လေ့လာရန် ဆောင်းပါး ၄၃
သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ
တခြားသူတွေအတွက် သတိတရ ဆုတောင်းပေးကြပါ
“အချင်းချင်းအတွက် ဆုတောင်းပေးကြပါ။ . . . ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။”—ယာ. ၅:၁၆။
အာရုံစိုက်ရာ
တခြားသူတွေအတွက် ဆုတောင်းပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘယ်လို ဆုတောင်းပေးနိုင်သလဲ။
၁။ ကျွန်တော်တို့ရဲ့ ဆုတောင်းသံကို ယေဟောဝါ အလေးထားကြောင်း ဘယ်လို သိရသလဲ။
ဆုတောင်းခြင်းဟာ အဖိုးတန် လက်ဆောင်ပါ။ စဉ်းစားကြည့်ပါ– ကောင်းကင်တမန်တွေကို ယေဟောဝါဘုရား တာဝန်တချို့ ပေးထားတယ်။ (ဆာ. ၉၁:၁၁) သားတော်ကိုလည်း အရေးကြီးတာဝန်တွေ လွှဲအပ်ထားတယ်။ (မ. ၂၈:၁၈) ဆုတောင်းသံတွေ နားထောင်ဖို့ကော ဘယ်သူ့ကို တာဝန်ပေးထားသလဲ။ ဘယ်သူ့ကိုမှ ပေးမထားဘူး။ ယေဟောဝါကိုယ်တိုင် နားထောင်တယ်။ ယေဟောဝါဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖြစ်တယ်။—ဆာ. ၆၅:၂။
၂။ တခြားသူတွေအတွက် ဆုတောင်းပေးရာမှာ တမန်တော် ပေါလု စံနမူနာ ဘယ်လို ပြသလဲ။
၂ ကိုယ့်အတွက် ဆုတောင်းသလို တခြားသူတွေအတွက်လည်း ဆုတောင်းပေးသင့်တယ်။ တမန်တော် ပေါလုရဲ့ စံနမူနာကို သုံးသပ်ကြည့်ပါ။ “ခင်ဗျားတို့အတွက် အမြဲ ဆုတောင်းပါတယ်” ဆိုပြီး ဧဖက်အသင်းတော်ဆီ စာရေးတယ်။ (ဧ. ၁:၁၆) တစ်ယောက်ချင်းစီအတွက်လည်း ဆုတောင်းပေးတယ်။ ဥပမာ၊ “မင်းကို သတိရပြီး နေ့ညမပြတ် တိုးလျှိုးအသနားခံတဲ့အခါတိုင်း ဘုရားသခင်ကို ကျေးဇူးတင်မိတယ်” လို့ တိမောသေကို ပြောတယ်။ (၂ တိ. ၁:၃) ပေါလုမှာ သူ့အပူနဲ့သူ ဆုတောင်းစရာ အများကြီး ရှိတယ်။ (၂ ကော. ၁၁:၂၃။ ၁၂:၇၊ ၈) ဒါပေမဲ့ တခြားသူတွေအတွက် ဆုတောင်းပေးတယ်။
၃။ တခြားသူတွေအတွက် ဆုတောင်းပေးဖို့ ဘာကြောင့် မေ့သွားနိုင်သလဲ။
၃ တခြားသူတွေအတွက် ဆုတောင်းပေးဖို့ ကျွန်တော်တို့ တစ်ခါတလေ မေ့သွားနိုင်တယ်။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုနဲ့ပတ်သက်ပြီး ညီအစ်မ ဆာဘရီးနာa ဒီလိုပြောတယ်– “အားလုံးက ကိုယ့်ကိစ္စနဲ့ကိုယ် လုံးလည်လိုက်နေကြတာ။ ကိုယ့်အတွက် ဆုတောင်းရတာနဲ့တင် တခြားသူတွေအတွက် ဆုတောင်းဖို့ အာရုံမရောက်တော့ဘူး။” သင်ကော တစ်ခါတလေ အဲဒီလိုဖြစ်သွားတတ်သလား။ ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက် အကူအညီ ဖြစ်နိုင်တယ်။ (၁) တခြားသူတွေအတွက် ဆုတောင်းပေးဖို့ ဘာကြောင့် အရေးကြီးသလဲ၊ (၂) ဘယ်လို ဆုတောင်းပေးနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
တခြားသူတွေအတွက် ဘာကြောင့် ဆုတောင်းပေးရမလဲ
၄-၅။ တခြားသူတွေအတွက် ဆုတောင်းပေးတာဟာ ဘယ်လို “အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိ” သလဲ။ (ယာကုပ် ၅:၁၆)
၄ တခြားသူတွေအတွက် ဆုတောင်းပေးတာဟာ “အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။” (ယာကုပ် ၅:၁၆ ကို ဖတ်ပါ။) ကျွန်တော်တို့ ဆုတောင်းပေးလိုက်လို့ တခြားသူတွေရဲ့ အခြေအနေ ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်သလား။ ဖြစ်နိုင်တယ်။ မိမိကို တမန်တော် ပေတရု ငြင်းပယ်တော့မယ်ဆိုတာ ယေရှု သိနေတဲ့အတွက် “ခင်ဗျားရဲ့ ယုံကြည်ခြင်း အားမနည်းသွားအောင် ကျွန်တော် တိုးလျှိုးအသနားခံထားတယ်” လို့ ပြောတယ်။ (လု. ၂၂:၃၂) ဆုတောင်းပေးတာက အခြေအနေတစ်ခုကို ပြောင်းလဲသွားစေနိုင်မှန်း ပေါလုလည်း သိတယ်။ ပေါလု ရောမမြို့မှာ မတရားထောင်ချခံရတုန်းက “ခင်ဗျားတို့ရဲ့ ဆုတောင်းချက်ကြောင့် မကြာခင် လွတ်မြောက်ပြီး ခင်ဗျားတို့ဆီ ရောက်လာဖို့ မျှော်လင့်တယ်” ဆိုပြီး ဖိလေမုန်ဆီ စာရေးတယ်။ (ဖိလေ. ၂၂) တကယ်လည်း သိပ်မကြာခင်မှာပဲ ပေါလု ထောင်က လွတ်လာပြီး ပြန်ဟောပြောလာနိုင်တယ်။
၅ မိမိကျေးကျွန်တွေ ဘာအတွက် ဘယ်လောက် စိုးရိမ်ပူပန်ပြီး ဆုတောင်းသလဲ ယေဟောဝါ သတိပြုမိတယ်။ တောင်းတဲ့အတိုင်း ဖြည့်ဆည်းပေးတဲ့အချိန်တွေ ရှိတယ်။ ဒါကြောင့် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး စိတ်အားထက်သန်စွာ ဆုတောင်းပြီးပြီဆိုရင် ယေဟောဝါ အကောင်းဆုံး ဖြေကြားပေးမယ်ဆိုတာ စိတ်ချရင်း လက်တော်ထဲ အပ်ထားနိုင်တယ်။ (ဆာ. ၃၇:၅။ ၂ ကော. ၁:၁၁) ဒါပေမဲ့ ဆုတောင်းတိုင်း ယေဟောဝါ အကုန်ဖြည့်ဆည်းပေးမယ်လို့တော့ မဆိုလိုဘူး။
၆။ တခြားသူတွေအတွက် ဆုတောင်းပေးတာက သူတို့အပေါ် ထားတဲ့ ကိုယ့်ခံစားချက်ကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ (၁ ပေတရု ၃:၈)
၆ ဆုတောင်းပေးတာက တခြားသူတွေကို “ချစ်ခင်စာနာ” တတ်လာစေတယ်။ (၁ ပေတရု ၃:၈ ကို ဖတ်ပါ။) စာနာတယ်ဆိုတာ တခြားသူတွေရဲ့ ဒုက္ခကို သတိထားမိပြီး ကူညီပေးချင်တဲ့ဆန္ဒ ရှိတာကို ဆိုလိုတယ်။ (မာ. ၁:၄၀၊ ၄၁) “တခြားသူတွေအတွက် ဆုတောင်းပေးတော့မှပဲ သူတို့ ဘယ်လောက် ခက်ခဲသလဲ ပိုနားလည်လာတယ်။ သူတို့ကို ပိုချစ်လာတယ်။ သူတို့ သတိထားမိမလားတော့ မသိပေမဲ့ သူတို့နဲ့ ပိုရင်းနှီးသွားသလိုပဲ” ဆိုပြီး အကြီးအကဲ ညီအစ်ကို မိုက်ကယ် ပြောတယ်။ အကျိုးကျေးဇူး နောက်တစ်ခုအကြောင်း အကြီးအကဲ ညီအစ်ကို ရစ်ချက် ဒီလိုပြောတယ်– “တစ်ယောက်ယောက်အတွက် ဆုတောင်းပေးတဲ့အခါ သူ့အတွက် တစ်ခုခု လုပ်ပေးချင်လာတတ်တယ်။ ကိုယ်ဆုတောင်းပေးသူကို လက်တွေ့ကျကျ ကူညီပေးတာဟာ သူ့အတွက် ကိုယ့်ဆုတောင်း ပြည့်ဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီလိုက်တာပဲ။”
၇။ တခြားသူတွေအတွက် ဆုတောင်းပေးတာက ကိုယ့်အခက်အခဲကိုပဲ အာရုံမစိုက်မိဖို့ ဘယ်လို ကူညီပေးသလဲ။ (ဖိလိပ္ပိ ၂:၃၊ ၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၇ တခြားသူတွေအတွက် ဆုတောင်းပေးတာက ကိုယ့်အခက်အခဲကိုပဲ အာရုံမစိုက်မိဖို့ ကူညီပေးတယ်။ (ဖိလိပ္ပိ ၂:၃၊ ၄ ကို ဖတ်ပါ။) တစ်လောကလုံး မာရ်နတ်ရဲ့ ဩဇာအောက်မှာ ရှိနေလို့ ယောက်တိုင်းမှာ အခက်အခဲကိုယ်စီ ရှိတယ်။ (၁ ယော. ၅:၁၉။ ဗျာ. ၁၂:၁၂) တခြားသူတွေအတွက် ဆုတောင်းပေးတဲ့အကျင့် ရှိတာက “ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးလည်း ဆင်းရဲဒုက္ခကို ထပ်တူ ခံစားနေရမှန်း” သတိရစေတယ်။ (၁ ပေ. ၅:၉) “တခြားသူတွေအတွက် ဆုတောင်းပေးတော့မှပဲ သူတို့မှာလည်း အခက်အခဲ ရှိပါလားဆိုတာ သတိရလာတယ်။ ဒီတော့ ကိုယ့်အခက်အခဲကိုပဲ အလွန်အမင်း အာရုံမစိုက်မိတော့ဘူး” လို့ ရှေ့ဆောင် ညီအစ်မ ကက်သရင်း ပြောတယ်။
တခြားသူတွေအတွက် ဆုတောင်းပေးတာက ကိုယ့်အခက်အခဲကိုပဲ အာရုံမစိုက်မိဖို့ ကူညီပေး (စာပိုဒ် ၇ ကို ကြည့်ပါ)d
ကျွန်တော်တို့ ဆုတောင်းပေးရမယ့်သူတွေ
၈။ ဘယ်သူတွေအတွက် ဆုတောင်းပေးနိုင်သလဲ။
၈ ဘယ်သူတွေအတွက် ဆုတောင်းပေးနိုင်သလဲ။ ကျောင်းမှာ ရွယ်တူချင်းတွေ လှောင်ပြောင်တာ၊ အမှားလုပ်ဖို့ သွေးဆောင်တာ ခံနေရတဲ့ လူငယ်တွေ၊ နေထိုင်မကောင်းသူတွေ၊ ဇရာထောင်းလာသူတွေ စသဖြင့် အုပ်စုလိုက်အတွက် ဆုတောင်းပေးနိုင်တယ်။ ညီအစ်ကို/မများစွာဟာ မိသားစုဝင်တွေ ဆန့်ကျင်တာ၊ အစိုးရအာဏာပိုင်တွေ ဖိနှိပ်တာ ခံကြရတယ်။ (မ. ၁၀:၁၈၊ ၃၆။ တ. ၁၂:၅) တချို့က နိုင်ငံရေး မငြိမ်သက်မှုကြောင့် နေရပ်စွန့်ခွာကြရတယ်။ တချို့ကျတော့ သဘာဝဘေးကြောင့် ဒုက္ခရောက်ကြတယ်။ အဲဒီညီအစ်ကို/မတွေကို ကျွန်တော်တို့ လူချင်း သိချင်မှ သိမယ်။ ဒါပေမဲ့ သူတို့အတွက် ဆုတောင်းပေးတာဟာ “အချင်းချင်း ချစ်ကြပါ” ဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာတာပဲ။—ယော. ၁၃:၃၄။
၉။ အဖွဲ့အစည်းကို ဦးဆောင်နေသူတွေနဲ့ သူတို့ရဲ့ ဇနီးတွေအတွက် ဘာကြောင့် ဆုတောင်းပေးသင့်သလဲ။
၉ အဖွဲ့အစည်းကို ဦးဆောင်နေသူတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ အဲဒီထဲမှာ အုပ်ချုပ်ရေးအဖွဲ့နဲ့ အကူတွေ၊ ဌာနခွဲကော်မတီဝင်တွေ၊ ဌာနခွဲရုံးက ဌာနကြီးကြပ်မှူးတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော်အကြီးအကဲတွေ၊ အသင်းတော်အမှုထမ်းတွေ ပါတယ်။ ညီအစ်ကိုများစွာဟာ သူ့စိုးရိမ်ပူပန်စရာနဲ့သူ ရှိတဲ့ကြားက ကျွန်တော်တို့အတွက် ကိုယ်ကျိုးမငဲ့ ပေးဆက်နေကြတာ။ (၂ ကော. ၁၂:၁၅) ဥပမာ၊ “အဝေးမှာ အမှုဆောင်နေရတော့ သက်ကြီးမိဘတွေအတွက် နောက်ဆံတင်းတယ်။ မိဘနှစ်ပါးစလုံး ကျန်းမာရေး ကောင်းကြတာ မဟုတ်ဘူး။ မိဘတွေကို အစ်မတို့လင်မယားကပဲ ပြုစုစောင့်ရှောက်ပေးနေကြတာ။ ကိုယ်တိုင်ကိုယ်ကျ မပြုစုနိုင်လို့ စိတ်မကောင်းဖြစ်မိတယ်” လို့ တိုက်နယ်ကြီးကြပ်မှူး မာ့ခ် ပြောတယ်။ အလုပ်ကြိုးစားတဲ့ ဒီညီအစ်ကိုတွေမှာ ဘယ်လို စိုးရိမ်ပူပန်စရာတွေ ရှိနေမှန်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတို့အတွက် သတိတရ ဆုတောင်းပေးသင့်တယ်။ (၁ သက်. ၅:၁၂၊ ၁၃) ညီအစ်ကိုတွေ တာဝန် ဆက်ထမ်းဆောင်နိုင်ဖို့ ထောက်မပေးနေတဲ့ ဇနီးတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။
၁၀-၁၁။ ညီအစ်ကို/မ အုပ်စုလိုက်အတွက် ဆုတောင်းပေးတာ ယေဟောဝါ နှစ်သက်သလား။ ရှင်းပြပါ။
၁၀ ဆွေးနွေးခဲ့တဲ့အတိုင်း ဘယ်သူဘယ်ဝါအတွက်ရယ်လို့ မဟုတ်ဘဲ ထောင်ကျနေသူတွေ၊ ချစ်ရသူ ဆုံးပါးသွားလို့ နှစ်သိမ့်မှု လိုအပ်နေသူတွေအတွက် ခြုံပြီး ဆုတောင်းပေးနိုင်တယ်။ “ဒုက္ခရောက်နေတဲ့ ညီအစ်ကို/မတွေ အများကြီးပဲ။ ဒါကြောင့် အားလုံးအတွက် ပါသွားအောင် ခြုံပြီး ဆုတောင်းပေးတယ်” လို့ အကြီးအကဲ ညီအစ်ကို ဒေါ်နယ်လ် ပြောတယ်။
၁၁ အဲဒီလိုဆုတောင်းချက်တွေကို ယေဟောဝါ နှစ်သက်သလား။ နှစ်သက်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ အဲဒီလိုဆုတောင်းပေးတာက “ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်” ကြောင်း ပြရာရောက်တယ်။ (၁ ပေ. ၂:၁၇) ဒါ့အပြင် ညီအစ်ကို/မ တစ်ယောက်ချင်းစီ ဘာလိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့ အမြဲ မသိနိုင်ဘူး။ ဒါကြောင့် အုပ်စုလိုက်အတွက် ဆုတောင်းပေးတာ သင့်တော်ပါတယ်။—ယော. ၁၇:၂၀။ ဧ. ၆:၁၈။
တစ်ယောက်ချင်းစီအတွက် ဆုတောင်းပေးပါ
၁၂။ မျက်စိရှင်ရှင် ထားမယ်ဆိုရင် ညီအစ်ကို/မတွေအတွက် သတ်သတ်မှတ်မှတ် ဘယ်လို ဆုတောင်းပေးနိုင်မလဲ။
၁၂ မျက်စိရှင်ရှင် ထားပါ။ ညီအစ်ကို/မ အုပ်စုလိုက်အတွက် ဆုတောင်းပေးတဲ့အပြင် တစ်ယောက်ချင်းစီအတွက်လည်း နာမည်တပ်ပြီး ဆုတောင်းပေးသင့်တယ်။ သင့်အသင်းတော်မှာ နာတာရှည်ရောဂါ ခံစားနေရသူ ရှိသလား။ ကျောင်းတွင်း သွေးဆောင်မှု များလွန်းလို့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ယောက် ရှိသလား။ “ယေဟောဝါ မိန့်မှာတဲ့အတိုင်း [သားသမီး] ကို ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်” နေတဲ့ ကြင်ဖော်မဲ့မိဘ ရှိသလား။ (ဧ. ၆:၄) အကင်းပါးမယ်ဆိုရင် တခြားသူတွေကို ပိုစာနာတတ်လာပြီး သူတို့အတွက် ဆုတောင်းပေးချင်လာမယ်။b—ရော. ၁၂:၁၅။
၁၃။ လူချင်း မသိသူတွေအတွက် ဘယ်လို ဆုတောင်းပေးနိုင်သလဲ။
၁၃ နာမည်တပ်ပြီး ဆုတောင်းပေးပါ။ လူချင်း မသိသူတွေအတွက်တောင် နာမည်တပ်ပြီး ဆုတောင်းပေးနိုင်တယ်။ ဥပမာ၊ ခရိုင်းမီးယား၊ အီရီထရီးယား၊ ရုရှား၊ စင်္ကာပူ စတဲ့ နိုင်ငံဒေသတွေမှာ ထောင်ကျနေတဲ့ ညီအစ်ကို/မတွေအကြောင်း စဉ်းစားကြည့်ပါ။ သူတို့ရဲ့ နာမည်ကို jw.org မှာ ရှာကြည့်နိုင်တယ်။c “ထောင်ကျနေတဲ့ ညီအစ်ကို/မတစ်ယောက်ရဲ့ နာမည်ကို ချရေးပြီး အသံထွက်ကြည့်တယ်။ ဒီတော့ သူ့နာမည်ကို မှတ်မှတ်ရရ ဖြစ်နေပြီး ဆုတောင်းတဲ့အခါ သူ့အတွက် ထည့်တောင်းဖြစ်သွားတယ်” လို့ တိုက်နယ်ကြီးကြပ်မှူး ဘရိုင်ယန် ပြောတယ်။
၁၄-၁၅။ ဘယ်လို သတ်သတ်မှတ်မှတ် ဆုတောင်းပေးနိုင်သလဲ။
၁၄ သတ်သတ်မှတ်မှတ် ဆုတောင်းပေးပါ။ “ထောင်ကျနေတဲ့ ညီအစ်ကိုတွေအကြောင်း jw.org မှာ ဖတ်တဲ့အခါ သူတို့နေရာမှာ ကိုယ်သာဆိုရင် ဘယ်လိုများ နေမလဲလို့ စဉ်းစားလိုက်တယ်။ မိန်းမအတွက် စိတ်ပူမှာပဲ။ သူ့ကို အဆင်ပြေပြေလေး ကျန်နေခဲ့စေချင်မှာပဲ။ အဲဒီလိုစဉ်းစားလိုက်တော့ ထောင်ကျနေတဲ့ အိမ်ထောင်သည် ညီအစ်ကိုတွေအတွက် သတ်သတ်မှတ်မှတ် ဘာဆုတောင်းပေးရမလဲဆိုတာ ခေါင်းထဲ ပေါ်လာတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို မိုက်ကယ် ပြောတယ်။—ဟီ. ၁၃:၃၊ အောက်ခြေမှတ်ချက်။
၁၅ ထောင်ထဲမှာ ညီအစ်ကိုတွေ တစ်နေ့တစ်နေ့ ဘယ်လို ဖြတ်သန်းကြရသလဲ စဉ်းစားကြည့်လိုက်တဲ့အခါလည်း သတ်သတ်မှတ်မှတ် ဆုတောင်းပေးနိုင်တဲ့အချက်တွေ တွေ့လာတယ်။ ဥပမာ၊ ညီအစ်ကိုတွေအပေါ် ထောင်စောင့်တွေ ကောင်းဖို့၊ လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့် အာဏာပိုင်တွေ ပေးဖို့ ဆုတောင်းနိုင်တယ်။ (၁ တိ. ၂:၁၊ ၂) ထောင်ကျနေတဲ့ သစ္စာရှိ ညီအစ်ကိုတွေရဲ့ စံနမူနာကြောင့် အသင်းတော်က ညီအစ်ကို/မတွေ အားရှိကြဖို့ ဆုတောင်းနိုင်တယ်။ ဒါမှမဟုတ် ထောင်ကျနေတဲ့ ညီအစ်ကိုတွေရဲ့ အမူအကျင့်ကောင်းကို မယုံကြည်သူတွေ သတိထားမိပြီး သတင်းကောင်း နားထောင်ချင်လာဖို့ ဆုတောင်းနိုင်တယ်။ (၁ ပေ. ၂:၁၂) တခြားအခက်အခဲ ကြုံနေရတဲ့ ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးတဲ့အခါလည်း ဒီနည်းတွေအတိုင်း လုပ်နိုင်ပါတယ်။ မျက်စိရှင်ရှင် ထားတာ၊ နာမည်တပ်ပြီး ဆုတောင်းပေးတာ၊ သတ်သတ်မှတ်မှတ် ဆုတောင်းပေးတာက ‘အချင်းချင်းကို ချစ်တဲ့မေတ္တာ တိုးပွားများပြား’ နေစေကြောင်း ပြတာပဲ။—၁ သက်. ၃:၁၂။
ကျိုးနွံမှု ရှိပါ
၁၆။ ဆုတောင်းတဲ့အခါ ဘယ်လိုနည်းနဲ့ ကျိုးနွံမှု ရှိနိုင်သလဲ။ (မဿဲ ၆:၈)
၁၆ သိခဲ့ရတဲ့အတိုင်း ကျွန်တော်တို့ ဆုတောင်းပေးလိုက်လို့ တစ်ယောက်ယောက်ရဲ့ အခြေအနေ ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကျိုးနွံမှု ရှိရမယ်။ ဆုတောင်းတယ်ဆိုတာ ယေဟောဝါ မသိသေးတဲ့ ကိစ္စတစ်ခုခုကို အသိပေးတာ မဟုတ်ဘူး။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုပြီး အကြံပေးတာလည်း မဟုတ်ဘူး။ မိမိကျေးကျွန်တွေ ဘာလိုအပ်သလဲ ယေဟောဝါ သိတယ်။ ကာယကံရှင်ဖြစ်ဖြစ်၊ ကျွန်တော်တို့ဖြစ်ဖြစ် မသိခင်ကတည်းက သိနေတာ။ (မဿဲ ၆:၈ ကို ဖတ်ပါ။) ဒါဆိုရင် တခြားသူတွေအတွက် ကျွန်တော်တို့ ဘာကြောင့် ဆုတောင်းပေးကြသလဲ။ ဆွေးနွေးခဲ့ပြီးတဲ့ အကြောင်းရင်းတွေအပြင် အကြောင်းရင်း နောက်တစ်ခု ရှိတယ်။ ဆုတောင်းပေးတာဟာ အချင်းချင်း ဂရုစိုက်ကြောင်း ပြတဲ့နည်း ဖြစ်လို့ပါပဲ။ ကျွန်တော်တို့ အချင်းချင်း ချစ်လို့ ဆုတောင်းပေးကြတယ်။ မိမိကို အတုယူပြီး ကျေးကျွန်တွေ မေတ္တာပြတာ မြင်တဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။
၁၇-၁၈။ ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးတာကို ဘာနဲ့ ဥပမာပေးနိုင်သလဲ။
၁၇ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေက အခြေအနေတစ်ခုကို ပြောင်းလဲသွားစေပုံ မပေါက်ရင်တောင် ညီအစ်ကို/မ တွေကို ချစ်ကြောင်း ပြရာရောက်တယ်။ ဒါကို ယေဟောဝါ သတိထားမိတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတဲ့ မိသားစုကို မြင်ယောင်ကြည့်ပါ။ သားဖြစ်သူ နေမကောင်း ဖြစ်နေတယ် ဆိုပါစို့။ “အစ်ကိုကြီးအတွက် တစ်ခုခု လုပ်ပေးပါဦး။ သူ တအားဖျားနေတာ” ဆိုပြီး ဖခင်ကို သမီးလေး ပြောတယ်။ သားဖြစ်သူကို ဖခင် ချစ်တယ်။ နေမကောင်းမှန်းလည်း သိတယ်။ နေပြန်ကောင်းအောင်လည်း ပြုစုပေးနေတယ်။ ဒါပေမဲ့ အစ်ကိုအတွက် သမီးလေး စိတ်ပူပြီး အခုလို လာတောင်းဆိုတဲ့အခါ ဖခင် ဘယ်လောက် ပီတိဖြစ်လိုက်မလဲ။
၁၈ အဲဒီလိုပဲ အချင်းချင်း ဂရုစိုက်ပေးဖို့၊ ဆုတောင်းပေးဖို့ ကျွန်တော်တို့ကို ယေဟောဝါ တိုက်တွန်းထားတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အတွက်ပဲ ကြည့်တဲ့သူ မဟုတ်ကြောင်း၊ ညီအစ်ကို/မတွေကို တကယ်ချစ်ကြောင်း ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေက ဖော်ပြနေတယ်။ ဒါကို ယေဟောဝါ မှတ်သားထားတယ်။ (၂ သက်. ၁:၃။ ဟီ. ၆:၁၀) ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေက တစ်ခါတလေမှာ အခြေအနေတစ်ခုကို ပြောင်းလဲသွားစေတာလည်း ဖြစ်နိုင်လို့ တခြားသူတွေအတွက် သတိတရ ဆုတောင်းပေးကြရအောင်။
သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း
a အမည်လွှဲများ။
b တာကေရှီ ရှီမီဇူ။ ယေဟောဝါဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဗီဒီယိုကို jw.org မှာ ကြည့်ပါ။
c ထောင်ကျနေတဲ့ ညီအစ်ကို/မတွေရဲ့ နာမည် သိချင်ရင် jw.org မှာ တင်ထားတဲ့ “ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေများ—ဒေသအလိုက်” မှာ ရှာကြည့်ပါ။
d ပုံအညွှန်း– ညီအစ်ကို/မတွေဟာ အခက်အခဲကိုယ်စီ ရှိကြပေမဲ့ အချင်းချင်းအတွက် ဆုတောင်းပေး။