အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
၂၁ ရာစုအစောပိုင်းနှစ်များသို့ ဝင်ရောက်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းရှိ “ညီအစ်ကိုများအသင်းအပင်း” ဖြစ်သော သင်တို့ထံစာရေးကာ သင်တို့၏ကြိုးစားလုပ်ဆောင်မှုအတွက် ချီးမွမ်းရ၍ အလွန်ဝမ်းသာပါသည်။ (၁ ပေ. ၂:၁၇၊ ကဘ) လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ နီးပါးက ယေရှု ဤသို့မေးခဲ့သည်– “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော။” (လု. ၁၈:၈) လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း သင်တို့၏ဇွဲရှိရှိလုပ်ဆောင်မှုက ယေရှု၏မေးခွန်းကို ရှိပါသည်ဟူ၍ ပဲ့တင်ထပ်လျက်ဖြေဆိုပေးသည်! သင်တို့ထဲမှအချို့သည် သင်တို့၏ယုံကြည်ခြင်းကြောင့် အထင်သေးခြင်းနှင့် ပြက်ရယ်ပြုခြင်းကို ခံခဲ့ကြရသည်။ ဒေသများစွာတွင် သင်တို့သည် စစ်ပွဲများ၊ ဘေးဒဏ်များ၊ ရောဂါ သို့မဟုတ် ငတ်ပြတ်မှုကို ရင်ဆိုင်ရသည့်ကြားမှ ကြံ့ကြံ့ခံ ရပ်တည်ကြသည်။ (လု. ၂၁:၁၀-၁၁) သင်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုများကြောင့် ယေရှုသည် “ယုံကြည်ခြင်းကို မြေကြီးပေါ်တွင်တွေ့” နိုင်ဆဲဖြစ်သည်။ ယင်းကြောင့် ကောင်းကင်တွင် ဝမ်းသာနေကြမည်မှာ သေချာသည်!
ခံနိုင်ရည်ရှိဖို့ဟူသည် မလွယ်ကူကြောင်း ကျွန်ုပ်တို့သိကြသည်။ အာရှအနောက်ပိုင်း နိုင်ငံတစ်နိုင်ငံရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများခံရသည့် စုံစမ်းမှုများကို သုံးသပ်ကြည့်ပါ။ ထိုနိုင်ငံတွင် ယေဟောဝါသက်သေများအား အကြမ်းဖက်ခြင်းသည် သာမန်အရာမျှဖြစ်၏။ မကြာသေးမီက လူ ၇၀၀ ခန့် အေးဆေးငြိမ်သက်စွာကျင်းပနေသော အစည်းအဝေးတစ်ခုကို ရဲကဖြိုခွဲခဲ့သည်။ လမ်းပိတ်ဆို့မှုများက အခြားလူ ၁,၃၀၀ ကို စည်းဝေးမတက်ရောက်နိုင်ရန် တားဆီးခဲ့သည်။ ရဲအချို့ပါသည့် မျက်နှာဖုံးစွပ်ထားသောလူအုပ်တစ်အုပ်သည် အစည်းအဝေးကျင်းပနေသည့်နေရာကိုဝင်စီးပြီး ကိုယ်စားလှယ်များစွာကို ရိုက်နှက်ကာ အစည်းအဝေးအတွက်အသုံးပြုမည့် အဆောက်အအုံကိုမီးရှို့ခဲ့ကြသည်။ အခြားအခါသမယများတွင် ဘာသာရေးအစွန်းရောက်ဝါဒီများသည် ကျွန်ုပ်တို့၏ညီအစ်ကိုများကို သံမှိုတပ်ထားသည့်တုတ်များဖြင့် ရက်စက်စွာရိုက်နှက်ခဲ့ကြသည်။
ထိုသို့သောတိုက်ခိုက်မှုများသည် တုန်လှုပ်ဖွယ်ဖြစ်သော်လည်း အံ့ဩစရာမဟုတ်ပေ။ တမန်တော်ပေါလုသည် ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရ၏– “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။” (၂ တိ. ၃:၁၂) ပထမရာစုရှိခရစ်ယာန်တို့သည် နှုတ်နှင့်ကာယပိုင်းနှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ခဲ့ကြကာ အချို့ဆိုလျှင် အသတ်ပင်ခံခဲ့ကြရသည်။ (တ. ၅:၄၀; ၁၂:၂; ၁၆:၂၂-၂၄; ၁၉:၉) ၂၀ ရာစုတွင် အလားတူဖြစ်ပျက်ခဲ့ကာ ၂၁ ရာစုတွင်လည်း ထိုသို့ဆက်ဖြစ်မည်မှာ ယုံမှားဖွယ်မရှိချေ။ သို့တိုင် ယေဟောဝါက ကျွန်ုပ်တို့အား “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” ဟုမိန့်တော်မူသည်။ (ဟေရှာ. ၅၄:၁၇) အားရှိစရာအာမခံချက်ပါတကား! အမှန်မှာ ကျွန်ုပ်တို့သည် ယေဟောဝါအတွက် အလွန်အဖိုးထိုက်သူများဖြစ်ရာ မိမိ၏ပရောဖက်ဇာခရိမှတစ်ဆင့် ကိုယ်တော်က “သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏” ဟုမိန့်တော်မူခဲ့သည်။ (ဇာ. ၂:၈) ယေဟောဝါအားဝတ်ပြုသူများ၏ရန်သူတို့သည် နောက်ဆုံးအောင်နိုင်ရန် အခွင့်အလမ်းမရှိပေ။ စင်ကြယ်သောဝတ်ပြုရေးသည် အောင်နိုင်မည်ဖြစ်သည်!
ဥပမာအနေနှင့် အစောပိုင်းကဖော်ပြခဲ့သည့်နိုင်ငံ၌ ယေဟောဝါသက်သေများသည် ၂၀၀၁ ခုနှစ်လုပ်ငန်းတော်နှစ်အတွင်း ကြေညာသူအရေအတွက်အများဆုံးနှုန်းသစ်နှစ်ခု ရရှိခဲ့သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် နေရာအနှံ့တွင်လုပ်ဆောင်သကဲ့သို့ ထိုနေရာတွင်လည်း ဆင်းရဲဒုက္ခကြားမှ စွဲစွဲမြဲမြဲလုပ်ဆောင်ကြသည်။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါထံ ဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်အဖြစ် ပတ်စဉ် ၅,၀၆၆ ယောက်နှစ်ခြင်းခံခဲ့ကြသည်။ ယခု ဤလူသစ်များသည် ကျွန်ုပ်တို့နှင့်အတူ “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်” ရန်သန္နိဋ္ဌာန်ချထားသည်။—ကော. ၄:၁၂၊ ကဘ။
ဂရိနိုင်ငံ၌ မကြာသေးမီကတိုးတက်လာမှုများကိုလည်း သုံးသပ်ကြည့်ပါ။ ဂရိသြသဒေါက်စ်ချာ့ချ်က နှစ်ပေါင်းများစွာ အပြင်းအထန်ဆန့်ကျင်ခဲ့သည့်ကြားမှ ယခု ယေဟောဝါသက်သေများအား “လူသိများသောဘာသာ” တစ်ခုအဖြစ် အစိုးရကအသိအမှတ်ပြုခဲ့သည်။ ဤအသိအမှတ်ပြုကြောင်းပေးအပ်သည့် စာရွက်စာတမ်းက ဂရိဗေသလအဆောက်အအုံသည် “ဘုရားသခင်၏ဝတ်ပြုရေးအတွက် ဆက်ကပ်အပ်နှံထားသော အထွတ်အမြတ်နေရာတစ်ခု” ဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြသည်။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်းက ကနေဒါ၊ ဂျပန်၊ ဂျာမနီ၊ ဘူလ်ဂေးရီးယား၊ ယူနိုက်တက်စတိတ်၊ ရုရှားနှင့် ရိုမေးနီးယားတို့တွင် ကျွန်ုပ်တို့၏ဝတ်ပြုရေးအပေါ် အကျိုးသက်ရောက်သည့် အနိုင်ရသောတရားစီရင်ချက်များချခဲ့ကြောင်း သင်တို့ကိုပြောပြရ၍လည်း ကျွန်ုပ်တို့ဝမ်းသာပါသည်။ ထိုနိုင်ငံများတွင် ဆောင်ရွက်စရာလုပ်ငန်းတံခါး ဆက်ပွင့်နေသည့်အတွက် ယေဟောဝါအား ကျွန်ုပ်တို့မည်မျှကျေးဇူးတင်ကြသည်တကား!
ဤနောက်ဆုံးကာလတွင် မိမိ၏လူမျိုးတော်ကို ယေဟောဝါထောက်မကူညီပေးသည့်နည်းများကို သုံးသပ်စဉ် ကိုယ်တော်သည် ကျွန်ုပ်တို့ရနိုင်ခဲ့သမျှမိတ်ဆွေများတွင် အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်း သိမြင်ကြရသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ချစ်မြတ်နိုး၍ သွန်သင်၊ ဆုံးမပဲ့ပြင်ပေးတော်မူကြောင်းကို သိရှိထားကာ ကိုယ်တော်နှင့် ကောင်းသောဆက်ဆံရေး၌ ကျွန်ုပ်တို့ပျော်မွေ့ကြသည်။ မှန်ပါသည်၊ ယုံကြည်ခြင်းစမ်းသပ်မှုများကို ကျွန်ုပ်တို့ ဆက်၍ကြုံနေရမည်ဖြစ်သည်။ သို့သော် ယေဟောဝါအပေါ် မယိမ်းယိုင်သောယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုထောက်မပေးမည်ဖြစ်သည်။ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်း [“ခံနိုင်ရည်၊” ကဘ] ကိုပွားစေတတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။” (ယာ. ၁:၂၊ ၃) ထို့အပြင် ကျွန်ုပ်တို့၏ခံနိုင်ရည်က ယေဟောဝါအပေါ် ကျွန်ုပ်တို့ချစ်သည့်မေတ္တာကို ဖော်ပြကာ ယင်းက ကျွန်ုပ်တို့အား များစွာရွှင်လန်းစေ၏! ချစ်လှစွာသောညီအစ်ကိုတို့၊ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီကို ထောက်မကူညီမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါလေ။ ကျွန်ုပ်တို့သစ္စာရှိနေလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ကမ္ဘာသစ်ထဲသို့ဝင်ရောက်ရန် မပျက်မကွက်ကူညီတော်မူမည်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အောင်မြင်စေလို၏။
ထို့ကြောင့် အသင် ညီအစ်ကိုညီအစ်မနှင့် လူကြီးလူငယ်တို့၊ ရှေ့တွင်ရှိနေသည့် အံ့ချီးဖွယ်ကောင်းချီးများကို စိတ်ထဲစွဲမှတ်ထားကြရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။ ကျွန်ုပ်တို့၏သဘောထားသည် ဤသို့ရေးသားခဲ့သည့် တမန်တော်ပေါလုကဲ့သို့ဖြစ်ပါလေစေ– “ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။” (ရော. ၈:၁၈) မည်သည့်ဆင်းရဲဒုက္ခမျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ ယေဟောဝါအား မှီခိုအားထားပါ။ ခံနိုင်ရည်ရှိပါ၊ လက်မြှောက်အရှုံးမပေးပါနှင့်။ ယင်းကြောင့် သင်သည် ဘယ်သော၊ ဘယ်သောအခါမျှ ဝမ်းနည်းရမည်မဟုတ်ပေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့ကို ဤသို့အာမခံထားသည်– “ဖြောင့်မတ်သောသူမူကား မိမိယုံကြည်ခြင်း [“သစ္စာရှိမှု၊” ကဘ] အားဖြင့် အသက်ရှင်လိမ့်မည်။”—ဟဗ. ၂:၄။
သင်တို့၏ညီအစ်ကိုများ၊
ယေဟောဝါသက်သေတို့၏အုပ်ချုပ်ရေးအဖွဲ့