လေ့လာရန် ဆောင်းပါး ၂၃
သီချင်း ၂ နာမတော် ယေဟောဝါ
ယေဟောဝါရဲ့နာမည်ကို ကျွန်တော်တို့ အလေးထား
“ယေဟောဝါ ပြောတယ်– ‘မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ။’”—ဟေရှာ. ၄၃:၁၀။
အာရုံစိုက်ရာ
ယေဟောဝါရဲ့နာမည်ကို ကျွန်တော်တို့ ဘယ်လို သန့်ရှင်းမြင့်မြတ်စေနိုင်သလဲ၊ သံသယ ကင်းရှင်းစေနိုင်သလဲ။
၁-၂။ ယေဟောဝါရဲ့နာမည်ကို ယေရှု အလေးထားကြောင်း ဘယ်လို သိရသလဲ။
အဖယေဟောဝါရဲ့နာမည်ကို ဘယ်အရာထက်မဆို ယေရှု အလေးထားတယ်။ နာမတော် ထင်ရှားစေဖို့ ဘယ်သူ့ထက်မဆို ကြိုးပမ်းတယ်။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း နာမတော် သန့်ရှင်းမြင့်မြတ်ကြောင်း၊ နည်းလမ်းတော်တွေ မှန်ကန်ကြောင်း သက်သေထူဖို့ လိုလိုလားလား အသေခံတယ်။ (မာ. ၁၄:၃၆။ ဟီ. ၁၀:၇-၉) နာမတော် သန့်ရှင်းမြင့်မြတ်ရေးအတွက် အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ အခွင့်အာဏာအားလုံးကို အဖဆီ ပြန်အပ်မယ်။ (၁ ကော. ၁၅:၂၆-၂၈) နာမည်ကို ဒီလောက်ချစ်မြတ်နိုးရင် နာမည်ပိုင်ရှင်အဖကို ယေရှု ဘယ်လောက် ချစ်မြတ်နိုးသလဲ သိနိုင်တယ်။
၂ အဖရဲ့နာမည်နဲ့ ကမ္ဘာပေါ် ယေရှု ရောက်လာတယ်။ (ယော. ၅:၄၃။ ၁၂:၁၃) နောက်လိုက်တွေကို အဖရဲ့နာမည် သိစေတယ်။ (ယော. ၁၇:၆၊ ၂၆) အဖရဲ့နာမည် သုံးပြီး သွန်သင်တယ်၊ အံ့ဖွယ်အမှုတွေ လုပ်တယ်။ (ယော. ၁၀:၂၅) “နာမတော်ကို ထောက်ပြီး [တပည့်တွေ]ကို ကာကွယ်စောင့်ရှောက်ပေး” ဖို့ ဆုတောင်းတယ်။ (ယော. ၁၇:၁၁) နာမတော်ကို ယေရှု သိပ်အလေးထားတာ ထင်ရှားတယ်။ ဒီတော့ လူတစ်ယောက်ဟာ ယေရှုနောက်လိုက်ပါလို့ ပြောပြီး ယေဟောဝါရဲ့နာမည်ကို မသိဘူး၊ မသုံးဘူးဆိုရင် ရပါ့မလား။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ နာမတော်ကို လေးမြတ်တန်ဖိုးထားခြင်းအားဖြင့် ယေရှုခြေရာ လိုက်လျှောက်ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (၁ ပေ. ၂:၂၁) “နိုင်ငံတော် သတင်းကောင်း” ဟောပြောသူတွေကို ယေဟောဝါ ဘာကြောင့် နာမတော် ခံယူခွင့်ပေးကြောင်း ဒီဆောင်းပါးမှာ သိရမယ်။ (မ. ၂၄:၁၄) နာမတော်ကို အလေးထားကြောင်း ကျွန်တော်တို့တစ်ယောက်စီ ဘယ်လို ပြသင့်ကြောင်းလည်း ဆွေးနွေးပါမယ်။
‘နာမတော်အတွက် လူမျိုး’
၄။ (က) ယေရှု ကောင်းကင်ပြန်မတက်ခင်မှာ တပည့်တွေကို ဘာတာဝန်ပေးသလဲ။ (ခ) ဘာမေးခွန်း ပေါ်လာသလဲ။
၄ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုးရပြီး ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” ဆိုပြီး ယေရှု ကောင်းကင်ပြန်မတက်ခင်မှာ တပည့်တွေကို ပြောတယ်။ (တ. ၁:၈) ဒါကြောင့် အစ္စရေးပြည်မှာသာမက ကမ္ဘာတစ်ဝန်းလုံးမှာ သတင်းကောင်း ပျံ့နှံ့သွားမယ်။ လူမျိုးတကာက လူတွေ ယေရှုတပည့် ဖြစ်ဖို့ အခွင့်အရေး ရကြမယ်။ (မ. ၂၈:၁၉၊ ၂၀) ဒါပေမဲ့ “ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်” လို့ ပြောထားတယ်ဆိုတော့ တပည့်သစ်တွေဟာ ယေရှုအကြောင်းပဲ သက်သေခံရမလား။ ယေဟောဝါရဲ့နာမည်ကို သိပြီး ယေဟောဝါအကြောင်းကော သက်သေခံရမလား။ တမန်တော် အခန်းကြီး ၁၅ မှာ ပါတဲ့ ဖြစ်ရပ်တွေကနေ အဖြေရနိုင်ပါတယ်။
၅။ ယေဟောဝါရဲ့နာမည် သိဖို့ အရေးကြီးကြောင်း ဂျေရုဆလင်မြို့က တမန်တော်တွေနဲ့ အကြီးအကဲတွေ ဘယ်လို ဖော်ပြသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၅ ခရစ်ယာန် ဖြစ်လာဖို့ လူမျိုးခြားတွေ ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အေဒီ ၄၉ မှာ ဂျေရုဆလင်မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ ဆွေးနွေးကြတယ်။ “ဘုရားသခင်က လူမျိုးခြားတွေကို သတိရပြီး နာမတော်အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်လိုက်တဲ့အကြောင်း [ပေတရု] အသေးစိတ် ပြောပြခဲ့ပြီပဲ” ဆိုပြီး အစည်းအဝေး နိဂုံးပိုင်းမှာ ယေရှုရဲ့ မိတူဖကွဲညီ ယာကုပ် ပြောတယ်။ ဘယ်သူ့နာမတော်အကြောင်း ယာကုပ် ပြောနေတာလဲ။ “ကျန်ကြွင်းသူတွေက ငါ့နာမည်နဲ့ မှည့်ခေါ်ထားတဲ့ လူမျိုးခြားတွေနဲ့အတူ ယေဟောဝါကို အားတက်သရော ရှာဖွေကြလိမ့်မယ်။ . . . [ဒါ] ယေဟောဝါ ပြောတဲ့စကားပဲ” ဆိုတဲ့ ပရောဖက် အာမုတ်စကားကို ယာကုပ် ကိုးကားပြီး ဆက်ပြောတယ်။ (တ. ၁၅:၁၄-၁၈) တပည့်သစ်တွေဟာ ယေဟောဝါအကြောင်း သိလာမယ့်အပြင် ‘ယေဟောဝါရဲ့နာမည်နဲ့ မှည့်ခေါ်’ ခံကြရမယ်။ ဆိုလိုတာက နာမတော်ကို သူတို့ ခံယူကြရမယ်။ နာမတော် ခံယူထားသူတွေအဖြစ် သူတို့ကို လူတွေ သိကြမယ်။
ခရစ်ယာန်တွေဟာ နာမတော်အတွက် ယေဟောဝါ ရွေးချယ်တဲ့လူမျိုး ဖြစ်ရမယ်ဆိုတာ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ ရှင်းရှင်းလင်းလင်း သဘောပေါက် (စာပိုဒ် ၅ ကို ကြည့်ပါ)
၆-၇။ (က) ယေရှု ဘာကြောင့် ကမ္ဘာပေါ် လာသလဲ။ (ခ) ပိုအရေးကြီးတဲ့ အကြောင်းရင်းက ဘာလဲ။
၆ ယေရှုနာမည်အဓိပ္ပာယ်က “ယေဟောဝါဟာ ကယ်တင်ခြင်း” ဖြစ်တယ်။ တကယ်လည်း ယေရှုဟာ ယုံကြည်သူတွေကို ကယ်တင်ဖို့ ယေဟောဝါ အသုံးပြုသူ ဖြစ်ခဲ့တယ်။ လူတွေအတွက် အသက်ပေးဖို့ ကမ္ဘာပေါ် လာတယ်။ (မ. ၂၀:၂၈) ယေရှု ရွေးဖိုးပေးတဲ့အတွက် လူတွေ ကယ်တင်ခံရဖို့၊ ထာဝရအသက် ရဖို့ လမ်းပွင့်သွားတယ်။—ယော. ၃:၁၆။
၇ လူတွေ ဘာကြောင့် ကယ်တင်ခံရဖို့ လိုသလဲ။ ဧဒင်ဥယျာဉ်က အဖြစ်အပျက်တွေကြောင့်ပါ။ ရှေ့ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း ယေဟောဝါကို ပထမလူသား အာဒံနဲ့ ဧဝ ပုန်ကန်လို့ ထာဝစဉ် အသက်ရှင်ခွင့် ဆုံးရှုံးသွားတယ်။ (က. ၃:၆၊ ၂၄) ဒါကြောင့် အာဒံနဲ့ ဧဝရဲ့ သားစဉ်မြေးဆက်တွေကို ကယ်တင်ဖို့ ယေရှု ကမ္ဘာပေါ် လာတာ။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ အကြောင်းရင်း ရှိတယ်။ ဧဒင်ဥယျာဉ်မှာတုန်းက ယေဟောဝါရဲ့နာမည် ရှုတ်ချဂုဏ်ဖျက်ခံခဲ့ရတာ သတိရပါ။ (က. ၃:၄၊ ၅) နာမတော် သန့်ရှင်းမြင့်မြတ်ဖို့ သိပ်လိုအပ်နေတယ်။ လူတွေ ကယ်တင်ခံရရုံနဲ့ နာမတော် သန့်ရှင်းမြင့်မြတ်မသွားဘူး။ နာမတော် သန့်ရှင်းမြင့်မြတ်သွားရင်တော့ လူတွေ ကယ်တင်ခံရပြီးသား ဖြစ်မယ်။ ဒါကြောင့် နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ဟာ ပိုအရေးကြီးတဲ့ အကြောင်းရင်း ဖြစ်တာ။ ယေရှုဟာ ယေဟောဝါရဲ့ ကိုယ်စားလှယ်၊ နာမတော် ခံယူထားသူ ဖြစ်လို့ ဒီအရေးကိစ္စမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်တယ်။
လူတစ်ယောက်ဟာ ယေရှုနောက်လိုက်ပါလို့ ပြောပြီး ယေဟောဝါရဲ့နာမည်ကို မသိဘူး၊ မသုံးဘူးဆိုရင် ရပါ့မလား
၈။ ယေရှုကို ယုံကြည်သက်ဝင်သူတိုင်း ဘာကို အသိအမှတ်ပြုရမလဲ။
၈ ဂျူးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ယေရှုကို ယုံကြည်သက်ဝင်သူတိုင်းဟာ ကယ်တင်ခြင်းရဲ့ရင်းမြစ် ဖြစ်တဲ့ ယေရှုရဲ့အဖ ယေဟောဝါကို အသိအမှတ်ပြုရမယ်။ (ယော. ၁၇:၃) ဒါ့အပြင် ယေရှုလိုပဲ သူတို့ ယေဟောဝါရဲ့နာမည်နဲ့ မှည့်ခေါ်ခံရမယ်။ နာမတော် သန့်ရှင်းမြင့်မြတ်ဖို့ ဘယ်လောက် အရေးကြီးကြောင်းလည်း သဘောပေါက်ရမယ်။ သူတို့ရဲ့ ကယ်တင်ခြင်းဟာ အဲဒီအချက်အပေါ် မူတည်နေတယ်။ (တ. ၂:၂၁၊ ၂၂) ယုံကြည်သူတိုင်း ယေဟောဝါကိုကော ယေရှုကိုပါ သိကျွမ်းရမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့်လည်း “အဖရဲ့နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါပြီ။ နောင်လည်း ပြောပြဦးမှာပါ။ ဒါမှ ကျွန်တော့်ကို ချစ်တဲ့ အဖရဲ့မေတ္တာမျိုးနဲ့ သူတစ်ပါးကို သူတို့ ချစ်နိုင်လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်” ဆိုပြီး ဆုတောင်းချက်ကို ယေရှု နိဂုံးချုပ်ထားတာ။—ယော. ၁၇:၂၆။
“မင်းတို့ဟာ ငါ့သက်သေတွေပဲ”
၉။ ယေရှုနောက်လိုက်အားလုံး ဘာလုပ်ရမလဲ။
၉ သိခဲ့ရတဲ့အတိုင်း ယေရှုနောက်လိုက်အားလုံး နာမတော်ကို သန့်ရှင်းမြင့်မြတ်စေရမယ်။ (မ. ၆:၉၊ ၁၀) နာမတော်ကို အရာရာထက် အလေးထားရမယ်။ အလေးထားကြောင်း လုပ်ရပ်နဲ့ ပြရမယ်။ ဒါဆိုရင် နာမတော်ကို ဘယ်လို သန့်ရှင်းမြင့်မြတ်စေနိုင်သလဲ၊ စာတန့်စွပ်စွဲချက်တွေ မှားကြောင်း ဘယ်လို သက်သေပြနိုင်သလဲ။
၁၀။ ဟေရှာယ အခန်းကြီး ၄၂ ကနေ ၄၄ မှာ ဘယ်ပုံဆောင် တရားရေး အမှုကိစ္စအကြောင်း ဖော်ပြထားသလဲ။ (ဟေရှာယ ၄၃:၉။ ၄၄:၇-၉) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၀ နာမတော်ကို ဘယ်လို သန့်ရှင်းမြင့်မြတ်စေနိုင်ကြောင်း ဟေရှာယ အခန်းကြီး ၄၂ ကနေ ၄၄ မှာ ဖော်ပြထားတယ်။ အဲဒီမှာ ပုံဆောင် တရားရေး အမှုကိစ္စတစ်ခုအကြောင်း ဖတ်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ ပြောသူအားလုံးကို ဘုရားစစ် ဟုတ်မဟုတ် ယေဟောဝါ သက်သေထူခိုင်းတယ်။ သက်သေတွေ ခေါ်လာခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ သက်သေ မထွက်ဆိုနိုင်ဘူး။—ဟေရှာယ ၄၃:၉။ ၄၄:၇-၉ ကို ဖတ်ပါ။
ပုံဆောင် တရားရုံးမှာ ယေဟောဝါအတွက် ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ သက်သေထွက်ဆိုနေကြ (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)
၁၁။ ဟေရှာယ ၄၃:၁၀-၁၂ မှာ မိမိလူမျိုးကို ယေဟောဝါ ဘာပြောသလဲ။
၁၁ ဟေရှာယ ၄၃:၁၀-၁၂ ကို ဖတ်ပါ။ “မင်းတို့ဟာ ငါ့သက်သေတွေပဲ။ ငါဟာ ဘုရားသခင်ပဲ” ဆိုပြီး မိမိလူမျိုးကို ယေဟောဝါ ပြောတယ်။ “ငါကလွဲပြီး တခြားဘုရားသခင် ရှိသေးသလား” လို့ မေးတယ်။ (ဟေရှာ. ၄၄:၈) အဲဒီမေးခွန်းကို ဖြေဖို့ ကျွန်တော်တို့ အခွင့်အရေး ရထားတယ်။ ယေဟောဝါကလွဲပြီး စစ်မှန်တဲ့ ဘုရားသခင် မရှိကြောင်း၊ နာမတော်ဟာ အမြင့်မြတ်ဆုံး ဖြစ်ကြောင်း အပြောအဆို၊ လုပ်ရပ်အားဖြင့် သက်သေထူကြတယ်။ အခက်ကြုံအောင် စာတန် လုပ်ရင်တောင် ယေဟောဝါကို တကယ် ချစ်တယ်၊ သစ္စာစောင့်သိတယ်ဆိုတာ အသက်တာလမ်းစဉ်အားဖြင့် သက်သေပြကြတယ်။ ဒါ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေတာပဲ။
၁၂။ ဟေရှာယ ၄၀:၃၊ ၅ မှာ ပါတဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာသလဲ။
၁၂ “ယေဟောဝါဘုရားရဲ့လမ်းကို” စေတမန် ရှင်းလင်းပေးမယ့်အကြောင်း၊ တစ်နည်းအားဖြင့် အသင့်ပြင်ပေးမယ့်အကြောင်း ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၄၀:၃) အဲဒီကြိုဟောချက် ဘယ်လို ပြည့်စုံလာသလဲ။ ယေရှု သွားမယ့်လမ်းကို နှစ်ခြင်းပေးသူ ယောဟန် အသင့်ပြင်ပေးတယ်။ ယေရှုဟာ ယေဟောဝါရဲ့နာမည်နဲ့ ရောက်လာသူ၊ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လို့ ယေရှုရဲ့လမ်းကို အသင့်ပြင်ပေးတာဟာ “ယေဟောဝါဘုရားရဲ့လမ်းကို” အသင့်ပြင်ပေးသလိုပါပဲ။ (မ. ၃:၃။ မာ. ၁:၂-၄။ လု. ၃:၃-၆) “ယေဟောဝါဘုရားရဲ့ ဂုဏ်ကျက်သရေ ထင်ရှားမယ်” လို့လည်း ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၄၀:၅) အဲဒီကြိုဟောချက်ကော ဘယ်လို ပြည့်စုံလာသလဲ။ ယေရှု ကမ္ဘာပေါ် ရောက်လာတဲ့အခါ ယေဟောဝါကို အပြည့်အဝ အတုယူတဲ့အတွက် ယေဟောဝါကိုယ်တိုင် ကမ္ဘာပေါ် ရောက်လာတဲ့အလား ဖြစ်ခဲ့တယ်။ (ယော. ၁၂:၄၅) မိမိရဲ့ အပြောအဆို၊ လုပ်ရပ်အားဖြင့် ယေဟောဝါအတွက် သက်သေထွက်ဆိုပေးသလို ဖြစ်ခဲ့တယ်။
၁၃။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။
၁၃ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ ယေရှုလိုပဲ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့သက်သေတွေ ဖြစ်တယ်။ နာမတော်ကို ခံယူထားတယ်။ ယေဟောဝါရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း တွေ့ဆုံသူတိုင်းကို ပြောပြတယ်။ ယေဟောဝါအကြောင်း ထိထိမိမိ သက်သေခံဖို့ဆိုရင် နာမတော် သန့်ရှင်းမြင့်မြတ်ရေးအတွက် ယေရှု လုပ်ဆောင်ခဲ့သမျှအကြောင်း ချန်ထားလို့ မဖြစ်ဘူး။ (တ. ၁:၈) ယေရှုဟာ ယေဟောဝါရဲ့ အရေးပါဆုံး သက်သေ ဖြစ်တယ်။ (ဗျာ. ၁:၅) နာမတော်ကို အလေးထားကြောင်း ကျွန်တော်တို့တစ်ယောက်စီ တခြားဘယ်နည်းတွေနဲ့ ပြကြသလဲ။
နာမတော်ကို အလေးထားကြောင်း ပြတဲ့ တခြားနည်းလမ်းများ
၁၄။ နာမတော်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လို ခံစားရသလဲ။ (ဆာလံ ၁၀၅:၃)
၁၄ နာမတော်အတွက် ဂုဏ်ယူကြတယ်။ (ဆာလံ ၁၀၅:၃ ကို ဖတ်ပါ။) နာမတော်အတွက် ကျွန်တော်တို့ ဂုဏ်ယူဝါကြွားတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ (ယေ. ၉:၂၃၊ ၂၄။ ၁ ကော. ၁:၃၁။ ၂ ကော. ၁၀:၁၇) နာမတော်ကို ဂုဏ်တင်ရတာ၊ နည်းလမ်းတော်တွေ မှန်ကန်ကြောင်း သက်သေပြရတာ အခွင့်ထူးလို့ ကျွန်တော်တို့ သဘောထားတယ်။ ယေဟောဝါသက်သေ ဖြစ်တယ်ဆိုတာ အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်း၊ တခြားသူတွေကို ပြောပြဖို့ မရှက်ရဘူး။ စာတန်က ကျွန်တော်တို့ကို နာမတော်အကြောင်း မပြောစေချင်ဘူး။ (ယေ. ၁၁:၂၁။ ဗျာ. ၁၂:၁၇) စာတန်နဲ့ ပရောဖက်အတုအယောင်တွေက နာမတော်ကို လူတွေ မေ့သွားအောင် လုပ်ချင်နေကြတယ်။ (ယေ. ၂၃:၂၆၊ ၂၇) ဒါပေမဲ့ နာမတော်ကို ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့အတွက် “တစ်နေ့လုံး” ချီးမွမ်းကြတယ်။—ဆာ. ၅:၁၁။ ၈၉:၁၆။
၁၅။ နာမတော်ကို ကျွန်တော်တို့ ဘယ်လိုသဘောနဲ့ ခေါ်သလဲ။
၁၅ နာမတော်ကို အမြဲ ခေါ်ကြတယ်။ (ယောလ ၂:၃၂။ ရော. ၁၀:၁၃၊ ၁၄) နာမတော်ကို ခေါ်တယ်ဆိုတာ ယေဟောဝါရဲ့နာမည်ကို သိတာ၊ သုံးတာလောက်ပဲ မဟုတ်ဘူး။ ခံစားချက်၊ အရည်အသွေးတွေ ရှိတဲ့ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယေဟောဝါကို ကျွန်တော်တို့ သိကျွမ်းကြတယ်၊ အားကိုးကြတယ်၊ အကူအညီနဲ့ လမ်းညွှန်မှု တောင်းခံကြတယ်။ (ဆာ. ၂၀:၇။ ၉၉:၆။ ၁၁၆:၄။ ၁၄၅:၁၈) တခြားသူတွေကို နာမတော်၊ ဂုဏ်ရည်တော်တွေအကြောင်း ပြောပြကြတယ်။ လူတွေ ဘဝလမ်းစဉ် ပြောင်းလဲပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ကူညီပေးကြတယ်။—ဟေရှာ. ၁၂:၄။ တ. ၂:၂၁၊ ၃၈။
၁၆။ စာတန် မှားကြောင်း ဘယ်လို သက်သေပြနိုင်သလဲ။
၁၆ နာမတော်အတွက် လိုလိုလားလား ဆင်းရဲဒုက္ခခံကြတယ်။ (ယာ. ၅:၁၀၊ ၁၁) ဆင်းရဲဒုက္ခခံရချိန်မှာတောင် ယေဟောဝါကို သစ္စာစောင့်သိတာက စာတန် မှားကြောင်း သက်သေပြရာရောက်တယ်။ “လူဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ” လို့ ယောဘခေတ်မှာ စာတန် ပြောထားတယ်။ (ယောဘ ၂:၄) အခြေအနေကောင်းမှ ယေဟောဝါကို လူတွေ ဝတ်ပြုမယ်၊ အခက်အခဲ ကြုံလာရင် စွန့်ခွာသွားမယ်လို့ စွပ်စွဲလိုက်တာပဲ။ စာတန့်စွပ်စွဲချက် မှားကြောင်း သစ္စာရှိ ယောဘ သက်သေပြတယ်။ ကျွန်တော်တို့လည်း စာတန် ဘယ်လိုပဲ အခက်ကြုံအောင် လုပ်ပါစေ ယေဟောဝါကို မစွန့်ခွာဘူးဆိုတာ သက်သေပြဖို့ အခွင့်အရေး ရှိတယ်။ နာမတော်ကို ထောက်ပြီး ယေဟောဝါ ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုတာ အပြည့်အဝ စိတ်ချနိုင်ပါတယ်။—ယော. ၁၇:၁၁။
၁၇။ ၁ ပေတရု ၂:၁၂ အရ နာမတော်ကို တခြားဘယ်နည်းနဲ့ ဂုဏ်တင်နိုင်သလဲ။
၁၇ နာမတော်ကို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေကြတယ်။ (ပညာ. ၃၀:၉။ ယေ. ၇:၈-၁၁) နာမတော် ခံယူထားလို့ ကျွန်တော်တို့ကြောင့် နာမတော် ချီးမွမ်းစရာ ဖြစ်နိုင်သလို ရှုတ်ချစရာလည်း ဖြစ်နိုင်တယ်။ (၁ ပေတရု ၂:၁၂ ကို ဖတ်ပါ။) ကျွန်တော်တို့ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် နာမတော် ချီးမွမ်းစရာဖြစ်ဖို့ အစွမ်းကုန် ကြိုးစားချင်ကြပါတယ်။ ဒါဆိုရင် မစုံလင်သူတွေ ဖြစ်နေဆဲအချိန်မှာတောင် နာမတော်ကို ဂုဏ်တင်နိုင်မယ်။
၁၈။ နာမတော်ကို အလေးထားကြောင်း ပြနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၈ နာမတော်ကို ကိုယ့်ဂုဏ်သတင်းထက် အလေးထားကြတယ်။ (ဆာ. ၁၃၈:၂) ဒါ ဘာကြောင့် အရေးကြီးသလဲ။ နာမတော်ကို အလေးထားလို့ ကိုယ့်ဂုဏ်သတင်း ထိခိုက်တဲ့အချိန်တွေ ရှိနိုင်တယ်။a ယေရှုဆိုရင် နာမတော်ကို ဂုဏ်တင်ဖို့ ရာဇဝတ်သားအဖြစ် အရှက်တကွဲ လိုလိုလားလား အသေခံခဲ့တယ်။ “အရှက်ခွဲခံရတာကို အရေးမစိုက်” ဘူး။ ကိုယ့်ကို လူတွေ ဘယ်လို မြင်မလဲ အလွန်အမင်း စိတ်မပူဘူး။ (ဟီ. ၁၂:၂-၄) အဖရဲ့ဆန္ဒကိုပဲ အာရုံစိုက်တယ်။—မ. ၂၆:၃၉။
၁၉။ နာမတော်နဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ ဘာကြောင့်လဲ။
၁၉ နာမတော်အတွက် ကျွန်တော်တို့ ဂုဏ်ယူဝါကြွားကြတယ်။ ယေဟောဝါသက်သေလို့ အခေါ်ခံရတာ အခွင့်ထူးလို့ သဘောထားကြတယ်။ တခြားသူတွေ အထင်သေးလှောင်ပြောင်ရင်တောင် ယေဟောဝါကို ဆက်ချီးမွမ်းကြတယ်။ နာမတော်ကို ကိုယ့်ဂုဏ်သတင်းထက် အလေးထားကြတယ်။ စာတန် ဘယ်လိုပဲ တားဆီးပါစေ နာမတော်ကို ဆက်ချီးမွမ်းဖို့ ဆုံးဖြတ်ထားကြရအောင်။ ဒါဆိုရင် နာမတော်ကို ယေရှုခရစ် အလေးထားသလို ကျွန်တော်တို့လည်း အလေးထားကြောင်း သက်သေပြနိုင်ပါလိမ့်မယ်။
သီချင်း ၁၀ တို့ဘုရား ယေဟောဝါကို ချီးမွမ်းကြ
a သားသမီးတွေနဲ့ ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံးသွားချိန်မှာ “ယောဘက အပြစ်မလုပ်ဘူး။ ဘုရားသခင် မှားတယ်လို့လည်း မစွပ်စွဲဘူး။” (ယောဘ ၁:၂၂။ ၂:၁၀) ဒါပေမဲ့ အမှားတစ်ခုခု လုပ်ခဲ့မိလို့ ဖြစ်မယ်ဆိုပြီး မိတ်ဆွေသုံးယောက် စွပ်စွဲလာချိန်မှာ ကိုယ့်နာမည်ပျက်မှာကို သစ္စာရှိ ယောဘ စိတ်ပူသွားတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း “မဆင်မခြင် ပြောလိုက်မိ” တယ်။ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့ထက် ကိုယ့်နာမည်ကို ကာကွယ်ဖို့ ဦးစားပေးမိသွားတယ်။—ယောဘ ၆:၃။ ၁၃:၄၊ ၅။ ၃၂:၂။ ၃၄:၅။