ဝေါဝစ်၊ နယူးယောက် ကမ္ဘာ့ဌာနချုပ်
ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
စာတန့်လောကက ဘေးဆိုးတစ်ခုပြီးတစ်ခု ကြုံတွေ့နေချိန်မှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေကတော့ ‘သခင့်အလုပ်မှာ ဆက်အလုပ်များနေကြ’ တယ်။ (၁ ကော. ၁၅:၅၈) ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ “ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်” နေကြောင်း၊ “သစ္စာရှိရှိ ပြုမူ” နေကြောင်း အောက်ပါမှတ်တမ်းတွေက ဖော်ပြပါတယ်။—ဆာ. ၃၇:၃။
ကမ္ဘာ့ဌာနချုပ်နဲ့ ဌာနခွဲရုံး နေရာပြောင်းရွှေ့ခြင်း
နယူးယောက်ပြည်နယ်၊ ဝေါလ်ကီး အဆောက်အအုံ တိုးချဲ့မှု ပြီးစီးသွားတဲ့အတွက် အမေရိကန်ပြည်ထောင်စု ဌာနခွဲကော်မတီ၊ လုပ်ငန်းတော်ဌာန၊ တခြားဌာနတွေ အဲဒီကို ပြောင်းရွှေ့ခဲ့တယ်။ ဝေါဝစ်မှာရှိတဲ့ ကမ္ဘာ့ဌာနချုပ်အသစ် ဆောက်လုပ်မှုလည်း ပြီးစီးနေပြီဖြစ်လို့ ဘရွတ်ကလင် ဗေသလမိသားစုဝင်တွေဟာ နယူးယောက်မြို့ကနေ စတင် ပြောင်းရွှေ့နေကြပါပြီ။
၂၀၁၇ ခုနှစ်၊ ဧပြီ ၃ ရက်၊ တနင်္လာနေ့မှာ ဝေါဝစ်၊ ကမ္ဘာ့ဌာနချုပ်ကို လည်ပတ်ကြည့်ရှုဖို့ ဖွင့်လှစ်ပါတော့မယ်။ ကိုယ့်ဘာသာကိုယ် လိုက်လံကြည့်ရှုရမယ့် နေရာသုံးခုနဲ့ ဧည့်လမ်းညွှန် လိုက်ပြပေးမယ့် နေရာတစ်ခုတို့ ပါဝင်တယ်။
၁။ “ကျမ်းစာနဲ့ ဘုရားသခင့်နာမည်” ဆိုတဲ့ ကဏ္ဍမှာ ရှားပါးကျမ်းစာတွေကို ပြသထားပြီး ကျမ်းစာမှာ ဘုရားသခင့်နာမည် ပါရှိတာကို အလေးပေးဖော်ပြထားတယ်။
၂။ “ယေဟောဝါရဲ့ နာမည်အတွက် လူမျိုးတစ်မျိုး” ဆိုတဲ့ ကဏ္ဍမှာ ယေဟောဝါသက်သေတွေရဲ့ အမွေအနှစ် သမိုင်းကြောင်းကို ပြသထားပြီး မိမိအလိုတော် ထမ်းဆောင်ဖို့ လူမျိုးတော်ကို ယေဟောဝါ အဆင့်ဆင့် လမ်းပြ၊ သွန်သင်၊ စီစဉ်ဖွဲ့စည်းပေးပုံကို ဖော်ပြထားတယ်။
၃။ “ကမ္ဘာ့ဌာနချုပ်—ယုံကြည်ခြင်းလုပ်ရပ်” ဆိုတဲ့ ကဏ္ဍမှာ ယေဟောဝါရဲ့ လူမျိုး အတူစုဝေးနိုင်အောင်၊ တပည့်ဖြစ်စေနိုင်အောင်၊ ကျမ်းစာအကြောင်းအရာတွေ ရရှိနိုင်အောင်၊ အချင်းချင်း မေတ္တာပြနိုင်အောင် ကူညီပေးဖို့ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီတွေရဲ့ လုပ်ဆောင်မှုတွေကို ရှင်းပြထားတယ်။
ကိုယ့်ဘာသာကိုယ် လိုက်လံကြည့်ရှုရမယ့် အဲဒီသုံးခုကို တနင်္လာနေ့ကနေ သောကြာနေ့၊ မနက် ၈:၀၀ ကနေ ညနေ ၄:၀၀ အထိ ကြည့်ရှုနိုင်ပါမယ်။ ဧည့်လမ်းညွှန် လိုက်ပြပေးမယ့် မိနစ် ၂၀ ကြာ လည်ပတ်ကြည့်ရှုမှုကတော့ ရုံးအဆောက်အအုံရဲ့ တချို့အပိုင်းတွေနဲ့ ဗေသလဝင်းခြံ ဖြစ်ပါတယ်။ ဒီအကျဉ်းချုပ်လည်ပတ်မှုကိုတော့ တနင်္လာနေ့ကနေ သောကြာနေ့၊ မနက် ၈:၀၀ ကနေ ၁၁:၀၀ အထိ၊ နေ့လယ် ၁:၀၀ ကနေ ညနေ ၄:၀၀ အထိ လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
လည်ပတ်ဖို့ မစီစဉ်ခင် jw.org ဝက်ဘ်ဆိုက်ထဲက ကျွန်ုပ်တို့အကြောင်း > ရုံးများနဲ့ လည်ပတ်ကြည့်ရှုနိုင်တဲ့ အစီအစဉ်များ > အမေရိကန်ပြည်ထောင်စုမှာ ဝင်ကြည့်ပါ။