ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
တိုးတက်နေတဲ့ အဖွဲ့အစည်းတစ်ခု
၂၀၁၃၊ ဇူလိုင် ၅ ရက် သောကြာနေ့မှာ အမေရိကန်ဗေသလမိသားစုဟာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်တိုနီမောရစ်ရဲ့ စိတ်လှုပ်ရှားစရာ ဒီကြေညာချက်ကို ကြားခဲ့ရတယ်– “၂၀၁၃၊ ဇူလိုင် ၄ ရက် ကြာသပတေးနေ့မှာ ဘရွတ်ကလင်မှာရှိတဲ့ ၁၁၇၊ အာဒမ်စ်လမ်းနဲ့ ၉၀ စဲန်းလမ်းမှာရှိတဲ့ အဆောက်အဦခြောက်ခုကို ရောင်းဖို့ သဘောတူခဲ့တယ်။ ရောင်းမယ့် အဆောက်အဦအမှတ် ၁ ကနေ ၅ ရဲ့ အထဲမှာရှိတာတွေကို ဒီနှစ်သြဂုတ်လလယ်မှာ ပြောင်းရွှေ့ရမယ်။”
အဆောက်အဦအမှတ် ၃ ရဲ့ ခြောက်ထပ်နဲ့ ခုနစ်ထပ်မှာရှိတဲ့ အဝတ်လျှော်ဌာနတွေကိုတော့ ၂၀၁၄ နှစ်လယ်အထိ ဆက်အသုံးပြုဦးမယ်လို့ ညီအစ်ကိုမောရစ်က ပြောပြတယ်။ “၂၀၁၇ ခုနှစ်အတွင်းမှာ ၉၀ စဲန်းလမ်း အဆောက်အဦကနေ ထွက်ရမှာဖြစ်တယ်” လို့ သူကပြောတယ်။
ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကို နယူးယောက်မြို့ကနေ နယူးယောက်၊ ဝေါဝစ်မှာရှိတဲ့ ၂၅၃ ဧကကျယ်တဲ့ နေရာကိုပြောင်းမှာဖြစ်လို့ ဒီအဆောက်အဦခြောက်ခုကို ရောင်းလိုက်တာဖြစ်တယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အသင့်ပြင်ဖို့နဲ့ မြေတူးဖို့ ခွင့်ပြုချက်တွေမရသေးဘူး။
ဒါကြောင့် အမေရိကန်ဗေသလအိမ်သားတွေဟာ ဇူလိုင် ၁၈ ရက် ကြာသပတေးနေ့မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် မာ့ခ် ဆန်ဒါဆင်ရဲ့ ကြေညာချက်ကို မျှော်လင့်တကြီး စောင့်နေကြတယ်။ သူ ဒီလိုပြောခဲ့တယ်– “ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့၊ ညနေမှာ ဝေါဝစ် စီမံကိန်းဘုတ်အဖွဲ့ဟာ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်အသစ်စီမံကိန်းကို ဆောက်လုပ်ဖို့ တညီတညွတ်တည်း သဘောတူလိုက်တယ်ဆိုတာ ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။ ဒါက ဆောက်လုပ်ရေးလုပ်ငန်းကို အစပြုဖို့ လိုအပ်တဲ့ နောက်ဆုံးခွင့်ပြုချက်ဖြစ်တယ်။ ခွင့်ပြုချက်ရတဲ့ညနေက ဝေါဝစ်ကမြေကွက်ကို ဝယ်ယူခဲ့တာ လေးနှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်နေလို့ စိတ်ဝင်စားစရာပါပဲ။ အဲဒီအပြင် ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်အတွင်းမှာ ဒီခွင့်ပြုချက်ရဖို့ အကြောင်းဖန်လာတာတွေက ယေဟောဝါကောင်းချီးပေးနေတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တယ်။” ဒီအရေးကြီးတဲ့စီမံကိန်းအတွက် မမောနိုင်မပန်းနိုင် လုပ်ဆောင်ခဲ့သူတွေနဲ့ အဲဒီအတွက် ထက်ထက်သန်သန် ဆုတောင်းခဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ညီအစ်ကို ဆန်ဒါဆင်က ပြောခဲ့တယ်။ “ကမ္ဘာ့ဌာနချုပ်ကို ဝေါဝစ်၊ နယူးယောက်ကို ပြောင်းရွှေ့တဲ့ အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်အတွက် အဓိကအနေနဲ့ ယေဟောဝါကို ချီးမွမ်းပြီး ကျေးဇူးတင်ပါတယ်” လို့ သူပြောခဲ့တယ်။
ဇူလိုင် ၂၆ ရက်၊ သောကြာနေ့မှာ ညီအစ်ကိုမောရစ်ဟာ ဝေါဝစ်စီမံကိန်းမှာ လုပ်ဆောင်နေသူတွေ စုဝေးရာနေရာဖြစ်တဲ့ တက်စီဒိုးရဲ့ စားသောက်ခန်းအသစ်မှာ ဗေသလအိမ်သားနဲ့ ဒေသန္တရဆောက်လုပ်ရေးကော်မတီက ညီအစ်ကို ၁,၀၀၀ နဲ့တွေ့ခဲ့တယ်။ အားပေးမှုဖြစ်စေတဲ့ ကျမ်းစာဟောပြောချက်တစ်ခု ဟောပြီးသွားတဲ့အခါ ညီအစ်ကိုမောရစ်က ကြေညာစရာတစ်ခုရှိတယ်လို့ ပြောတယ်။ ညီအစ်ကိုမောရစ်က “ကျွန်တော့်လက်ထဲမှာ ခင်ဗျားတို့ကို ပြောပြစရာတစ်ခုရှိတယ်။ ဒါကို ခုနလေးကမှ ရထားတယ်။ ဒီစာရွက်ရဲ့အပေါ်ပိုင်းမှာ ‘အဆောက်အဦဆောက်လုပ်ခွင့်’ လို့ရေးထားတယ်” လို့ ပြောတယ်။ သူဆက်မပြောသေးခင်မှာပဲ စေတနာ့ဝန်ထမ်းတွေရဲ့ ကျယ်လောင်လွန်းတဲ့လက်ခုပ်သံတွေကို ကြားရတော့တယ်။ အားလုံးပျော်သွားဖို့အတွက် ညီအစ်ကိုမောရစ်က လွန်ခဲ့တဲ့ သုံးနာရီကမှရခဲ့တဲ့ ဝေါဝစ်မြို့က ထုတ်ပေးလိုက်တဲ့ အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ်ကို ဆက်ဖတ်ပြခဲ့တယ်။
ဝေါလ်ကီး၊ ဝေါဝစ်နဲ့ တက်စီဒိုးမှာ ဘာတွေလုပ်နေသလဲ
၂၀၀၉၊ ဩဂုတ်လမှာ ဝေါလ်ကီးကိုတိုးချဲ့တဲ့စီမံကိန်း စကတည်းက ညီအစ်ကိုညီအစ်မ ၂,၈၀၀ ဟာ အဲဒီမှာ ယာယီစေတနာ့ဝန်ထမ်းတွေအဖြစ် အမှုဆောင်ခဲ့တယ်။ အဲဒီစီမံကိန်းမှာ လူနေအဆောက်အဦသစ်တစ်ခု၊ ကားဂိုဒေါင်တစ်ခုနဲ့ ရုံးအဆောက်အဦတစ်ခု ပါတယ်။ လက်ရှိ လူနေအဆောက်အဦတစ်ခုကို ပြန်ပြုပြင်နေတယ်၊ ပုံနှိပ်စက်၊ အဝတ်လျှော်ဌာန၊ စည်းဝေးခန်းမ၊ လုပ်ငန်းတော်ဌာနအဆောက်အဦနဲ့ ဧည့်ကြိုခန်းတွေကို ပြုပြင်နေတယ်။ ဝေါလ်ကီးက တိုးချဲ့ဆောက်လုပ်ရေးလုပ်ငန်းဟာ ၂၀၁၅ အကုန်ပိုင်းအထိ ဆက်သွားမယ်လို့ မျှော်လင့်ရတယ်။
တစ်ချိန်တည်းမှာ ဝေါဝစ်မှာရှိတဲ့ အနာဂတ်ကမ္ဘာ့ဌာနချုပ်ကိုလည်း စတင်ဆောက်လုပ်မှာဖြစ်တယ်။ အလုပ်စပြီး လအနည်းငယ်အတွင်းမှာ မြေညှိတာ၊ မြေတူးတာနဲ့ မြေအောက်နဲ့ဆိုင်တဲ့ အသုံးပြုစရာတွေကို တပ်ဆင်မြှုပ်နှံတာတွေ လုပ်ခဲ့တယ်။ မော်တော်ကား ပြုပြင်ထိန်းသိမ်းတဲ့အဆောက်အဦ၊ ဧည့်သည်တွေရဲ့ကား ရပ်နားတဲ့နေရာနဲ့ ပြုပြင်ထိန်းသိမ်းရေးအဆောက်အဦတွေ ဆောက်လုပ်တာကို ၂၀၁၃ နှစ်ကုန်ပိုင်းလောက်မှာ စတင်ခဲ့တယ်။ အဲဒီအဆောက်အဦသုံးခုကို ဆောက်လုပ်ရေးကာလမှာရော ပြီးသွားတဲ့အခါမှာပါ ဆက်အသုံးပြုမှာဖြစ်တယ်။ အဲဒီနောက် လူနေအဆောက်အဦတွေနဲ့ ရုံးခန်းတွေကို ၂၀၁၄ ခုနှစ်မှာ စတင်ဆောက်လုပ်ဖို့ အစီအစဉ်ရှိတယ်။
ဝေါဝစ်ရဲ့မြောက်ဘက် ခြောက်မိုင်အကွာမှာရှိပြီး ဧက ၅၀ ကျယ်တဲ့ တက်စီဒိုးဟာ “ဝေါဝစ်မှာတည်ရှိမယ့် အနာဂတ်ကမ္ဘာ့ဌာနချုပ်ကို ပံ့ပိုးပေးမယ့်နေရာတစ်ခု ဖြစ်တယ်” လို့ ဆောက်လုပ်ရေးစီမံကိန်း ကော်မတီအဖွဲ့ဝင် ကဲနက် ချဲနစ်ရှ်က ပြောတယ်။ “အဲဒီမှာ စေတနာ့ဝန်ထမ်းတချို့ နေကြမယ်။ သူတို့လိုအပ်တဲ့ အစားအသောက်တွေ၊ တခြားအရာတွေကို အဲဒီမှာပြင်ဆင်ပေးမယ်။ တက်စီဒိုးဆောက်လုပ်ရေးစီမံကိန်း အမြန်ပြီးဖို့အတွက် အမေရိကန်နိုင်ငံအရှေ့ပိုင်းက ဒေသန္တရဆောက်လုပ်ရေးကော်မတီက တချို့အလုပ်တွေကို ကူညီလုပ်ကိုင်ပေးနေတယ်။
နိုင်ငံတစ်ဝန်းမှာ လုပ်ဆောင်နေတဲ့ ဒေသန္တရ ဆောက်လုပ်ရေးကော်မတီက စေတနာ့ဝန်ထမ်းတွေဟာ အနာဂတ် ကမ္ဘာ့ဌာနချုပ်ဆောက်လုပ်ရေးမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေကြတယ်။ ကျွမ်းကျင်တဲ့ညီအစ်ကိုညီအစ်မတွေဟာ ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ယာယီစေတနာ့ဝန်ထမ်းတွေအဖြစ် လုပ်ဆောင်ဖို့ အသင့်ရှိနေကြတယ်။ ခင်ပွန်းဖြစ်သူ ပီတာနဲ့အတူ ပိုက်ဆက်ဌာနမှာ အလုပ်လုပ်နေတဲ့ လာစလီဘရွန်ဒိုက ဒီလိုပြောတယ်– “အတူတကွ ပူးပေါင်းလုပ်ဆောင်တာက တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးစေပြီး အချိန်အကြာကြီး သတိရနေမယ့် အမှတ်ရစရာတွေ ရရှိစေတယ်။”
မယ်လရီ ရာ့ရှ်မောက “ကျွန်မ အခု ဒီတက်စီဒိုး လျှပ်စစ်အဖွဲ့မှာ လုပ်နေတယ်။ ဒီမှာရှိနေတဲ့ စေတနာ့ဝန်ထမ်းအားလုံးကို မြင်တွေ့နေရပြီး သူတို့နဲ့အတူ အလုပ်လုပ်ရတာ နေ့တိုင်း စိတ်လှုပ်ရှားစရာကောင်းတယ်” လို့ပြောတယ်။
ကွင်စီ ဒေါ့စန်က “ဒါ တကယ့်အခွင့်ထူးပဲ။ ကျွန်တော် အများကြီးပေးဆက်ရမယ်လို့ ထင်နေပေမဲ့ တကယ်တော့ ကျွန်တော် အများကြီး ပြန်ရနေတယ်” လို့ပြောတယ်။
ညီအစ်ကို ချဲနစ်ရှ်က “ဒီပရောဂျက်မှာပါဝင်ရတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ ညီအစ်ကိုညီအစ်မတွေဟာ အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ အရည်အသွေးရှိရှိ လုပ်ကြတယ်၊ အဲဒီလိုလုပ်ရတာကို သူတို့အတိုင်းထက်အလွန် ပျော်ရွှင်နေကြတယ်” လို့ပြောတယ်။