အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ
ချစ်လှစွာသော ယေဟောဝါသက်သေချင်းများ–
ချစ်လှစွာသော ညီအစ်ကိုများထံ စာရေးခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်လှပါသည်။ ယုံကြည်သူချင်းများကို “ချစ်မြတ်နိုး” ကြောင်းပြောဆိုခဲ့ကာ “အမှန်တရားတွင်” သူတို့ “လျှောက်လှမ်းနေကြ” သောကြောင့် အားရရွှင်လန်းခဲ့သော တမန်တော်ယောဟန်နည်းတူ ကျွန်ုပ်တို့လည်း ခံစားရပါသည်။ (၂ ယော. ၁၊ ၄) အမှန်တရားကို ကျွန်ုပ်တို့အားလုံး သိရှိထားခြင်းသည် ကောင်းချီးတစ်ရပ်ပင်။ အမှန်တရားသည် ဘုရားသခင်ကို ရှုတ်ချဂုဏ်ပျက်စေသည့် မဟာဗာဗုလုန်၊ ယင်း၏အယူဝါဒများနှင့် ဓလေ့ထုံးစံများမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေခဲ့ပြီ။ အမှန်တရားအတိုင်း လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့အား မေတ္တာတရား၊ အကြင်နာတရား၊ ကရုဏာတရားရှိသောသူများ ဖြစ်လာစေပြီ။ အမှန်တရားသည် ဘုရားသခင့်ရှေ့တော်တွင် သန့်ရှင်းသောအနေအထားနှင့် ထာဝရအသက်မျှော်လင့်ချက် ရရှိစေရန်လည်း လမ်းဖွင့်ပေးခဲ့ပေပြီ။
ကျွန်ုပ်တို့ကို နေ့စဉ် ဦးဆောင်လမ်းပြပြီး ခွန်အားရှိစေသည့် ယေဟောဝါ၏စွမ်းအားတော်အတွက်လည်း အလွန်ကျေးဇူးတင်စရာပင်။ မကြာသေးမီက ကျင်းပခဲ့သော “ဘုရားသခင့်စွမ်းအားတော် ဦးဆောင်လမ်းပြမှု” ခရိုင်စည်းဝေးကြီးများတွင် ယေဟောဝါထံမှ မေတ္တာပါသော ဤပြင်ဆင်ပေးမှု၏ အသွင်အပြင်အမျိုးမျိုးကို ဆန်းစစ်ရာတွင် သင်တို့ ပျော်မွေ့ခဲ့ကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်စိတ်ချပါသည်။ ကမ္ဘာ့အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ရှေ့ဆက်ကြုံတွေ့ရမည့် ဆင်းရဲခက်ခဲမှုကာလတစ်လျှောက် လမ်းညွှန်မှုရရန် ယေဟောဝါ၏တန်ခိုးပါသောစွမ်းအားတော်ကို မဖြစ်မနေ မှီခိုအားထားဖို့လိုသည်။
ယုံကြည်ခြင်းကြောင့် ဆင်းရဲဒုက္ခများစွာကို ခံရပ်ခဲ့ကြသော ကျွန်ုပ်တို့ ညီအစ်ကိုများ၏ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းများ ဖော်ပြထားသည့် နှစ်ချုပ်စာအုပ်ကို ဖတ်ရှုစဉ် သင်တို့ စိတ်ထိမိခဲ့ကြမည်ဟု ကျွန်ုပ်တို့ ယုံကြည်စိတ်ချပါသည်။ အဆိုပါသစ္စာရှိသူ အတော်များများသည် အခက်အခဲများ ပေါ်ပေါက်ချိန်တွင် နှစ်ခြင်းခံပြီးသည်မှာ မကြာသေးသူများ သို့မဟုတ် နှစ်ခြင်းပင်မခံရသေးသူများဖြစ်ကြောင်း သိရှိရခြင်းသည် အံ့ဩစရာကောင်း၏။ သူတို့၏သစ္စာစောင့်သိမှုနှင့် ဖြောင့်မတ်ခြင်းဘက်ရပ်တည်မှုတို့ကြောင့် သူတို့ကို ကျွန်ုပ်တို့ အလွန်ချစ်မြတ်နိုးပါသည်။ မှန်ပါသည်၊ သူတို့၏စံနမူနာကောင်းက မည်သည့်ဆင်းရဲခက်ခဲမှုကိုမဆို ကျွန်ုပ်တို့ ကြုံရပါစေ နိုင်ငံတော်အပေါ် ဆက်သစ္စာစောင့်သိမည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေ၏။—၁ သက်. ၁:၆-၈။
ချစ်လှစွာသော ညီအစ်ကိုများနှင့် ညီအစ်မများ၊ သင်တို့သည် မိသားစုမေတ္တာနှောင်ကြိုးခိုင်မြဲနေစေရန် စီးပွားရေးပြဿနာနှင့် အခြားသောဘဝပြဿနာပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနေရကြောင်း ကျွန်ုပ်တို့ သိရှိကြပါသည်။ အချို့သည် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းနှင့် အခြားသောအသင်းတော်လုပ်ဆောင်မှုများကို မှန်မှန်နှင့် သစ္စာရှိရှိ ထောက်မရန်ပင် အခက်တွေ့နေကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ အကြိမ်ကြိမ် ဆုတောင်းဆွေးနွေးသုံးသပ်ပြီးနောက် ၂၀၀၉၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ အသင်းတော်အစည်းအဝေးများကို အနည်းငယ်ပြုပြင်ပြောင်းလဲလိုက်ပါသည်။ ကိုယ်ပိုင်လေ့လာမှုနှင့် မိသားစုလေ့လာမှုတို့တွင် အချိန်ပိုရနိုင်ရန် ဤပြုပြင်ပြောင်းလဲမှုမှ သင်တို့ အကျိုးရယူကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ဤနှစ် စည်းဝေးပွဲများနှင့် စည်းဝေးကြီး အသီးသီးတို့တွင် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီခဲ့ကြသူများစွာကို တွေ့ မြင်ရခြင်းသည် အမှန်တကယ် ဝမ်းမြောက်စရာပင်။ ထိုသူတို့အထဲတွင် လူငယ်လေးများလည်း ပါဝင်သည်။ အမှန်တရားကို လေးမြတ်ရန် သားသမီးများကို ပြုစုပျိုးထောင်ပေးမှုနှင့် ငယ်ရွယ်စဉ်အခါ ယေဟောဝါထံ ဆက်ကပ်အပ်နှံ၍ အမှုတော်ထမ်းဆောင်ရန် သူတို့ကို အားပေးမှုအတွက် အသင်မိဘများအား ချီးမွမ်းပါသည်။ ချစ်လှစွာသော အဆိုပါလူငယ်များသည် ကျောင်း၌ စိန်ခေါ်ချက်အမျိုးမျိုးကို ရင်ဆိုင်ရသော်လည်း နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီခြင်းက အိမ်တွင်းလေ့ကျင့်မှုကောင်းကို သူတို့ရယူခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။—ဆာ. ၁၂၈:၁-၆။
ကျမ်းစာသင်အံမှုလုပ်ငန်းတွင် ချီးကျူးစရာကောင်းလောက်အောင် တိုးတက်နေသည်ကိုလည်း လျစ်လျူမရှုသင့်ပေ။ ဤတိုးတက်မှုတွင် သာသနာပြုများနှင့် အထူးရှေ့ဆောင်များ၏ ကြိုးစားလုပ်ဆောင်မှု များစွာပါဝင်ခဲ့သည်။ စိတ်နှလုံးရိုးဖြောင့်သူများကို “လာလော့” ဟုဆိုကာ ရေငတ်နေသူအားလုံး “အသက်ရေကို အခမဲ့” သောက်သုံးရန် ဖိတ်ခေါ်မှုတွင် ကမ္ဘာချီညီအစ်ကို၊ ညီအစ်မများ၏ အရေးပါသောအခန်းကဏ္ဍကို အုပ်ချုပ်ရေးအဖွဲ့ရှိ ကျွန်ုပ်တို့အားလုံး အလွန်တန်ဖိုးထားကြ၏။ (ဗျာ. ၂၂:၁၇) ယမန်နှစ်က မိမိတို့၏ဆက်ကပ်အပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့် တင်ပြခဲ့ကြသူ ၂၈၉,၆၇၈ ဦးကို ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါသည်။
“လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏” ဟူ၍ရေးသားခဲ့သော တမန်တော်ယောဟန်၏ အဆိုပါစကားများကို အမြဲအမှတ်ရနေလျှင် ကောင်းသည်။ (၁ ယော. ၂:၁၇) ဤလောက “ရွေ့သွားကွယ်ပျောက်” တော့မည့်အချိန် အလွန်နီးကပ်နေသည့်ကာလတွင် ကျွန်ုပ်တို့ အသက်ရှင်လျက်ရှိသည်ကို စဉ်းစားကြည့်ပါလေ။ ကျွန်ုပ်တို့အသက်တာတွင် “ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်” ခြင်းနှင့် “စောင့်နေ” ခြင်းတို့ကို ဦးစားထားလျှင် ပညာရှိရာရောက်၏။ (မ. ၂၄:၄၂) ထိုသို့ပြုမည်ဆိုလျှင် ဘယ်တော့မျှ ဝမ်းနည်းကြေကွဲရလိမ့်မည်မဟုတ်။ သို့အစား၊ ယေဟောဝါ၏မေတ္တာကရုဏာတော်ဆိုင်ရာ အကျိုးကျေးဇူးများကို ခံစားရပါလိမ့်မည်။—ဟေရှာ. ၆၃:၇။
ဤနှစ်ချုပ်စာအုပ်တွင်ပါသော နိုင်ငံများစွာမှ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းများက သင်တို့အားလုံး၏အသက်တာတွင် နိုင်ငံတော်အကျိုးစီးပွားကို ဦးစားထားရန် အားပေးမှုဖြစ်စေမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ကျွန်ုပ်တို့၏အတွေးနှင့် ဆုတောင်းချက်များတွင် သင်တို့အမြဲရှိနေကြောင်းနှင့် သင်တို့ကို ကျွန်ုပ်တို့ အလွန်ချစ်မြတ်နိုးကြောင်း ယုံကြည်စိတ်ချစေလိုပါသည်။ သင်တို့အပေါ် ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးသွန်းလောင်းပါစေ။
သင်တို့၏ညီအစ်ကိုများ၊
Governing Body of Jehovah’s Witnesses