ကောင်းအောင် စက်တွေအသုံးပြုထားတယ်။ ဒါကြောင့် ဓာတ်မတည့်တဲ့သူတွေ၊ ခေါင်းမူးတတ်တဲ့သူတွေကို ထောက်ထားစာနာတဲ့အနေနဲ့ အနံ့ပြင်းတဲ့ ရေမွှေးတို့၊ ခေါင်းလိမ်းဆီတို့လို အရာတွေကို နည်းနည်းပဲသုံးတာ ဒါမှမဟုတ် လုံးဝမသုံးတာက မေတ္တာရှိရာကျပါတယ်။—၁ ကော. ၁၀:၂၄။
ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံများ– စည်းဝေးအတွင်း အလွတ်သဘော သက်သေခံတဲ့အခါ စိတ်ဝင်စားသူတွေရဲ့ အချက်အလက်တွေကို မှတ်သားဖို့ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ ပုံစံကို အသုံးပြုသင့်ပါတယ်။ ဖြည့်စွက်ပြီးတဲ့ ပုံစံတွေကို စည်းဝေးရဲ့ စာအုပ်စာတမ်းကောင်တာမှာ ပေးနိုင်ပါတယ် ဒါမှမဟုတ် သင့်ရဲ့ အသင်းတော်ကို ပြန်ရောက်တဲ့အခါ အတွင်းရေးမှူးကို ပေးနိုင်ပါတယ်။
စားသောက်ဆိုင်များ– စားသောက်ဆိုင်တွေမှာ သင့်ရဲ့အမူအကျင့်ကောင်းတွေနဲ့ ယေဟောဝါရဲ့ နာမည်ကို ဂုဏ်တင်ပါ။ ယေဟောဝါသက်သေဆိုတဲ့ နာမည်နဲ့အညီ ဝတ်စားဆင်ယင်ပါ။ ဘောက်ဆူးပေးတဲ့ ထုံးစံရှိရင် ထားခဲ့ပေးပါ။
ဟိုတယ်များ–
(၁) ကိုယ်နေမယ့်အခန်းကိုပဲ ကြိုတင်မှာထားပါ။ သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုမနေပါနဲ့။
(၂) အရေးပေါ်ကိစ္စကလွဲလို့ သင် မှာထားတဲ့ အခန်းကို ပြန်မဖျက်ပါနဲ့။ တကယ်လို့ ပယ်ဖျက်ချင်တယ်ဆိုရင်လည်း ဟိုတယ်ကို ချက်ချင်း အကြောင်းကြားပါ။ ဒါမှသာ အခန်းလိုအပ်နေတဲ့သူတွေက အဲဒီအခန်းကို အသုံးပြုနိုင်မှာဖြစ်တယ်။—မ. ၅:၃၇။
(၃) ခရီးဆောင်အိတ်တင်တဲ့ လက်တွန်းလှည်းကို သုံးဖို့အသင့်ဖြစ်မှသာ ယူပါ။ သုံးပြီးရင် အခြားသူတွေအတွက် ချက်ချင်းပြန်ထားပါ။
(၄) သင့်နိုင်ငံမှာ ဘောက်ဆူးပေးတဲ့ထုံးစံရှိရင် အိတ်သယ်ပေးတဲ့၊ အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့ ဟိုတယ်ဝန်ထမ်းတွေကို ဘောက်ဆူးပေးပါ။
(၅) သတ်မှတ်ထားတဲ့ အခန်းမှာပဲ ချက်ပြုတ်ပါ။
(၆) ဟိုတယ်မှာရှိနေတဲ့အချိန် တည်းခိုသူတွေအတွက် အခမဲ့ပေးတဲ့ နံနက်စာ၊ ကော်ဖီနဲ့ ဖျော်ရည်တွေကို လိုတာထက် ပိုမယူပါနဲ့။
(၇) ဟိုတယ်ဝန်ထမ်းတွေနဲ့ စကားပြောတဲ့အခါတိုင်း ခရစ်ယာန်အရည်အသွေးတွေကို တင်ပြပါ။ သူတို့က ဧည့်သည်အများကြီးရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ပေးနေရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကြင်နာမှု၊ စိတ်ရှည်မှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ကျေးဇူးတင်လေးမြတ်ကြပါတယ်။
(၈) မိဘတွေအနေနဲ့ ဓာတ်လှေကား၊ ရေကူးကန်၊ ဧည့်ခန်း၊ လေ့ကျင့်ခန်းလုပ်တဲ့အခန်းစတဲ့ ဟိုတယ်ဝန်းကျင်တွေမှာ ကိုယ့်ရဲ့ကလေးတွေကို ဂရုစိုက် ထိန်းကျောင်းသင့်ပါတယ်။
စေတနာ့ဝန်ထမ်းခြင်း– စေတနာ့ဝန်ထမ်းချင်တဲ့သူတွေအားလုံး စည်းဝေးရဲ့ စေတနာ့ဝန်ထမ်းဌာနကို အကြောင်းကြားသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် ကလေးတွေလည်း မိဘ၊ အုပ်ထိန်းသူ ဒါမှမဟုတ် သူတို့ ယုံကြည်စိတ်ချတဲ့ ရင့်ကျက်သူတစ်ယောက်ယောက်ရဲ့ ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်နိုင်ပါတယ်။