စစ်မှုကို လူတွေ မငြိမ်းစေနိုင်
စစ်မက်ပဋိပက္ခ ဘယ်လို ချုပ်ငြိမ်းသွားမလဲ
“မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” မယ့်သူဟာ လူတွေ မဟုတ်ဘဲ ဘုရားသခင် ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။—ဆာလံ ၄၆:၉။
လူ့အစိုးရတွေကို ဘုရားသခင် ဖယ်ရှားမယ်
အာမဂေဒုန်လို့ ခေါ်တဲ့ စစ်ပွဲမှာ လူ့အစိုးရတွေကို ဘုရားသခင် ဖယ်ရှားပစ်မယ်လို့ ကျမ်းစာ ဆိုတယ်။a (ဗျာဒိတ် ၁၆:၁၆) “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့် စစ်ပွဲအတွက်” “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာ ရှိတဲ့ ဘုရင်တွေ” စုရုံးလာကြမယ်။ (ဗျာဒိတ် ၁၆:၁၄) အာမဂေဒုန်စစ်ပွဲပြီးနောက် နောက်ထပ်စစ်ပွဲဆိုတာ မရှိတော့ဘူး။
လူ့အစိုးရတွေကို မိမိရဲ့ နိုင်ငံတော်အစိုးရနဲ့ ဘုရားသခင် အစားထိုးမယ်။ ဘုရားသခင့်နိုင်ငံတော်ဟာ ကောင်းကင်ကနေ အုပ်ချုပ်မယ်။ ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး။ (ဒံယေလ ၂:၄၄) အုပ်ချုပ်မယ့် ဘုရင်အဖြစ် သားတော် ယေရှုခရစ်ကို ရွေးချယ်ထားတယ်။ (ဟေရှာယ ၉:၆၊ ၇။ မဿဲ ၂၈:၁၈) “နိုင်ငံတော် လာပါစေ” ဆိုပြီး ဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးတဲ့အခါ ဘုရားသခင့်နိုင်ငံတော်ကို ရည်ညွှန်းနေတာ။b (မဿဲ ၆:၉၊ ၁၀) တစ်ကမ္ဘာလုံးကို ဘုရားသခင့်နိုင်ငံတော် အစိုးရတစ်ခုတည်းက အုပ်ချုပ်မှာ ဖြစ်လို့ လူအားလုံး တစ်စည်းတစ်လုံးတည်း ဖြစ်လာမယ်။
ယေရှုဟာ လူ့အုပ်စိုးရှင်တွေလို အာဏာသုံးပြီး ကိုယ်ကျိုးရှာမှာ မဟုတ်ဘူး။ မျက်နှာမလိုက်တဲ့၊ တရားမျှတတဲ့ အုပ်စိုးရှင် ဖြစ်မယ်။ ဒါကြောင့် လူတွေဟာ ဘယ်လူမျိုး၊ ဘယ်မျိုးနွယ်စု ဖြစ်နေလို့ဆိုပြီး ခွဲခြားဆက်ဆံခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။ (ဟေရှာယ ၁၁:၃၊ ၄) ဒါ့အပြင် လူတစ်ယောက်ချင်းစီအတွက် ယေရှု ရပ်တည်ပေးမယ်။ ‘အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေ၊ နိမ့်ကျသူတွေ၊ ကူကယ်ရာမဲ့သူတွေကို ကယ်တင်လိမ့်မယ်။ သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။’ (ဆာလံ ၇၂:၁၂-၁၄) ဒါကြောင့် လူတွေဟာ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်စရာ မလိုတော့ဘူး။
လူသတ်လက်နက်အားလုံးကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပစ်မယ်။ (မိက္ခာ ၄:၃) တားမရဆီးမရ တိုက်ခိုက်ချင်သူတွေ၊ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူတွေကိုလည်း ဖယ်ရှားပစ်မယ်။ (ဆာလံ ၃၇:၉၊ ၁၀) ဒါကြောင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တိုင်း အကြောက်အလန့်ကင်းကင်း နေထိုင်သွားလာနိုင်မယ်။—ယေဇကျေလ ၃၄:၂၈။
ဒီနေ့အချိန်မှာ ဆင်းရဲလို့၊ စားစရာ၊ နေစရာ မရှိလို့ဆိုတဲ့ အကြောင်းရင်းတွေကြောင့် လူတွေ စစ်တိုက်ကြတယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်မှာ လူတိုင်း အကောင်းဆုံးဘဝ ပိုင်ဆိုင်ကြရမယ်။ အာဟာရရှိတဲ့ အစားအစာ အလျှံပယ် စားသုံးကြရမယ်။ ကိုယ့်အိမ်ကိုယ့်ရာနဲ့ နေကြရမယ်။ (ဆာလံ ၇၂:၁၆။ ဟေရှာယ ၆၅:၂၁-၂၃) ဒါကြောင့် စစ်တိုက်စရာ အကြောင်းရင်း ရှိတော့မှာ မဟုတ်ဘူး။
စစ်ရဲ့ ဆိုးကျိုးတွေ မခံစားရတော့အောင် ဘုရားသခင့်နိုင်ငံတော်က လုပ်ပေးမယ်။ စစ်ကြောင့် ရထားတဲ့ စိတ်ဒဏ်ရာနဲ့ ကိုယ်ခန္ဓာ ဒဏ်ရာတွေ ကုစားခံရမယ်။ သေဆုံးသွားသူတွေတောင် အသက်ပြန်ရှင်လာမယ်။ (ဟေရှာယ ၂၅:၈။ ၂၆:၁၉။ ၃၅:၅၊ ၆) မိသားစုတွေ ပြန်ဆုံစည်းရမယ်။ “အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွား” မယ်။ ကွယ်ပျောက်သွားမယ့်အထဲမှာ အမှတ်တရဆိုးတွေလည်း ပါတယ်။—ဗျာဒိတ် ၂၁:၄။
အပြစ်ကို ဘုရားသခင် ဖယ်ရှားမယ်
ဘုရားသခင့်နိုင်ငံတော်မှာ “မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့အရှင်” တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရား ယေဟောဝါc ကိုပဲ လူတိုင်း ကိုးကွယ်ကြမယ်။ (၂ ကောရိန္သု ၁၃:၁၁) အချင်းချင်း သင့်သင့်မြတ်မြတ် နေဖို့ သင်ယူကြရမယ်။ (ဟေရှာယ ၂:၃၊ ၄။ ၁၁:၉) သင်ယူသိရှိလာတာတွေကို လိုက်နာသူတွေဟာ အပြစ်ရဲ့ ကျေးကျွန်ဘဝကနေ လွတ်မြောက်ကြမယ်။—ရောမ ၈:၂၀၊ ၂၁။
စာတန်မာရ်နတ်နဲ့ နတ်ဆိုးတွေကို ဘုရားသခင် ဖယ်ရှားမယ်
စစ်မက်ပဋိပက္ခ ဖြစ်အောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ စာတန်မာရ်နတ်နဲ့ နတ်ဆိုးတွေကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပစ်မယ်။ (ဗျာဒိတ် ၂၀:၁-၃၊ ၁၀) ဒါကြောင့် ကမ္ဘာတစ်ခွင်လုံးမှာ “ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။”—ဆာလံ ၇၂:၇။
စစ်မှု ငြိမ်းစေမယ်ဆိုတဲ့ ဘုရားကတိကို ယုံကြည်စိတ်ချနိုင်ပါတယ်။ စစ်မှု ငြိမ်းစေချင်တဲ့ ဆန္ဒကော ငြိမ်းစေနိုင်စွမ်းပါ ဘုရားသခင်မှာ ရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြထားလို့ပါပဲ။
ဘုရားသခင်မှာ စစ်မှု ငြိမ်းစေဖို့ လိုအပ်တဲ့ ဉာဏ်ပညာ၊ တန်ခိုး ရှိတယ်။ (ယောဘ ၉:၄) ကိုယ်တော် မလုပ်ဆောင်နိုင်တာ ဘာမှ မရှိဘူး။—ယောဘ ၄၂:၂။
လူတွေ ဒုက္ခရောက်တာ ဘုရားသခင် မကြည့်ရက်ဘူး။ (ဟေရှာယ ၆၃:၉) “အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်။”—ဆာလံ ၁၁:၅။
ဘုရားသခင်ဟာ ကတိ အမြဲတည်တယ်။ မုသာမသုံးဘူး။—ဟေရှာယ ၅၅:၁၀၊ ၁၁။ တိတု ၁:၂။
သိပ်မကြာခင် ကမ္ဘာတစ်ခွင်လုံးကို ဘုရားသခင် တကယ် ငြိမ်းချမ်းစေမယ်၊ အစဉ် ငြိမ်းချမ်းစေမယ်။
စစ်မှုကို ဘုရားသခင် ငြိမ်းစေမယ်
a “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။
b ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။
c ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈။