ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၅၁
  • ကြီးကောင်ဝင်ချိန်ကို ငါ ဘယ်လိုဖြတ်သန်းရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြီးကောင်ဝင်ချိန်ကို ငါ ဘယ်လိုဖြတ်သန်းရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြီးကောင်ဝင်တယ်ဆိုတာ ဘာလဲ
  • ကိုယ်ခန္ဓာအပြောင်းအလဲ
  • ခံစားချက်အပြောင်းအလဲ
  • သင် လုပ်ဆောင်နိုင်ရာ
  • ကြီးကောင်ဝင်ချိန်အကြောင်း သားသမီးတွေ နားလည်အောင် ကူညီပေးခြင်း
    နိုးလော့!—၂၀၁၆
  • ‘ငါဘာတွေဖြစ်နေပါလိမ့်’
    နိုးလော့!—၂၀၀၅
  • မာတိကာ
    နိုးလော့!—၂၀၁၆
  • ကလေးဘဝ အသော့နှင်ရချိန်ဝယ်
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၅၁
လူငယ်လေးတွေရဲ့ မျက်နှာမှာ ခံစားချက်အမျိုးမျိုး ပေါ်လွင်နေ

လူငယ်များအမေး

ကြီးကောင်ဝင်ချိန်ကို ငါ ဘယ်လိုဖြတ်သန်းရမလဲ

“အပျိုဖော်ဝင်ချိန်က မိန်းကလေးတွေအတွက် ပျော်စရာကောင်းတဲ့အချိန် မဟုတ်ဘူး။ နာကျင်ကိုက်ခဲပြီး နေမထိထိုင်မသာနဲ့ စိတ်ရှုပ်စရာကြီး။ ကျွန်မ လုံးဝမကြိုက်ဘူး။”​—အိုဆာနား။

“အခုပဲ ပျော်လိုက်၊ အခုပဲ ဝမ်းနည်းလိုက်နဲ့။ တခြားယောက်ျားလေးတွေ ဖြစ်မဖြစ်တော့ မသိဘူး။ ကျွန်တော်တော့ အဲဒီလိုခံစားနေရတယ်။”​—ဘရိုင်ယန်။

ကြီးကောင်ဝင်ချိန်က ရိုလာကိုစတာ စီးချိန်မှာ ခံစားရတဲ့ ခံစားချက်လိုပဲ။ စိတ်လှုပ်ရှားစရာကောင်းသလို ကြောက်ဖို့လည်း ကောင်းတယ်။ ခံစားချက်အပြောင်းအလဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။

  • ကြီးကောင်ဝင်တယ်ဆိုတာ ဘာလဲ

  • ကိုယ်ခန္ဓာအပြောင်းအလဲ

  • ခံစားချက်အပြောင်းအလဲ

  • သင် လုပ်ဆောင်နိုင်ရာ

ကြီးကောင်ဝင်တယ်ဆိုတာ ဘာလဲ

ရိုးရိုးလေးပြောရရင် ကိုယ်ခန္ဓာနဲ့ ခံစားချက် မြန်မြန်ဆန်ဆန် ပြောင်းလဲပြီး လူကြီးဖြစ်လာတာကို ဆိုလိုတယ်။ ဒီအဆင့်မှာ ကိုယ်ခန္ဓာပုံပန်းသွင်ပြင်နဲ့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်လာတာကြောင့် မျိုးပွားဖို့နဲ့ ကလေးမွေးဖို့ အသင့်ဖြစ်လာတယ်။

ဒါပေမဲ့ မိဘတစ်ဦးဖြစ်ဖို့ သင် အသင့်ဖြစ်နေပြီလို့ မဆိုလိုဘူး။ ကြီးကောင်ဝင်တာက သင်ဟာ ကလေးမဟုတ်တော့မှန်း ဖော်ပြနေတယ်။ ဒါကြောင့် ဝမ်းနည်းဝမ်းသာ ခံစားချက်နှစ်မျိုးစလုံး ခံစားရနိုင်တယ်။

ဉာဏ်စမ်း– အောက်ပါအသက်အရွယ်တွေထဲက ဘယ်အရွယ်လောက်မှာ ပုံမှန်အားဖြင့် ကြီးကောင်ဝင်သလဲ။

  • ၈

  • ၉

  • ၁၀

  • ၁၁

  • ၁၂

  • ၁၃

  • ၁၄

  • ၁၅

  • ၁၆

အဖြေ– ဖော်ပြထားတဲ့ အသက်အရွယ်အားလုံးဟာ ပုံမှန်အားဖြင့် ကြီးကောင်ဝင်တဲ့အချိန်တွေ ဖြစ်တယ်။

ဒါကြောင့် ဆယ်ကျော်သက် ဖြစ်နေပေမဲ့ အခုထိ ကြီးကောင်မဝင်သေးဘူးဆိုရင် ဒါမှမဟုတ် ဆယ်ကျော်သက်မဖြစ်ခင်ကတည်းက ကြီးကောင်ဝင်နေတယ်ဆိုရင် အစိုးရိမ်မလွန်ပါနဲ့။ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီက တစ်ဦးနဲ့တစ်ဦး မတူညီတာမို့ ကြီးကောင်ဝင်ချိန်ကလည်း မတူနိုင်ဘူး။

လူငယ်တွေ ရိုလာကိုစတာစီးနေ၊ တစ်ယောက်က ကြောက်နေ၊ တစ်ယောက်က စိတ်လှုပ်ရှားနေ၊ တစ်ယောက်က စိတ်ညစ်နေ

ကြီးကောင်ဝင်ချိန်က ရိုလာကိုစတာစီးချိန်မှာခံစားရတဲ့ ခံစားချက်လိုပဲ။ စိတ်လှုပ်ရှားစရာကောင်းသလို ကြောက်ဖို့လည်း ကောင်းတယ်။ ဒါပေမဲ့ ခံစားချက်အပြောင်းအလဲတွေကို သင် ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်

ကိုယ်ခန္ဓာအပြောင်းအလဲ

ကြီးကောင်ဝင်တာနဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကတော့ ကိုယ်ခန္ဓာကြီးထွားမှုပါပဲ။ ဒါပေမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး တစ်ပြိုင်တည်း ကြီးထွားလာတာတော့ မဟုတ်ဘူး။ ဒါကြောင့် သွားလာလှုပ်ရှားချိန်မှာ ကိုးရိုးကားရား ဖြစ်နေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ အချိန်တန်တဲ့အခါ ခန္ဓာကိုယ်က သူ့အလိုလို ပုံကျသွားပါလိမ့်မယ်။

ကြီးကောင်ဝင်လာချိန်မှာ တခြားအပြောင်းအလဲတချို့လည်း ရှိသေးတယ်။

ယောက်ျားလေးများ လူပျိုဖော်ဝင်ခြင်း–

  • မျိုးပွားအင်္ဂါတွေ ဖွံ့ဖြိုးလာခြင်း

  • ချိုင်း၊ ဆီးခုံနဲ့ မျက်နှာမှာ အမွေးအမျှင်များ ပေါက်လာခြင်း

  • အသံပြောင်းလဲခြင်း

  • လိင်စိတ်နိုးကြွပြီး ညဘက်မှာ သုတ်ရည်လွှတ်ခြင်း

မိန်းကလေးများ အပျိုဖော်ဝင်ခြင်း–

  • ရင်သားကြီးထွားလာခြင်း

  • ချိုင်း၊ ဆီးခုံမှာ အမွေးအမျှင်များ ပေါက်လာခြင်း

  • ရာသီလာခြင်း (မီးယပ်သွေး စပေါ်ခြင်း)

လူပျိုဖော်၊ အပျိုဖော်ဝင်ခြင်း–

  • ချွေးနဲ့ ဘက်တီးရီးယား ပေါင်းစပ်မှုကြောင့် ခန္ဓာကိုယ် အနံ့ဆိုးထွက်လာခြင်း

    အကြုံပြုချက်– မကြာခဏရေချိုးပြီး ချွေးနံ့ပျောက်ဆေး ဒါမှမဟုတ် ချွေးတိတ်ဆေး သုံးတာက ခန္ဓာကိုယ် အနံ့ဆိုးထွက်တာကို သက်သာစေတယ်။

  • အရေပြားရှိ အဆီဂလင်းအတွင်း ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့် ဝက်ခြံပေါက်ခြင်း

    အကြံပြုချက်– ဝက်ခြံမပေါက်အောင် တားဆီးလို့မရပေမဲ့ မကြာခဏ မျက်နှာသစ်ပေးတာ၊ အရေပြားသန့်စင်ဆေး သုံးပေးတာက ဝက်ခြံပေါက်တာ သက်သာစေတယ်။

ခံစားချက်အပြောင်းအလဲ

ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်ပြောင်းလဲလာပြီး ခံစားချက်ပါ ပြောင်းလဲလာနိုင်တယ်။ စိတ်ခံစားချက် အတက်အကျဖြစ်တာလည်း ရှိနိုင်တယ်။

“ဒီနေ့ ငိုလိုက်၊ နောက်နေ့ကျတော့ ရယ်လိုက်နဲ့။ တစ်အောင့်နေ စိတ်ဆိုးလိုက်၊ တစ်အောင့်နေ စိတ်ဓာတ်ကျပြီး အခန်းထဲအောင်းနေလိုက်နဲ့။”​—အိုဆာနား။

ကြီးကောင်ဝင်ချိန်မှာ လူငယ်အများစုဟာ လူတွေ သူတို့ကို စောင့်ကြည့်၊ ဝေဖန်နေသလိုခံစားရပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်တယ်။ အကြောင်းကတော့ ရုပ်ရည်အသွင်အပြင် နေ့ချင်းညချင်းပြောင်းလဲသွားလို့ပဲ။

“ကျွန်မ အရွယ်ရောက်လာတော့ တမင်တကာ ကုန်းကုန်းကိုင်းကိုင်းနေတယ်၊ ရှပ်အင်္ကျီပွပွတွေ ဝတ်တယ်။ ခန္ဓာကိုယ်ပြောင်းလဲနေတာကို သိပေမဲ့ စိတ်ထဲ မသက်မသာ ခံစားရတယ်၊ ရှက်လည်းရှက်တယ်။ တစ်မျိုးကြီးပဲ။”​—ဂျဲနက်စ်။

အကြီးမားဆုံး စိတ်အပြောင်းအလဲကတော့ ဆန့်ကျင်ဘက်လိင်ရှင်တွေအပေါ် အမြင်ပြောင်းသွားတာ ဖြစ်နိုင်တယ်။

“ယောက်ျားလေးတွေကို စိတ်ပျက်စရာကောင်းတယ်လို့ ကျွန်မ မမြင်တော့ဘူး။ တချို့ယောက်ျားလေးတွေဆို တအားဆွဲဆောင်မှုရှိတယ်၊ ရည်းစားထားတာက ဒီလောက်လည်း ဆိုးတဲ့အရာ မဟုတ်ဘူးလို့ မြင်လာတယ်။ သူငယ်ချင်းတွေ စကားပြောကြရင် ‘ဘယ်သူနဲ့ ဘယ်သူကြိုက်နေတယ်’ ဆိုတဲ့ အကြောင်းချည်းပဲ ပြောဖြစ်တယ်။”​—အဲလစ္စ။

ကြီးကောင်ဝင်ချိန်မှာ လူငယ်တချို့က လိင်တူချင်း စိတ်ဝင်စားတတ်ကြတယ်။ သင်လည်း အဲဒီလိုခံစားနေရရင် ကိုယ့်ကိုယ်ကိုယ် လိင်တူသမားတစ်ယောက်လို့ ချက်ချင်း မသတ်မှတ်လိုက်ပါနဲ့။ အချိန်တန်တဲ့အခါ အဲဒီလိုခံစားချက်တွေ တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။

“ကိုယ့်ကိုယ်ကိုယ် တခြားကောင်လေးတွေနဲ့ နှိုင်းယှဉ်လွန်းတာကြောင့် ကောင်လေးတွေကို ကျွန်တော် စိတ်ဝင်စားလာမိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း မိန်းကလေးတွေကို စိတ်ဝင်စားလာတယ်။ လိင်တူချင်း စိတ်ဝင်စားတဲ့ခံစားချက်က အတိတ်မှာကျန်ခဲ့ပါပြီ။”​—အယ်လန်။

သင် လုပ်ဆောင်နိုင်ရာ

  • အကောင်းမြင်စိတ်ရှိအောင် ကြိုးစားပါ။ ကြီးကောင်ဝင်ချိန်မှာ ခန္ဓာကိုယ်နဲ့ ခံစားချက်အပြောင်းအလဲတွေ ကြုံကိုကြုံရမှာပဲ။ ဒါပေမဲ့ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံ” တယ်လို့ ပြောတဲ့ ကျမ်းရေးသူ ဒါဝိဒ်ရဲ့ စကားတွေကနေ ယုံကြည်စိတ်ချမှု ရနိုင်ပါတယ်။—ဆာလံ ၁၃၉:၁၄။

  • ခန္ဓာကိုယ်အသွင်အပြင်နဲ့ပတ်သက်ပြီး နှိုင်းယှဉ်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လွန်းတာမျိုး မလုပ်ပါနဲ့။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ဓမ္မရာဇဝင် ၁၆:၇။

  • လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပြီး လုံလောက်စွာ အနားယူပါ။ သင်အိပ်ရေးဝတယ်ဆိုရင် စိတ်ဆိုးတာ၊ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတို့ သိပ်မဖြစ်တော့ဘူး။

  • အပျက်သဘောထားကို တွန်းလှန်ပါ။ လူတိုင်းက သင့်ကို တကယ်ပဲ မျက်လုံးဒေါက်ထောက် ကြည့်နေလို့လား။ သင့်ခန္ဓာကိုယ် အပြောင်းအလဲနဲ့ပတ်သက်ပြီး လူတွေ အမျိုးမျိုးပြောရင်တောင် စိတ်ထဲမထားပါနဲ့။ “သူတစ်ပါး ပြောသမျှသောစကားတို့ကို မမှတ်နှင့်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒေသနာ ၇:၂၁။

  • လိင်စိတ်နိုးကြွလာတဲ့အခါ ထိန်းချုပ်တတ်အောင် သင်ယူပါ၊ ဒါမှ အမှားမလုပ်မိမှာ ဖြစ်တယ်။ “မတရားမေထုန်ပြုခြင်းအမှုမှ ရှောင်ပြေးကြလော့။ . . . မတရားမေထုန်ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ကောရိန္သု ၆:၁၈။

  • မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့သူဆီ ရင်ဖွင့်ပြောပါ။ အဲဒီလိုပြောဖို့ အစမှာ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့ အကြံဉာဏ်တွေက သင့်အတွက် တကယ်အကျိုးရှိတယ်။—သုတ္တံ ၁၇:၁၇။

သိထားသင့်တဲ့ အဓိကအချက်– ကြီးကောင်ဝင်ချိန်ဟာ စိန်ခေါ်ချက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီအချိန်က သင့်ကို ကာယ၊ ဉာဏပိုင်းမှာသာမက ဘုရားရေးရာဘက်မှာပါ တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ အချိန်အခါကောင်းလည်း ဖြစ်ပါတယ်။—၁ ဓမ္မရာဇဝင် ၂:၂၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ