အဖွဲ့အစည်းထုတ် အသံသွင်းထားရာတွေကို အသုံးပြုနိုင်ပုံ
၁။ စာပေတွေအပြင် အကျိုးရှိတဲ့ ဘယ်ပြင်ဆင်ပေးချက် ကျွန်ုပ်တို့ရရှိထားသလဲ။
၁ jw.org ဝက်ဘ်ဆိုက်ပေါ်က တိကျမှန်ကန်တဲ့ နှစ်သက်ဖွယ်အမှန်တရားအကြောင်းဖတ်ရတာ လူတွေနှစ်သက်ကြတယ်။ (ဒေ. ၁၂:၁၀) အဖွဲ့အစည်းထုတ် အသံသွင်းထားရာတွေကို သင်အသုံးပြုနေသလား။ အဲဒါတွေဟာ ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်က အချက်အလက်များစွာကို လူတွေနားထောင်နိုင်အောင် ထောက်ကူပေးတယ်။ ဒီအသံသွင်းထားရာတွေက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ။
၂။ အသံသွင်းထားရာတွေကို မိသားစုနဲ့ ကိုယ်တိုင်အတွက် ဘယ်လို အသုံးပြုနိုင်မလဲ။
၂ မိသားစုနဲ့ ကိုယ်တိုင်အတွက်– အသံသွင်းထားတဲ့ ကျမ်းစာ၊ မဂ္ဂဇင်း၊ စာစောင်တွေကို ခရီးသွားနေချိန်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နေချိန်မှာ နားထောင်တာက ကျွန်ုပ်တို့ရဲ့အချိန်ကို အကျိုးရှိရှိအသုံးပြုနေခြင်း ဖြစ်ပါတယ်။ (ဧ. ၅:၁၅၊ ၁၆) မိသားစုဝတ်ပြုမှုအစီအစဉ်မှာ အသံသွင်းထားရာကိုနားထောင်ရင်း စာအုပ်ကနေ လိုက်ဖတ်တာတွေလည်း လုပ်နိုင်ပါတယ်။ စာဖတ်စွမ်းရည် တိုးတက်ချင်တယ်၊ ဘာသာစကားတစ်ခု သင်ယူချင်တယ်ဆိုရင် အဖွဲ့အစည်းထုတ် အသံသွင်းထားရာတွေကို ကိုယ်ပိုင်လေ့လာမှုမှာ နားထောင်တာက များစွာထောက်ကူပေးပါလိမ့်မယ်။
၃။ အသံသွင်းထားရာတွေကနေ ရပ်ကွက်မှာရှိတဲ့ ဘယ်သူတွေ အကျိုးရရှိနိုင်မလဲ။
၃ အမှုဆောင်လုပ်ငန်းအတွက်– အလုပ်သိပ်များလို့ စာဖတ်ချိန်မရှိဘူးဆိုတဲ့ ကျွန်ုပ်တို့ရပ်ကွက်ကလူတွေဟာ အသံသွင်းထားရာတွေကို နားထောင်ချင်စိတ် ရှိနိုင်တယ်။ ဒါမှမဟုတ် အမှုဆောင်မှာ ဘာသာခြားစကားပြောသူတွေ၊ သတင်းကောင်းကို “မိမိတို့ဘာသာစကား” နဲ့ကြားရလို့ ကောင်းကောင်းတုံ့ပြန်လာနိုင်မယ့်သူတွေနဲ့ သင်တွေ့နိုင်တယ်။ (တ. ၂:၆-၈) တချို့ဒေသတွေမှာ နားထောင်ခြင်းဟာ ယဉ်ကျေးမှုမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။ ဥပမာ– မုံ [Hmong] လူမျိုးရဲ့ယဉ်ကျေးမှုမှာ သူတို့ရဲ့သမိုင်းကြောင်းအကြောင်း မျိုးဆက်သစ်လူငယ်တွေကို နှုတ်တိုက်ပြန်ပြောပြတဲ့ ထုံးစံရှိတယ်။ သူတို့ကြားရတဲ့အရာတွေကို လက်ဆင့်ကမ်းပြန်ပြောရာမှာလည်း တော်ကြတယ်။ အာဖရိကယဉ်ကျေးမှုအများစုမှာ ပုံပြောသလိုသင်ပေးတာကို နှစ်သက်ကြတယ်။
၄။ ရပ်ကွက်ကလူတွေကို ကူညီပေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။
၄ သင့်ရပ်ကွက်မှာ အိမ်ရှင်ရဲ့မိခင်ဘာသာစကားနဲ့ အသံသွင်းထားရာ တစ်ခုလောက် ဖွင့်ပြမယ်ဆိုရင် အကျိုးရှိမလား။ အသံသွင်းထားရာတွေကို အီးမေးလ်နဲ့ပို့ပေးမယ်ဆိုရင် အကျိုးရှိမလား။ အဖွဲ့အစည်းထုတ် အသံသွင်းထားရာတွေကို စီဒီထဲကူးထည့်ပြီး စိတ်ဝင်စားတဲ့အိမ်ရှင်ကို ပေးနိုင်မလား။ ဖြစ်နိုင်မယ်ဆိုရင် စာစောင်ကိုပါ တစ်ပါတည်း ပေးနိုင်မလား။ အီလက်ထရောနစ်ပုံစံ စာအုပ်၊ ဘရိုရှာ၊ မဂ္ဂဇင်း၊ ဝေစာကို အိမ်ရှင်အတွက် ကျွန်ုပ်တို့ပေးပြီးတိုင်း အဲဒါတွေကို မှတ်တမ်းထည့်နိုင်တယ်။ ကိုယ်ပိုင်လေ့လာမှုမှာအသုံးပြုဖို့၊ အမှန်တရားမျိုးစေ့ကြဲဖို့အတွက် အသံသွင်းထားရာတွေကို ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။—၁ ကော. ၃:၆။