လေ့လာရန် ဆောင်းပါး ၄၂
သီချင်း ၄၄ နိမ့်ကျသူရဲ့ ဆုတောင်းစကား
လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ
“အို ယေဟောဝါ၊ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခေါ်နေပါတယ်။ ပြန်ထူးလှည့်ပါ။”—ဆာ. ၁၁၉:၁၄၅။
အာရုံစိုက်ရာ
ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဆုတောင်းချက်တွေကနေ ဘာသင်ယူနိုင်သလဲ။
၁-၂။ (က) ဆုတောင်းတဲ့အခါ ဘာကြောင့် စိတ်ထဲ ရှိသမျှ မပြောဘဲ နေမိနိုင်သလဲ။ (ခ) ဆုတောင်းချက်တွေကို ယေဟောဝါ အာရုံစိုက် နားထောင်မှန်း ဘယ်လို သိရသလဲ။
သင့်ဆုတောင်းချက်တွေ ထပ်နေတယ်၊ သာမန်ကာလျှံကာ ဖြစ်နေတယ်၊ လုပ်ရိုးလုပ်စဉ်လိုပဲ တောင်းနေမိတယ်လို့ တစ်ခါတလေ ခံစားရသလား။ အဲဒီလိုခံစားရတာ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ဗျာများလွန်းလို့ တစ်ခါတလေ လိုတိုရှင်းပဲ ဆုတောင်းမိသွားနိုင်တယ်။ ဒါမှမဟုတ် ယေဟောဝါဘုရားနဲ့ တရင်းတနှီး ပြောဆိုဖို့ မထိုက်တန်ဘူးလို့ တွေးပြီး စိတ်ထဲ ရှိသမျှ မပြောဘဲ နေမိနိုင်တယ်။
၂ ယေဟောဝါ နားညောင်းဖို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ တောင်းတတ်စရာ မလိုဘူး၊ ကျိုးနွံမှုရှိရှိ စိတ်ရင်းမှန်နဲ့ တောင်းဖို့ပဲ လိုတယ်လို့ ကျမ်းစာ သွန်သင်တယ်။ “စိတ်နူးညံ့သူတွေရဲ့ တောင်းဆိုချက်” ကို ယေဟောဝါ ကြားတယ်။ (ဆာ. ၁၀:၁၇) ကျွန်တော်တို့ကို တကယ်စိတ်ဝင်စားလို့ ဆုတောင်းစကား အခွန်းတိုင်းကို အာရုံစိုက် နားထောင်တယ်။—ဆာ. ၁၃၉:၁-၃။
၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။
၃ စိတ်ထဲ ရှိသမျှ ယေဟောဝါကို ဘာကြောင့် ပြောပြနိုင်သလဲ။ ဆုတောင်းချက်တွေ ပိုလေးနက်လာဖို့ ဘာလုပ်နိုင်သလဲ။ ကျမ်းစာထဲက ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်တာက ဆုတောင်းချက်တွေကို ဘယ်လို ပိုလှိုက်လှဲလာစေနိုင်သလဲ။ ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့အထိ သောကရောက်နေရင်ကော ဘာလုပ်နိုင်သလဲ။ ဒီဆောင်းပါးမှာ ဒီမေးခွန်းတွေကို ဆွေးနွေးပါမယ်။
စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြပါ
၄။ စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြနိုင်ဖို့ ဘာလုပ်ရမလဲ။ (ဆာလံ ၁၁၉:၁၄၅)
၄ စိတ်ထဲ ရှိသမျှ ယေဟောဝါကို ပြောပြနိုင်ဖို့ ဘာလုပ်ရမလဲ။ ယေဟောဝါကို ကိုယ့်အကျိုး လိုလားတဲ့ မိတ်ဆွေကောင်းအဖြစ် သဘောထားရမယ်။ အဲဒီလိုသဘောထားဖို့ ဆာလံ ၁၁၉ ကျမ်းရေးသူ ကြိုးစားတယ်။ သူ့ဘဝမှာ ပြဿနာတွေ မကင်းဘူး။ မဟုတ်မမှန် စွပ်စွဲခံရတယ်။ (ဆာ. ၁၁၉:၂၃၊ ၆၉၊ ၇၈) အားနည်းချက်တွေ ရှိလို့ စိတ်ဓာတ်ကျတယ်။ (ဆာ. ၁၁၉:၆၇) ဒါပေမဲ့ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းဖို့ မဝံ့မရဲ မဖြစ်ဘူး။—ဆာလံ ၁၁၉:၁၄၅ ကို ဖတ်ပါ။
၅။ ရင်ဖွင့်ဆုတောင်းဖို့ မဝံ့မရဲ မဖြစ်သင့်ကြောင်း ဥပမာပေးပါ။
၅ ကြီးလေးတဲ့အပြစ် လုပ်မိသူတွေကိုတောင် ယေဟောဝါ ဆုတောင်းခိုင်းတယ်။ (ဟေရှာ. ၅၅:၆၊ ၇) ဒါကြောင့် ဆုတောင်းဖို့ ဘာအကြောင်းကြောင့်မှ မဝံ့မရဲ မဖြစ်သင့်ဘူး။ ဥပမာ၊ ခရီးသွားရင်း လမ်းပျောက်သွားတယ် ဒါမှမဟုတ် လမ်းမှားသွားတယ် ဆိုပါစို့။ ဒေသခံတစ်ယောက်ကို အကူအညီတောင်းရင် လမ်းညွှန်ပေးမယ်ဆိုတာ သင် သိတယ်။ ဒါပေမဲ့ ရှက်လို့ဆိုပြီး အကူအညီမတောင်းဘဲ နေမလား။ နေမှာ မဟုတ်ဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ ဘဝမှာ လမ်းပျောက်နေတဲ့အခါ၊ အမှားလုပ်မိတဲ့အခါမှာတောင် ယေဟောဝါဆီ ရဲရဲဝံ့ဝံ့ ဆုတောင်းနိုင်တယ်။—ဆာ. ၁၁၉:၂၅၊ ၁၇၆။
ဆုတောင်းချက်တွေ ပိုလေးနက်လာစေပါ
၆-၇။ ယေဟောဝါရဲ့ အရည်အသွေးတွေကို စဉ်းစားတာက ဆုတောင်းချက်တွေကို ဘယ်လို ပိုလေးနက်လာစေနိုင်သလဲ။ ဥပမာပေးပါ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၆ ကိုယ့်အတွေးတွေ၊ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလေ ယေဟောဝါနဲ့ ပိုရင်းနှီးပြီး ဆုတောင်းချက်တွေ ပိုလေးနက်လေ ဖြစ်လာမယ်။ ဆုတောင်းချက်တွေ ပိုလေးနက်လာစေမယ့် အကြံပြုချက်တချို့ကို သုံးသပ်ကြည့်ပါ။
၇ ယေဟောဝါဟာ ဘယ်လိုဘုရားမျိုးလဲဆိုတာ စဉ်းစားပါ။a ယေဟောဝါရဲ့ အရည်အသွေးတွေကို စဉ်းစားလိုက်တဲ့အခါ ရင်ဖွင့်ဖို့ ပိုလွယ်လာမယ်။ (ဆာ. ၁၄၅:၈၊ ၉၊ ၁၈) စိတ်ကြမ်းကိုယ်ကြမ်း ဖခင်လက်အောက်မှာ ကြီးပြင်းလာတဲ့ ညီအစ်မ ခရစ္စတင်းအကြောင်း စဉ်းစားကြည့်ပါ။ “ယေဟောဝါကို ဖခင်လို သဘောထားပြီး စကားပြောဖို့ ကျွန်မအတွက် တော်တော်ခက်တယ်။ ပြီးတော့ ကျွန်မမှာ အပြစ်အနာအဆာတွေ များလို့ ယေဟောဝါ စွန့်ပစ်လိုက်မလားဆိုပြီး ခံစားခဲ့ရတယ်” လို့ ပြောတယ်။ ဒါပေမဲ့ ခရစ္စတင်း ခံစားချက် ပြောင်းသွားတယ်။ ဘာကြောင့်လဲ။ “ခိုင်မြဲတဲ့မေတ္တာတော်အကြောင်း စဉ်းစားလိုက်တဲ့အခါ စိတ်ထဲ နွေးထွေးသွားတယ်။ ယေဟောဝါက ကျွန်မကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး။ လဲကျသွားရင်တောင် မေတ္တာနဲ့ ထူမပေးမှာ။ အဲဒီလိုစဉ်းစားလိုက်တော့ ဝမ်းသာစရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ပြောထွက်လာတယ်” လို့ ပြောတယ်။
၈-၉။ ဘာထည့်တောင်းမလဲဆိုတာ စဉ်းစားထားခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။ တွေ့ကြုံမှု ပြောပြပါ။
၈ ဘာထည့်တောင်းမလဲဆိုတာ စဉ်းစားထားပါ။ ‘လောလောဆယ် ငါ့မှာ ဘာပြဿနာတွေ ရှိနေသလဲ။ တစ်ယောက်ယောက်ကို ငါ ခွင့်လွှတ်ဖို့ လိုနေသလား။ ငါ့ဘဝမှာ အပြောင်းအလဲတစ်ခုခု ဖြစ်သွားလို့ ယေဟောဝါ ကူညီမှပဲ ရမယ့် ကိစ္စမျိုး ရှိနေသလား’ စသဖြင့် ဆုမတောင်းခင် စဉ်းစားပါ။ (၂ ဘု. ၁၉:၁၅-၁၉) ယေရှုရဲ့ စံပြဆုတောင်းချက်အတိုင်း ယေဟောဝါရဲ့ နာမတော်၊ နိုင်ငံတော်၊ အလိုတော်နဲ့ပတ်သက်ပြီး ဘာဆုတောင်းနိုင်သလဲဆိုတာလည်း စဉ်းစားပါ။—မ. ၆:၉၊ ၁၀။
၉ ညီအစ်မ အလစ်စကာအကြောင်း သုံးသပ်ကြည့်ပါ။ ခင်ပွန်းဖြစ်သူ ဦးနှောက်ကင်ဆာ ဖြစ်ပြီး ကြာကြာမနေရတော့ဘူးဆိုတာ သိလိုက်ရတယ်။ “ရင်ထဲ ဗလောင်ဆူနေတော့ ဘာဆုတောင်းလို့ တောင်းရမှန်းတောင် ကျွန်မ မသိတော့ဘူး” လို့ အလစ်စကာ ပြောတယ်။ ဒါနဲ့ ဘာလုပ်သလဲ။ “ကိုယ့်အတွက်၊ ခင်ပွန်းအတွက်ချည်းပဲ တောင်းတာမျိုး မဖြစ်အောင်လို့ ဆုမတောင်းခင် အချိန်နည်းနည်း ယူပြီး စိတ်စုစည်းလိုက်တယ်။ ယေဟောဝါကို ဘာတွေ ပြောပြမလဲ စဉ်းစားထားတယ်။ အဲဒီလိုစဉ်းစားထားတော့ ဆုတောင်းတဲ့အချိန် စိတ်က တည်ငြိမ်နေရော။ ယေဟောဝါကို ပြောပြစရာ အများကြီး ထွက်လာလို့ ဆုတောင်းတာ ဘောင်ကျယ်လာတယ်” လို့ ပြောတယ်။
၁၀။ ဘာကြောင့် အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၀ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းပါ။ တိုတိုတုတ်တုတ်နဲ့လည်း လေးနက်အောင် ဆုတောင်းလို့ ရပေမဲ့ အချိန်ယူပြီး ဆုတောင်းတဲ့အခါ ယေဟောဝါကို ရင်တွင်းခံစားချက်တွေ ပိုပြောပြဖြစ်မယ်။b “တစ်နေ့တည်းမှာ တိုတိုတုတ်တုတ်နဲ့ ခဏခဏ ကျွန်တော် ဆုတောင်းတယ်။ ဒါပေမဲ့ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းတော့ ယေဟောဝါနဲ့ ပိုရင်းနှီးလာသလိုပဲ။ ယေဟောဝါက ကျွန်တော် ဆုတောင်းတာ ဘယ်တော့ ပြီးမလဲဆိုပြီး စိတ်မရှည်မဖြစ်ဘူး။ ဒါကြောင့် အချိန်ကြိုက်သလောက် ယူလို့ရတယ်” လို့ အလစ်စကာရဲ့ ခင်ပွန်း အီလိုင်းဂျား ပြောတယ်။ သင်လည်း အနှောင့်အယှက်ကင်းကင်း အသံထွက် ဆုတောင်းလို့ရမယ့် အချိန်နဲ့ နေရာကို ရှာကြည့်ပါ။ အချိန်ယူပြီး အေးအေးဆေးဆေး ဆုတောင်းတဲ့အကျင့် လုပ်ပါ။
အနှောင့်အယှက်ကင်းကင်း အေးအေးဆေးဆေး ဆုတောင်းလို့ရမယ့် အချိန်နဲ့ နေရာကို ရှာပါ (စာပိုဒ် ၁၀ ကို ကြည့်ပါ)
ကျမ်းစာထဲက လှိုက်လှဲတဲ့ ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်ပါ
၁၁။ ကျမ်းစာထဲက ဆုတောင်းချက်တွေကို တွေးတောဆင်ခြင်တဲ့အခါ ဘယ်လို အကျိုးရသလဲ။ (“သူတို့လို ခံစားနေရသလား” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၁ ကျမ်းစာထဲက ဆုတောင်းချက်တွေ၊ ချီးမွမ်းသီချင်းတွေ၊ ဆာလံသီချင်းတွေကို တွေးတောဆင်ခြင်တာ အကျိုးရှိတယ်။ ဘုရားသခင့်ကျေးကျွန်တွေ ဘယ်လို ရင်ဖွင့်ဆုတောင်းသလဲ သုံးသပ်တဲ့အခါ သင်လည်း ရင်ဖွင့်ဆုတောင်းတတ်လာမယ်။ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်တဲ့ အသုံးအနှုန်းသစ်တွေ သိလာမယ်။ သင့်အခြေအနေ၊ သင် တောင်းချင်တာနဲ့ ထပ်တူကျတဲ့ ဆုတောင်းချက်တွေ တွေ့လာမယ်။
၁၂။ ကျမ်းစာထဲက ဆုတောင်းချက်တွေ ဖတ်တဲ့အခါ ဘယ်လို စဉ်းစားကြည့်နိုင်သလဲ။
၁၂ ကျမ်းစာထဲက ဆုတောင်းချက်တစ်ချက်ချက်ကို ဖတ်တဲ့အခါ ‘ဒါ ဘယ်သူ့ ဆုတောင်းစကားလဲ။ ဘယ်လိုအခြေအနေမှာ ဒီလိုဆုတောင်းထားတာလဲ။ သူ့လို ငါ ခံစားနေရသလား။ ဒီကနေ ငါ ဘာသင်ခန်းစာ ယူနိုင်သလဲ’ လို့ စဉ်းစားကြည့်ပါ။ အဖြေရဖို့ ထပ်ဆင့်ရှာဖွေလေ့လာရနိုင်တယ်။ ဒါပေမဲ့ လေ့လာရကျိုးနပ်မှာပါ။ ဆုတောင်းချက်တချို့ကို နမူနာကြည့်ရအောင်။
၁၃။ ဟန္နဆီကနေ ဘာသင်ယူနိုင်သလဲ။ (၁ ရှမွေလ ၁:၁၀၊ ၁၁) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ ၁ ရှမွေလ ၁:၁၀၊ ၁၁ ကို ဖတ်ပါ။ ဟန္နမှာ ပြဿနာကြီးနှစ်ခု ရှိနေတယ်။ ပထမပြဿနာက ဟန္န မြုံနေတာ။ ဒုတိယပြဿနာက ဟန္န စိတ်ဆင်းရဲအောင် ပြိုင်ဘက်ဇနီး အမြဲလုပ်နေတာ။ (၁ ရှ. ၁:၄-၇) မပြေလည်နိုင်တဲ့ ပြဿနာတစ်ခုခု သင့်မှာ ရှိနေရင် ဟန္နရဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲ။ ဟန္န အကြာကြီး ဆုတောင်းလို့၊ ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်လို့ စိတ်ပေါ့သွားတယ်။ (၁ ရှ. ၁:၁၂၊ ၁၈) သင်လည်း ကြုံနေရတဲ့ ပြဿနာကြောင့် ဘယ်လို ခံစားနေရတယ်ဆိုတာ သတ်သတ်မှတ်မှတ် ပြောပြပြီး “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်” ရင် စိတ်ပေါ့သွားနိုင်တယ်။—ဆာ. ၅၅:၂၂။
ဟန္နဟာ မြုံနေတဲ့အပြင် ပြိုင်ဘက်ဇနီးက စိတ်ဆင်းရဲအောင် အမြဲလုပ်လို့ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်း (စာပိုဒ် ၁၃ ကို ကြည့်ပါ)
၁၄။ (က) ဟန္နဆီကနေ နောက်ထပ် ဘာသင်ယူနိုင်သလဲ။ (ခ) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တာက ဆုတောင်းချက်တွေကို ဘယ်လိုနည်းနဲ့ အကြောင်းအရာ ဝေဆာလာစေနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၁၄ သားလေးရှမွေလ မွေးပြီးနောက် နှစ်အနည်းငယ်မှာ သားလေးကို ပုရောဟိတ်မင်း ဧလိဆီ ဟန္န ခေါ်သွားတယ်။ (၁ ရှ. ၁:၂၄-၂၈) သစ္စာရှိ ကျေးကျွန်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတယ်။c (၁ ရှ. ၂:၁၊ ၈၊ ၉) ဟန္နမှာ အိမ်တွင်းရေး ပြဿနာ ဆက်ရှိပုံပါပဲ။ ဒါပေမဲ့ မိမိကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးတယ်ဆိုတာပဲ အာရုံစိုက်တော့တယ်။ ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့လည်း ရှေးသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ထောက်မပေးခဲ့သလဲ၊ ကိုယ့်ကို အခုချိန်ထိ ဘယ်လို ထောက်မပေးနေသလဲဆိုတာ အာရုံစိုက်ရင် ပြဿနာ ရှိနေတုန်းပဲဆိုရင်တောင် ခံရပ်နိုင်မယ်။
၁၅။ ပရောဖက် ယေရမိဆီကနေ ဘာသင်ယူနိုင်သလဲ။ (ယေရမိ ၁၂:၁)
၁၅ ယေရမိ ၁၂:၁ ကို ဖတ်ပါ။ လူဆိုးတွေ အောင်မြင်နေတာ ကြည့်ပြီး ပရောဖက် ယေရမိ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ အစ္စရေးအချင်းချင်း ဖြစ်လျက်နဲ့ မိမိကို လှောင်ပြောင်သရော်သူတွေကြောင့် စိတ်ဓာတ်ကျလာတယ်။ (ယေ. ၂၀:၇၊ ၈) ကျွန်တော်တို့လည်း လှောင်ပြောင်သရော်ခံကြရလို့၊ လူဆိုးတွေ ကြီးပွားကောင်းစားနေတာ မြင်ကြရလို့ ယေရမိရဲ့ ခံစားချက်ကို နားလည်နိုင်တယ်။ မကျေမနပ် ဖြစ်မိတာတွေ ယေရမိ ထုတ်ပြောပေမဲ့ ယေဟောဝါ တရားမမျှတဘူးလို့တော့ မပြောဘူး။ ပုန်ကန်တဲ့လူမျိုး ပြစ်ဒဏ်စီရင်ခံရတာကို မြင်တော့ ယေဟောဝါ တရားမျှတတယ်ဆိုတာ ပိုစိတ်ချသွားမှာပဲ။ (ယေ. ၃၂:၁၉) ကျွန်တော်တို့လည်း မကျေမနပ် ဖြစ်မိတာတွေ ယေဟောဝါကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တယ်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ ယေဟောဝါ အမျှတဆုံး တရားစီရင်ပေးမယ်ဆိုတာ စိတ်ချရမယ်။
၁၆။ ပြည်နှင်ခံ လေဝိအမျိုးသားဆီကနေ ဘာသင်ယူနိုင်သလဲ။ (ဆာလံ ၄၂:၁-၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၆ ဆာလံ ၄၂:၁-၄ ကို ဖတ်ပါ။ ဒီဆာလံသီချင်းကို ပြည်နှင်ခံ လေဝိအမျိုးသားတစ်ယောက် ရေးထားတာ။ ယုံကြည်သူချင်းတွေနဲ့အတူ ဗိမာန်တော်မှာ ဝတ်မပြုနိုင်လို့ ဘယ်လို ခံစားရတယ်ဆိုတာ သူ ရေးတဲ့ ဆာလံသီချင်းက ဖော်ပြနေတယ်။ ကျွန်တော်တို့လည်း အကြောင်းကြောင်းကြောင့် အိမ်မှာ ခြေချုပ်မိနေရင် ဒါမှမဟုတ် ယုံကြည်ချက်ကြောင့် ထောင်ကျနေရင် သူ့ခံစားချက်ကို နားလည်မှာပါ။ ခဏနေ စိတ်အားတက်လာလိုက်၊ တော်ကြာ စိတ်ဓာတ်ကျသွားလိုက်နဲ့ ရင်ထဲ ယောက်ယက်ခတ်နေနိုင်တယ်။ ဘယ်လိုပဲ ခံစားနေရပါစေ ယေဟောဝါကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ယေဟောဝါကို ပြောပြရင်းနဲ့မှ ကိုယ့်ခံစားချက်ကို ပြန်ဆန်းစစ်မိလာတာ၊ ပိုအရေးကြီးတဲ့အရာတွေကို အာရုံစိုက်မိလာတာ ဖြစ်နိုင်တယ်။ လေဝိအမျိုးသားဆိုရင်လည်း ယေဟောဝါကို ချီးမွမ်းဖို့ အခွင့်အရေးတွေ ရှိပါသေးလားဆိုပြီး သဘောပေါက်သွားတယ်။ (ဆာ. ၄၂:၅) မိမိကို ယေဟောဝါ ဘယ်လို ဂရုစိုက်နေသလဲ စဉ်းစားမိသွားတယ်။ (ဆာ. ၄၂:၈) မှန်ပါတယ်၊ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းတာက ကိုယ့်ခံစားချက်ကို ဆန်းစစ်မိစေတယ်။ စိတ်ငြိမ်သက်စေတယ်။ ခံနိုင်ရည်ခွန်အား ရှိစေတယ်။
ဆာလံ ၄၂ ကို ရေးတဲ့ လေဝိအမျိုးသား ရင်ဖွင့်ဆုတောင်းနေ။ ကျွန်တော်တို့လည်း ရင်ဖွင့်ဆုတောင်းတဲ့အခါ ပိုအရေးကြီးတဲ့အရာတွေကို အာရုံစိုက်မိလာနိုင် (စာပိုဒ် ၁၆ ကို ကြည့်ပါ)
၁၇။ (က) ပရောဖက် ယောနရဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲ။ (ယောန ၂:၁၊ ၂) (ခ) ဆာလံကျမ်းပိုဒ်တချို့ မှတ်မိနေတာက အခက်အခဲ ကြုံတဲ့အခါ ဘယ်လို ကူညီပေးနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၁၇ ယောန ၂:၁၊ ၂ ကို ဖတ်ပါ။ ငါးရဲ့ ဝမ်းဗိုက်ထဲကနေ ပရောဖက် ယောန ဆုတောင်းနေတာ။ ယေဟောဝါစကား နားမထောင်မိခဲ့ပေမဲ့ မိမိခေါ်သံကို ယေဟောဝါ ကြားမယ်ဆိုတာ စိတ်ချတယ်။ အသနားခံဆုတောင်းချက်မှာ ဆာလံကျမ်းထဲက အသုံးအနှုန်း တော်တော်များများ ထည့်သုံးသွားတယ်။d ဆာလံကျမ်းကို အကျွမ်းတဝင် ရှိတာ ထင်ရှားတယ်။ ကျမ်းစကားတွေကို ပြန်စဉ်းစားလိုက်တဲ့အခါ မိမိကို ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယောန စိတ်ချသွားတယ်။ ကျွန်တော်တို့လည်း ကျမ်းပိုဒ်တချို့ အလွတ်ရအောင် လုပ်ထားမယ်ဆိုရင် အခက်အခဲ ကြုံလို့ ဆုတောင်းတဲ့အခါ အဲဒီကျမ်းပိုဒ်တွေ ပြန်မှတ်မိလာပြီး နှစ်သိမ့်မှု ရလာမယ်။
ယေဟောဝါနဲ့ ဆက်ရင်းနှီးနေပါ
၁၈-၁၉။ ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့အထိ သောကရောက်နေတဲ့အခါ ရောမ ၈:၂၆၊ ၂၇ က နှစ်သိမ့်မှု ဘယ်လို ဖြစ်စေသလဲ။ တွေ့ကြုံမှု ပြောပြပါ။
၁၈ ရောမ ၈:၂၆၊ ၂၇ ကို ဖတ်ပါ။ ကိုယ့်ခံစားချက်ကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့အထိ ကျွန်တော်တို့ တစ်ခါတလေ သောကရောက်နေနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုအချိန်မှာ “စွမ်းအားတော်ကိုယ်တိုင် ကျွန်တော်တို့အတွက် အသနားခံပေးတယ်။” ဘာကို ဆိုလိုသလဲ။ ကျွန်တော်တို့လို ထပ်တူအခြေအနေ ကြုံခဲ့သူတွေရဲ့ ဆုတောင်းချက်များစွာကို မှတ်တမ်းတင်ဖို့ ကျမ်းရေးသူတွေကို စွမ်းအားတော်နဲ့ ယေဟောဝါ လမ်းညွှန်တယ်။ ဒါကြောင့် ကိုယ့်ခံစားချက်ကို ဘယ်လို ဖော်ပြရမှန်းမသိ ဖြစ်နေတဲ့အခါ အဲဒီဆုတောင်းစကားတွေကို ကျွန်တော်တို့ရဲ့ ဆုတောင်းစကားတွေအဖြစ် ယေဟောဝါ လက်ခံပြီး ဖြေကြားပေးနိုင်တယ်။
၁၉ ရုရှားညီအစ်မ ယေလီနာအကြောင်း စဉ်းစားကြည့်ပါ။ ဆုတောင်းလို့၊ ကျမ်းစာဖတ်လို့ အဖမ်းခံရတယ်။ “သောကဖိစီးလွန်းလို့ ဆုတောင် မတောင်းနိုင်ဘူး။ ဒါနဲ့ ကျမ်းစာထဲက ဘုရားကျေးကျွန်တွေရဲ့ ဆုတောင်းစကားတွေကို ဖတ်တယ်။ အဲဒီစကားတွေကို ကျွန်မရဲ့ ဆုတောင်းချက်အဖြစ် ယေဟောဝါ လက်ခံပေးမယ်ဆိုတာ သိလို့ပါ။ . . . ဒီနည်းနဲ့ မခံမရပ်နိုင်အောင် သောကများတဲ့အချိန်မှာ နှစ်သိမ့်မှု အတော်လေး ရခဲ့တယ်” လို့ ပြောတယ်။
၂၀။ ဖိစီးနေတဲ့အခါ ဆုတောင်းဖို့ ဘယ်လို စိတ်ပြင်ဆင်နိုင်သလဲ။
၂၀ ဖိစီးနေတဲ့အခါ ဆုသာ တောင်းပေမဲ့ စိတ်ပျံ့လွင့်နေနိုင်တယ်။ ဒါကြောင့် စိတ်ပြင်ဆင်တဲ့အနေနဲ့ ဆာလံကျမ်းအသံဖိုင် နားထောင်နိုင်တယ်။ ဘုရင်ဒါဝိဒ်လို ခံစားချက်တွေ ချရေးနိုင်တယ်။ (ဆာ. ၁၈။ ၃၄။ ၁၄၂။ ထိပ်စီးစာသားများ) ဆုမတောင်းခင် ဘယ်လို စိတ်ပြင်ဆင်သင့်တယ်ဆိုပြီး စည်းမျဉ်းရယ်လို့ မရှိပါဘူး။ (ဆာ. ၁၄၁:၂) ကိုယ့်အတွက် အကျိုးအရှိဆုံး ဖြစ်မယ့်အရာကိုသာ လုပ်ပါ။
၂၁။ ဘာကြောင့် လှိုက်လှိုက်လှဲလှဲ ဆုတောင်းနိုင်သလဲ။
၂၁ ကျွန်တော်တို့ စကားတစ်ခွန်းမှ မဟခင်ကတည်းက ကျွန်တော်တို့ရဲ့ ခံစားချက်ကို ယေဟောဝါ သိနှင့်နေတယ်။ (ဆာ. ၁၃၉:၄) ဒါပေမဲ့ ကျွန်တော်တို့ ယုံယုံကြည်ကြည် ပြောပြလာတာကို ကြားချင်တယ်။ ဒါကြောင့် ရင်ဖွင့်ဆုတောင်းဖို့ မဝံ့မရဲ မဖြစ်ပါနဲ့။ ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဆုတောင်းချက်တွေကနေ သင်ယူပါ။ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ။ ဝမ်းသာစရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် ပြောပြပါ။ သင့်ကို မိတ်ဆွေစစ် ယေဟောဝါ အမြဲကူညီပေးမယ်။
သီချင်း ၄၅ ကျွန်တော့်နှလုံးအကြံအစည်
a ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်မှာ ပါတဲ့ “ယေဟောဝါ” ဆိုတဲ့ ခေါင်းစဉ်အောက်က “ယေဟောဝါရဲ့ ထူးခြားတဲ့ အရည်အသွေးတချို့” ကို လေ့လာကြည့်ပါ။
b အသင်းတော်ကိုယ်စား အများရှေ့ ဆုတောင်းချက်တွေကတော့ တိုတုတ်လေ့ရှိပါတယ်။
c ဟန္နရဲ့ ဆုတောင်းချက်ထဲက အသုံးအနှုန်းတွေဟာ မောရှေ ရေးသားခဲ့တဲ့ ကျမ်းတွေထဲက အသုံးအနှုန်းတွေနဲ့ ဆင်တူတယ်။ ကျမ်းစာကို ဟန္န အချိန်ယူ တွေးတောတာ ထင်ရှားတယ်။ (တရား. ၄:၃၅။ ၈:၁၈။ ၃၂:၄၊ ၃၉။ ၁ ရှ. ၂:၂၊ ၆၊ ၇) ရာစုနှစ်များစွာအကြာ ယေရှုရဲ့မိခင် မာရိ ဆုတောင်းချိန်မှာ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတဲ့ စကားလုံးတွေဟာ ဟန္နရဲ့ ဆုတောင်းချက်မှာ ပါတာနဲ့ တော်တော်လေး ဆင်တူတယ်။—လု. ၁:၄၆-၅၅။
d ဥပမာ၊ ယောန ၂:၃-၉ ကို ဆာလံ ၆၉:၁။ ၁၆:၁၀။ ၃၀:၃။ ၁၄၂:၂၊ ၃။ ၁၄၃:၄၊ ၅။ ၁၈:၆။ ၃:၈ တို့နဲ့ နှိုင်းယှဉ်ကြည့်ပါ။ ယောနရဲ့ ဆုတောင်းချက်အတိုင်း ကျမ်းပိုဒ်တွေကို စီထားတာပါ။