အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
ချစ်လှစွာသောညီအစ်ကိုညီအစ်မများ–
“သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။” (၁ ကော. ၁:၃) သက်ရှိအပေါင်းတို့က ယေဟောဝါရထိုက်သည့်ဘုန်းတော် ထင်ရှားစေမည့်အချိန်ကို ကျွန်ုပ်တို့ အမှန်ပင် တောင့်တကြသည်တကား! (ဆာ. ၁၅၀:၆) ထိုနေ့ထူးနေ့မြတ်ကို စောင့်မျှော်နေစဉ် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း ကြွေးကြော်ခြင်းနှင့် တပည့်ဖြစ်စေခြင်းတို့ကို ကျွန်ုပ်တို့ ဆက်၍လုပ်ဆောင်နေကြသည်။
မြေကြီးပေါ်ရှိ ယေဟောဝါ၏လုပ်ငန်းများအနက် လက်ရှိအာရုံစူးစိုက်ရာမှာ ဧဝံဂေလိဓမ္မအမှုဖြစ်သည်။ (မာ. ၁၃:၁၀) ဤလုပ်ငန်းကို ယေဟောဝါစိတ်ဝင်စားကြောင်း ကျွန်ုပ်တို့ကောင်းစွာသိရှိကြသောကြောင့် လူတစ်ဦးစီတွင် ရွေးနုတ်ဖိုးအစီအစဉ်မှ အကျိုးခံစားခွင့်ရှိကြောင်း သဘောပေါက်ကာ ယင်းကို ဆုတောင်းလုပ်ဆောင်ကြသည်။ (ဗျာ. ၁၄:၆၊ ၇၊ ၁၄၊ ၁၅) မှန်ပါသည်၊ ခက်ခဲသည့်အခြေအနေများကို ကျွန်ုပ်တို့ရင်ဆိုင်ကြရသော်လည်း ဤဓမ္မအမှုကို ပြီးမြောက်စေရန် ‘ကောင်းကင်ကတန်ခိုးကိုခံ’ ရခြင်းသည် မည်မျှကျေးဇူးတင်စရာပါတကား!—လု. ၂၄:၄၉။
လွန်ခဲ့သောလုပ်ငန်းတော်နှစ်ကို ပြန်လည်သုံးသပ်ကာ မိမိ၏သစ္စာရှိ ကျေးကျွန်များအားဖြင့် ယေဟောဝါပြီးမြောက်စေခဲ့ရာများကို စေ့စေ့ဆင်ခြင်သုံးသပ်ရခြင်းသည် အားရစရာကောင်း၏။ သန့်ရှင်းသောဝိညာဉ်တော်ခံစားရသည့် ဘုရားသခင့်လူမျိုးတော်သည် ကမ္ဘာတစ်ခွင်မုန်းတီးမှုကို ကျော်လွှားကာ ခရစ်တော်နည်းတူ မေတ္တာပြသခဲ့ကြပြီ။ ကျွန်ုပ်တို့၏စည်းဝေးကြီးများတွင် ထိုမေတ္တာထင်ရှားခဲ့သည်။ ၂၀၀၃၊ ဇွန်လမှ ဒီဇင်ဘာလအထိ နိုင်ငံတစ်ရာကျော်မှ ကိုယ်စားလှယ်များသည် တိုက်ကြီးခြောက်ခုတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး ၃၂ ခုသို့ ခရီးဆန့်ခဲ့ကြသည်။ တိုင်းတစ်ပါးတွင်အမှုဆောင်သည့် သာသနာပြုများ၊ အပြည်ပြည်ဆိုင်ရာအမှုထမ်းများနှင့် ဗေသလအိမ်သားများကို ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများတွင် လူတွေ့မေးမြန်းခဲ့သည်။
ဤစည်းဝေးကြီးများတွင် “ကောင်းမွန်သောပြည်ကို ကြည့်လော့” နှင့် “ကြီးမြတ်သောဆရာထံမှ သင်ယူလော့” စာအုပ်များကို ကျွန်ုပ်တို့ရရှိခဲ့ကြသည်။ ထို့အပြင် ၂၀၀၄ လုပ်ငန်းတော်နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုရန် ပြန်လည်တည်းဖြတ်ထားသည့် ရှေ့ဆောင်လုပ်ငန်းတော် ကျောင်းသုံးစာအုပ်ကို စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ကျောင်းတက်ရောက်ဖူးသော သက်တမ်းကြာရှေ့ဆောင်များသည် သင်တန်းများတွင် ရှေ့ဆောင်သစ်များနှင့်အတူ အဆင့်ဆင့် တက်ရောက်ကြမည်ဖြစ်သည်။
ဘုရားသခင်၏ထောက်မမှုနှင့် လူတို့၏ရက်ရောမှုက အထူးသဖြင့် ငွေကြေးခက်ခဲသည့်တိုင်းပြည်များတွင် နောက်ထပ်နိုင်ငံတော်ခန်းမများစွာ ဆောက်လုပ်နိုင်စေခဲ့ပြီ။ ကမ္ဘာတစ်ဝန်းတွင် ဝိညာဉ်အစာ ပိုမိုလိုအပ်လာနေသောကြောင့် ဌာနခွဲတိုးချဲ့မှုစီမံကိန်းများသည် နိုင်ငံများစွာတွင် လုပ်ဆောင်နေရဆဲဖြစ်၏။ ကမ္ဘာသားဘဝထာဝရစံစားကြ!ဘရိုရှာကို ယခု ၂၉၉ ဘာသာဖြင့်ရရှိနိုင်ကာ စုစုပေါင်းစောင်ရေ ၁၃၉ သန်းပုံနှိပ်ခဲ့ပြီဖြစ်သည်; ထာဝရအသက်ရစေသော အသိပညာသည် ၁၆၁ ဘာသာဖြင့် စောင်ရေ ၉၃ သန်းကျော်သွားပြီဖြစ်၏; ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာစောင်ရေ သန်း ၂၀၀ ကျော်ကို ၂၆၇ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီဖြစ်သည်။
လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဆက်ကပ်အပ်နှံခဲ့သူ ၂၅၈,၈၄၅ ဦးကို ကျွန်ုပ်တို့ လှိုက်လှဲစွာကြိုဆိုပါသည်! သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို ထောက်ခံခြင်းကြောင့် စာတန့်မုန်းတီးမှု၏ အထူးပစ်မှတ်များဖြစ်ကြရသော်လည်း ယင်းက သင်တို့ရှေ့တွင်ရှိသည့် ပြေးပွဲတွင်ပြေးနေစဉ် ယေဟောဝါ၏ကောင်းချီးနှင့် ဝိညာဉ်ရေးကာကွယ်မှုကို အထူးရရှိသူများလည်း ဖြစ်စေခဲ့ပြီ။ (ဟေဗြဲ ၁၂:၁၊ ၂; ဗျာ. ၁၂:၁၇) မှန်ပါသည်၊ “သင့်ကိုစောင့်သောသူသည် အိပ်တော်မမူ” ကြောင်းစိတ်ချပါ။—ဆာ. ၁၂၁:၃။
“စောင့်နေကြလော့၊ ... ကိုယ်တိုင် အသင့်ရှိနေကြလော့” ဟူသော ၂၀၀၄ နှစ်ချုပ်ကျမ်းချက်သည် အခန့်သင့်ဆုံးဖြစ်၏။ (မ. ၂၄:၄၂၊ ၄၄၊ သမ) ခရစ်ယာန်များအား ဤအသက်ငင်နေသောအစီအစဉ်စနစ်တွင် ယာယီနေထိုင်သူများအဖြစ် ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ဖော်ပြထားသည်။ (၁ ပေ. ၂:၁၁; ၄:၇) ထို့ကြောင့် ကျွန်ုပ်တို့သည် အာရုံစူးစိုက်နေရန်၊ အသက်တာကို ရိုးရှင်းစေရန်နှင့် ကျွန်ုပ်တို့၏နှလုံးကို သေသေချာချာဆန်းစစ်ကြရန် လိုအပ်သည်။ “နဂါးကြီး” သည် ကျွန်ုပ်တို့ကို သူ၏အစီအစဉ်စနစ်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ဝါးမျိုလိုသည်။—ဗျာ. ၁၂:၉။
ကျွန်ုပ်တို့၏ နိုးနိုးကြားကြားရှိမှုကို ထိန်းသိမ်းထားရန် လိုအပ်သည့်အရာမှာ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းဖြစ်၏။ ယင်းက ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းနှင့်စပ်လျဉ်း၍ “ဟုတ်သည်ကိုအဟုတ်” ဖြစ်စေရန်နှင့် “အစကကဲ့သို့ အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိ” စေရန် ကူညီပေးနိုင်သည်။ (ယာ. ၅:၁၂; ဟေဗြဲ ၃:၁၄၊ ခေတ်သုံး) နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းက လောကသည် ဘုရားသခင်၏မပြောင်းလဲနိုင်သောစံနှုန်းများနှင့် မည်မျှသွေဖည်နေကြောင်းကို သတိရရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်။ (မာလ. ၃:၆; ၂ တိ. ၃:၁၊ ၁၃) ကျမ်းစာအသိပညာက “ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကား” ကိုရှောင်ရန်နှင့် ယေဟောဝါအား ဆက်လက်သစ္စာရှိနေရန် ကူညီပေးနိုင်သည်။—၂ ပေ. ၁:၁၆; ၃:၁၁။
မိဘတို့၊ ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သင်တို့၏သားသမီးများကို မွေးမြူကြစဉ် ဝိညာဏပန်းတိုင်များထားရန်နှင့် “သတိနှင့်စောင့်နေကြ” ရန် သူတို့ကို ကူညီပေးနေသလော။ (ဧ. ၆:၄၊ ကဘ) မြေကြီးပေါ် အသက်ရှင်ခဲ့သမျှတွင် ပညာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သူ ရှုမြင်ခဲ့သကဲ့သို့ မိမိတို့၏အနာဂတ်ကို ရှုမြင်ရန် သူတို့ကို လေ့ကျင့်ပေးနေသလော။ ယေရှုသည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလက်သမား၊ တီထွင်သူ သို့မဟုတ် သမားတော်တစ်ဦးဖြစ်နိုင်ခဲ့သော်လည်း ယင်းအစား အချိန်ပြည့်ဓမ္မအမှုကို ထမ်းဆောင်ခဲ့သည်။ ကိုယ်တော်၏ပုံသက်သေက မိမိတို့၏သားသမီးများအား အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားကြရန်ကူညီပေးဖို့ သင်တို့အား လှုံ့ဆော်ပေးနိုင်ပါစေ။
အုပ်ချုပ်ရေးအဖွဲ့အားဖြင့် ကိုယ်စားပြုသည့် သစ္စာရှိကျေးကျွန်အတန်းအစားက “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံးအနှံ့ဟောရ” သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် ကျွန်ုပ်တို့ကိုကူညီပေးသည့်အတွက် “လူအုပ်ကြီး” အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။ (ဗျာ. ၇:၉; မ. ၂၄:၁၄၊ ၄၅၊ ကဘ) အသင်ချစ်လှစွာသောသူများသည် “သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း” ကိုယ်တော်သတိရကြောင်း ယေဟောဝါ၏အာမခံချက်ကို ရရှိထားသည်။ (ဟေဗြဲ ၆:၁၀) နောက်စာမျက်နှာများတွင် စိတ်လှုပ်ရှားဖွယ် တွေ့ကြုံမှုများကိုဖတ်ရှုကာ သင်တို့၏တက်ညီလက်ညီ ကြိုးစားမှုရလဒ်များကို ဂရုပြုမှတ်သားရင်း သင်တို့သည် ဤကမ္ဘာချီသက်သေခံခြင်းတွင် အရေးပါသောအပိုင်းမှ ပါဝင်ခဲ့ကြောင်း သိရှိပါ။
သင်တို့သည် ဆက်လက်၍ “နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ” ကာ သင်တို့ထံမှ ယင်းကို လုယူသွားရန် မည်သည့်လူသား သို့မဟုတ် နတ်ဆိုးကိုမျှ ခွင့်မပြုဘဲနေစဉ် အနာဂတ်ကို ရဲစွမ်းသတ္တိဖြင့် ရင်ဆိုင်နိုင်ပါစေ။ (ဟေဗြဲ ၁၁:၂၆; ကော. ၂:၁၈) မှန်ပါသည်၊ ကိုယ်တော်သည် မိမိအား ချစ်မြတ်နိုးသူအားလုံးကို ပြည့်ဝစုံလင်သောအသက်တာရရှိရန် ကူညီပေးမည်ဟု ယုံကြည်စိတ်ချလျက် ယေဟောဝါကို ယုံကြည်အားကိုးပါ။—ယော. ၆:၄၈-၅၄။
ယေဟောဝါ၏ဘုန်းတော်ကို ချီးမွမ်းရန် သင်တို့နှင့်အတူ အမှုတော်ဆောင်ရခြင်းကို ကျွန်ုပ်တို့ပျော်ရွှင်ကြောင်း စိတ်ချပါ။
သင်တို့၏ညီအစ်ကိုများ၊
Governing Body of Jehovah’s Witnesses